DVB Logo
Home
မြန်မာသတင်း
စောင့်ကြည့် ဖမ်းဆီးမှုများကြောင့် ပြင်ပဒေါ်လာဈေး ၂၉၀၀ အောက်ပြန်ကျရိပ်ပြ
DVB
·
August 22, 2022
စောင့်ကြည့် ဖမ်းဆီးမှုများကြောင့် ပြင်ပဒေါ်လာဈေး ၂၉၀၀ အောက်ပြန်ကျရိပ်ပြ
Donate to DVB

ဒေါ်လာဝယ်ရောင်းသမားတွေကို လိုက်လံစုံစမ်း၊ စစ်ဆေးဖမ်းဆီးတာတွေရှိနေတာကြောင့် ပြင်ပဒေါ်လာဈေး ၂၉၀၀ အောက် ပြန်ကျဆင်းခဲ့တယ်လို့ ဈေးကွက်အတွင်းက သိရှိရပါတယ်။

ပြီးခဲ့တဲ့ သီတင်းပတ်က  နိုင်ငံခြားငွေဈေးကွက်မှာ ပြင်ပဒေါ်လာဈေး တဒေါ်လာကို ၂၉၀၀ အထက် ကျပ် ၃၀၀၀ အောက်မှာရှိခဲ့ပါတယ်။ ဒီကနေ့မှာတော့ ၁၈၁၀ ကနေ ၁၈၉၀ ကြားမှာပဲ  ကြိုက်ရောင်း၊ ကြိုက်ဝယ်ပုံစံနဲ့ အရောင်းအဝယ် ဖြစ်နေပါတယ်။

မြန်မာ့စီးပွားရေး လေလာစောင့်ကြည့်သူ တဦးက “စကစက စောင့်ကြည့်ပြီး အရေးယူနေတော့ အရောင်းအဝယ်တွေ နည်းသွားပြီး ဈေးခဏပြန်ကျသွားတဲ့ သဘော။ ပြန်တက်မှာပါ။ အရာရာဝယ်သုံးနေရတဲ့ တိုင်းပြည်မှာ Export ကလည်းကျ၊ FDI က မဝင်၊ စစ်စရိတ်ကလည်း ထောင်းဆိုတော့ ကျဖို့ကတော့ မဖြစ်နိုင်ဘူး။ ရှေ့ဆက်ပိုဆိုးမှာ” လို့ မှတ်ချက်ပြုပါတယ်။

စစ်အာဏာသိမ်းပြီးနောက် မြန်မာနိုင်ငံမှာ ဒေါ်လာ၊ ရွှေ၊ လောင်စာဆီနဲ့ အထွေထွေကုန်ဈေးနှုန်းတွေ  ထိန်းမရနိုင်အောင် မြင့်တက်လာပါတယ်။ စစ်ကောင်စီ ဗဟိုဘဏ်က ဒေါ်လာငွေလဲနှုန်းအပေါ် ထိန်းချုပ်နိုင်ဖို့ အစီအမံ၊ မှုဝါဒမျိုးစုံကို  ချမှတ်လုပ်ဆောင်နေတဲ့ကြားက အခုလို မကြုံစဖူး မြင့်တက်နေတာပါ၊၊

စစ်ကောင်စီ ဗဟိုဘဏ်က တစ်ဒေါ်လာကို ၁၈၅၀ ကျပ်နဲ့ ကန့်သတ်ခဲ့ပြီးတဲ့နောက် မှောင်ခိုဈေးကွက်မှာ ဒေါ်လာဈေး ထိုးတက်လာတဲ့အတွက် တစ်ဒေါ်လာ ၂၁၀၀ ကျပ်ကို ဩဂုတ် ၅ ရက်ကစတင်ပြီး တိုးမြှင့် သတ်မှတ်ပါတယ်။ အဲဒီနောက် ၀.၃ ရာခိုင်နှုန်း အတိုး၊ အလျှော့နဲ့သာ အရောင်းအဝယ်ပြုလုပ်ဖို့ အမိန့်ထုတ်ပြန်ပါတယ်။ တချိန်တည်းမှာပဲ ပို့ကုန်ရငွေတွေကို ဗဟိုဘဏ်သတ်မှတ်နှုန်းနဲ့ တရက်အတွင်း လဲလှယ်ရမယ်ဆိုတဲ့ သတ်မှတ်ချက်ကနေ ၃၅ ရာခိုင်နှုန်ူးကို ဖြေလျှော့ပေးလိုက်ပါတယ်။

ဒါ့အပြင် စစ်ကောင်စီက သူတို့ခန့်အပ်ထားတဲ့ မြန်မာနိုင်ငံတော် ဗဟိုဘဏ် ဥက္ကဋ္ဌ  ဦးသန်းညိန်းနဲ့  ဒုဥက္ကဋ္ဌ  ဦးဝင်းသော်တို့ကို တာဝန်ကနေ အနားယူခွင့်ပြုလိုက်ကြောင်း ပြီးခဲ့တဲ့ရက်ပိုင်းက ထပ်မံထုတ်ပြန်လာပါတယ်။

အဲဒီလို ဒေါ်လာဈေးထိန်းချုပ်နိုင်ဖို့ မူဝါဒ မျိုးစုံချမှတ်နေပေမဲ့ ပြင်ပဈေးကွက်မှာ ဒေါ်လာဈေးက ထင်သလိုမကျဘဲ ကျပ် ၂၉၀၀ အထက်၊ ၃၀၀၀ ဝန်းကျင်ထိ မြင့်တက်လာပါတယ်။ အခုရက်ပိုင်းမှာတော့  ဒေါ်လာဝယ်ရောင်းသမားတွေကို လိုက်လံစုံစမ်း၊ စစ်ဆေးဖမ်းဆီး တာတွေရှိနေတာကြောင့် တစ်ဒေါ်လာ ၁၈၀၀ အထက် ကျပ် ၂၉၀၀ အောက်ကို ပြန်လည် ကျဆင်းခဲ့တာဖြစ်ပါတယ်။

စစ်ကောင်စီဟာ ဒေါ်လာဈေးတည်ငြိမ်စေဖို့အတွက် ကုန်သွယ်မှုလိုငွေကို လျှော့ချတဲ့အနေနဲ့  ကားတင်သွင်းမှုကို ပိတ်ခဲ့ပြီး၊ အခြားသွင်းကုန် တင်သွင်းမှုတွေ အပေါ်မှာလည်း ကန့်သတ်ခဲ့ပါတယ်။ 

ဒါ့အပြင် ပြည်ပကနေ အဓိကဝယ်ယူသုံးစွဲနေရတဲ့ စက်သုံးဆီနဲ့ စားအုန်းဆီ တင်သွင်းမှုကိုလည်း လျှော့ချသွားမယ်လို့ အသိပေးကြေညာထားပါတယ်။ လက်ရှိမှာတော့ ကားဈေး၊ စက်သုံးဆီနဲ့ စားအုန်းဆီဈေးတွေအပြင် လုပ်ငန်းသုံးကုန်ကြမ်းပစ္စည်းတွေ၊ စားသောက်ကုန်ပစ္စည်းတွေလည်း စံချိန်တင်ဈေး ထိုးတက်နေပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013