DVB Logo
Home
မြန်မာသတင်း
ဒီဗွီဘီသတင်းထောက် ဦးဇော်ဖေ အယူခံ ပယ်ချခံရ
DVB
·
April 18, 2014
ဒီဗွီဘီသတင်းထောက် ဦးဇော်ဖေ အယူခံ ပယ်ချခံရ
Donate to DVB

သတင်းယူရင်း ဖမ်းဆီးထောင်ချခံခဲ့ရတဲ့ မကွေးမြို့ခံ ဒီဗွီဘီသတင်းထောက် ဦးဇော်ဖေရဲ့ အမှုအတွက် အယူခံကို ခရိုင်တရားရုံးက ပယ်ချလိုက်တယ်လို့ သူရဲ့ အမှုလိုက်ရှေ့နေက ပြောပါတယ်။

သရက်ထောင်မှာ အကျဉ်းချခံထားရတဲ့ ဒီဗွီဘီသတင်းထောက် ဦးဇော်ဖေနဲ့ အကူအညီ ပေးသူ ကျောင်းသားမိဘတဦးဖြစ်တဲ့ ဦးဝင်းမြင့်လှိုင်တို့အတွက် ဧပြီ ၉ ရက်နေ့က မကွေးခရိုင် တရားရုံးမှာ အယူခံဝင်ရာမှာ တရားရုံးက အကျဉ်းနည်းနဲ့ ပလပ်လိုက်တာ ဖြစ်ပါတယ်။

Ko Zaw Peဦးဇော်ဖေတို့ ပြန်လည်လွတ်မြောက်ရေးအတွက် တရားဥပဒေကြောင်းအရ ကြိုးပမ်း ဆောင်ရွက်ပေးနေတဲ့ ဥပဒေအကျိုးဆောင် အထက်တန်းရှေ့နေ ဦးသိန်းထွန်းက အယူခံဝင်မှု အခြေအနေနဲ့ ပတ်သက်ပြီး အခုလို ပြောပါတယ်။

“၉ ရက်နေ့က ကျနော်တို့က မကွေးခရိုင်တရားရုံးကို ကိုဇော်ဖေနဲ့ ကိုဝင်းမြင့်လှိုင်အတွက် အယူခံ တင်လိုက်တယ်။ ပြစ်မှုဆိုင်ရာ အယူခံ ပုဒ်မ ၁၅ နဲ့ တင်လိုက်တယ်။ အဲဒီနေ့မှာပဲ ကျနော်တို့က ဒီအမှုကို လက်ခံကြားနာသင့် မသင့် လျှောက်လဲချက်ပေးလိုက်ရတယ်။ လျှောက်လဲချက်ပေးတော့ ပယ်လိုက်တယ်။ လက်ခံ မကြားနာတော့ဘူး။ အမှုပလပ်တယ်ဆိုတာက အောက်ရုံက မကွေးမြို့နယ်တရားရုံးက စစ်ခဲ့တဲ့ အမှုတွဲကြီး တောင်းပြီးတော့ မကြည့်တော့ဘူးပေါ့။ အမှု အရည်အသွေး၊ အမှုအသွားအလာအရ မဆုံးဖြတ်တော့ပဲနဲ့ ဒါကို အကျဉ်းနည်းနဲ့ ပယ်လိုက်တာပေါ့။”

အခုလို ခရိုင်ရုံးက အယူခံ ပယ်ချခံရတဲ့အတွက် မကွေးတိုင်းတရားလွှတ်တော်ရုံးမှာ ဧပြီ ၁၁ ရက်နေ့က အယူခံ ထပ်တင်ထားပြီး အမှုအတွက် တရားရုံးက လက်ခံကြားနာမယ်၊ မနာဘူးဆိုတာကိုတော့ မသိရသေးဘူးလို့ ရှေ့နေက ပြောပါတယ်။

တကယ်လို့ တိုင်းတရားရုံးက ပယ်ချလိုက်ပါက နေပြည်တော် ပြည်ထောင်စု တရားလွှတ်တော်ချုပ်နဲ့ အထူးအယူခံအဆင့်တွေထိ ဆက်တက်ပြီး အယူခံဝင်သွားမယ်လို့ ဆိုပါတယ်။

ဂျပန်နိုင်ငံက ပေးတဲ့ ပညာသင်ဆုနဲ့ ပတ်သက်ပြီး သတင်းသွားယူတဲ့ ဦးဇော်ဖေ (ခ) ဦးသူရသက်တင်ကို မကွေးမြို့နယ် ပညာရေးမှူးရုံးက ၀တ္တရားနှောက်ယှက်မှု၊ ပိုင်နက် ကျူးလွန်မှုတွေနဲ့ ပြီးခဲ့တဲ့ ဧပြီ ၇ ရက်က ထောင်ဒဏ် ၁ နှစ် ချမှတ်ထားတာ ဖြစ်ပါတယ်

ဥပဒေပညာရှင် တရားလွှတ်တော်ရှေ့နေ ဦးအောင်သိန်းကတော့ အများပြည်သူနဲ့ သက်ဆိုင်တဲ့နေရာတွေမှာ ၀င်ရောက် သတင်းယူတာကို ခုလို အရေးယူတာဟာ ဆီလျော်မှု မရှိဘူးလို့ ပြောပါတယ်။

“အများပြည်သူဆိုင်ရာနဲ့ပတ်သက်ရင် ကျူးကျော်မှုဆိုတာ ပြောလို့ မရဘူး။ သူ့ဘက်ကနေပြီးတော့ ဘယ်လောက်ပဲ စိတ်ညိုညင်အောင် လုပ်သည့်တိုင်အောင် အဲဒီလိုမျိုး စွဲလို့မရဘူး။ နောက်တခါ ၀တ္တရားနှောင့်ယှက်တယ်ဆိုတဲ့ ဥစ္စာကလည်း သူ့ရဲ့ လုပ်ငန်းတာဝန် ဆောင်ရွက်မှုနဲ့ ပတ်သက်ပြီးတော့ ဖြေရှင်းဖို့ သွားရောက် မေးမြန်းတဲ့ ကိစ္စမှာ သူ့ဝတ္တရားကိုလည်း နှောင့်ယှက်တယ်တာလည်း မပေါ်ပေါက်နိုင်ဘူး။ ဒါတွေက ပွင့်ပွင့်လင်းလင်းပြောရရင်တော့ တရားရုံးကို အုပ်ချုပ်ရေး အာဏာပိုင်တွေက အသုံးချတယ်လို့ အဲဒီလို မြင်တယ်။”

အလားတူ မြန်မာနိုင်ငံက စာရေးဆရာတွေ၊ စာနယ်ဇင်းသမားတွေနဲ့ ဖွဲ့စည်းထားတဲ့ PEN Myanmar အဖွဲ့ကလည်း ဒီဗွီဘီသတင်းထောက် ဦးဇော်ဖေကို ရာဇ၀တ်မှုတွေနဲ့ တရားစွဲဆို ထောင်ချတာကို အပြင်းအထန် ဆန့်ကျင်ကန့်ကွက်ကြောင်းနဲ့ ပြည်သူတွေရဲ့ သတင်း သိပိုင်ခွင့်ကို ဖြည့်ဆည်း အားထုတ်တဲ့ သတင်းမီဒီယာသမားတွေကို ခြိမ်းခြောက် အနိုင်အထက်ပြုမှု ဖြစ်တယ်လို့ ဒီနေ့ ကြေညာချက် ထုတ်ပြန်လိုက်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013