DVB Logo
Home
မြန်မာသတင်း
မြန်မာရွှေ့ပြောင်းအလုပ်သမားများ စီးနင်းလာသော ကား ၃ စီး ထိုင်းစစ်ဆေးရေးဂိတ်တွင် ပိတ်ဆို့ ဆန္ဒပြ
DVB
·
April 18, 2014
မြန်မာရွှေ့ပြောင်းအလုပ်သမားများ စီးနင်းလာသော ကား ၃ စီး ထိုင်းစစ်ဆေးရေးဂိတ်တွင် ပိတ်ဆို့ ဆန္ဒပြ
Donate to DVB

ရွှေ့ပြောင်းအလုပ်သမားတွေ စီးနင်းလိုက်ပါလာတဲ့ မှန်လုံကား ၃ စီးဟာ တာ့ခ်ခရိုင် မဲဆောက်မြို့နယ် အမှတ် ၆ စစ်ဆေးရေးဂိတ်က ထိုင်းရဲတွေရဲ့ ပြုမူဆောင်ရွက်ချက်တွေ မကျေနပ်တဲ့အတွက် ပိတ်ဆို့ဆန္ဒပြခဲ့ကြပါတယ်။

ဒွိုင်မူးဆေးဈေးအနီး အာရှလမ်းမကြီးပေါ်မှာ ရှိတဲ့ အမှတ် ၆ ဂိတ်က ထိုင်းရဲတွေဟာ ခရီးသွားတွေကို စစ်ဆေးရာမှာ တရားဝင် ယာယီ နိုင်ငံကူးလက်မှတ်ရှိသူတွေ၊ အလုပ်သမား လက်မှတ်ရှိသူတွေပါမကျန် အကြောင်းပြချက် အမျိုးမျိုးနဲ့ ခြိမ်းခြောက်ငွေ ညှစ်လေ့ရှိတဲ့အတွက် ဧပြီ ၁၇ ရက်နေ့ ည ၉ နာရီအချိန်မှာ ပိတ်ဆို့ ဆန္ဒပြခဲ့တယ်လို့ ကားသမားတဦးက ဒီဗွီဘီကို ပြောပါတယ်။

Maesot Carမြန်မာပြည်က မွန်အလုပ်သမားအများစုပါတဲ့ ပေါင်မုန့်ကား ၃ စီးဟာ မဲဆောက် သောင်ရင်း မြစ်ကမ်းနဖူးပေါ်ကနေ ဘန်ကောက်ကို သွားဖို့ ဖြစ်ပြီး အဲဒီဂိတ်မှာ မိနစ် ၂၀ လောက် ပိတ်ဆို့ ဆန္ဒပြခဲ့တဲ့အတွက် ဂိတ်တဘက်တချက်က ယာဉ်ကြီးယာဉ်ငယ် အစီးပေါင်း ၂၀ ကျော် သွားလာလို့ မရဘဲ ပိတ်ဆို့သွားတယ်လို့ ဆန္ဒပြနေရာကို ရောက်ခဲ့သူ ဒီဗွီဘီသတင်းထောက် ဦးဖိုးစီက ပြောပါတယ်။

“ဘန်ကောက်ကနေ မဲဆောက်၊ မဲဆောက်ကနေ ဘန်ကောက် သွားတဲ့လာတဲ့ မြန်မာပြည်သား ရွှေ့ပြောင်းအလုပ်သမားတွေ စီးတဲ့ကားတွေကို ရဲဂိတ်ကနေ ပိုက်ဆံတောင်းတာပေါ့နော်။ ၃၀၀ ဖြစ်ဖြစ် ၅၀၀ ဖြစ်ဖြစ် ၁၀၀၀ ဖြစ်ဖြစ် တောင်းကြတယ်။ တရားဝင် ပတ်စ်စပို့ရှိတဲ့ အလုပ်သမားတွေကို တင်တဲ့ ကား၊ ကားကလည်း တရားဝင်လိုင်စင်နဲ့ သွားလာတဲ့ ဘတ်စ်ကားတို့ မြန်မာလိုခေါ်ရင် ပေါင်မုန့်ကားတွေကို အဓိက ထားပြီးတော့ တောင်းတာများတယ်။ အဲဒီအတွက် မဲဆောက်ကနေ ထွက်သွားတဲ့ ပေါင်မုန့်ကားတွေကို ပိုက်ဆံတောင်းတာများတဲ့အပေါ်မှာ ဂိတ်တွေကလည်း များတယ်ဆိုတော့ ဂိတ်များတော့ တွက်ခြေမကိုက်ဘူးပေါ့။ သူတို့ကလည်း တရားဝင်ဆိုတော့ သူတို့ ပေါင်မုန့်ကားတွေက သလပ်မူဆဲ စစ်ဆေးရေးဂိတ်မှာ သပိတ်မှောက်တယ်။ သပိတ်မှောက်တာတဲ့ပုံကတော့ ဘန်ကောက်လာတဲ့ ကားတွေကို မဲဆောက်မ၀င်ရအောင်၊ မဲဆောက်ကနေ သွားတဲ့ ကားတွေကို တာခ့်ကို ကျော်လို့ မရအောင် သပိတ်မှောက်တာပေါ့။ သူတို့ သပိတ်စ မှာ မနေ့ည ၉ နာရီကျော်မှာ သပိတ်မှောက်တယ်။ သပိတ်မှောက်တာ မိနစ် ၂၀ လောက်ကြာတယ်။ အဓိကတော့ တရားဝင် မြန်မာနိုင်ငံသားတွေ ကိုင်ထားတဲ့ ပတ်စ်ပို့တွေကို ဘန်ကောက် ၀င်ဖို့ တောင်းဆိုတယ်။”

မဲဆောက်ကနေ တာ့ခရိုင်အထွက် အဲဒီလို ဖြတ်သန်းရတဲ့ ဂိတ်ပေါင်း ၄ ခုရှိပြီး နေရာတိုင်းလို စစ်ဆေးငွေ တောင်းခံရတာ အမြဲလို ဖြစ်နေကြောင်းနဲ့ ဒီဆန္ဒပြမှုဟာ ပထမဆုံးအကြိမ် ဖြစ်ပြီး နောက်ကို ရဲတွေ ငွေဆက်ညှစ်နေမယ်ဆိုရင် ဒီထက် အချိန်ပို ကြာအောင် ပိတ်ဆို့ ဆန္ဒပြဦးမယ်လို့ ကားသမားက ဦးဖိုးစီကို ပြောသွားတယ်လို့ ဆိုပါတယ်။

အဲဒီခရီးလမ်းမှာ အတွေ့အကြုံရှိသူ ဘန်ကောက် ရန်းဆစ်တက္ကသိုလ်က မြန်မာကျောင်းသား စောထွန်းထွန်းဦးကလည်း မဲဆောက်အ၀င် ဂိတ်ပေါင်း ၅ ခုတိုင်း မြန်မာပြည်သားတွေကို ဆင်းခိုင်းကြောင်း အထောက်အထားတွေ သေချာမစစ်ဘဲ အမှောင်ထဲ ခေါ်သွားပြီး ငွေထည့်ခိုင်းတယ်လို့ ပြောပါတယ်။

“ကျနော့် ပတ်စ်ပို့က ဗီဇာလည်း အမှန်ပဲ၊ အကုန်လုံး အမှန်ကြီးပဲ၊ ကျောင်းသားတယောက် ဖြစ်နေရဲ့သားနဲ့ မင်းပတ်စ်ပို့က မမှန်ဘူးဆိုပြီး အမှောင်ထဲကမှာ အတင်းပဲ တဲထဲကို သွားခိုင်းတယ်။ ရဲက မျက်နှာဖုံး စွပ်ထားတယ်။ ဓာတ်မီးကို လက်နဲ့ ကိုင်ထားတယ်။ ဓာတ်မီးအောက်မှာ ပုံးလေး တပုံးရှိတယ်။ ပုံးထဲမှာ ပိုက်ဆံအပြည့်ရှိတယ်။ အဲဒါနဲ့ ကျနော်က သူ့ကို ပတ်စ်ပို့ထပ်ပြတယ်။ မကြည့်ဘူးတဲ့ ပိုက်ဆံပဲ ထည့်တဲ့။ အဲဒါနဲ့ ၁၀၀ ထည့်လိုက်တယ်။ မဲဆောက်မြို့အ၀င် ဂိတ် ၅ ဂိတ်ရှိတယ်။ ၁ ဂိတ်မှာ ပိုက်ဆံပေးရတယ်။ ကျန်တဲ့ ဂိတ်မှာ ထိုင်းလိုပြောတော့ ပြန်လွှတ်ပေးတယ်။ ဒါပေမယ့် ကျနော့်အရှေ့က အလုပ်သမားတွေကတော့ ၁၀ ယောက်ရှိတယ်ဆိုရင် ၈ ယောက်လောက်က မလွတ်ဘူး။ အကုန်လုံး အမှောင်ထဲက တဲထဲကိုသွားပြီး ပိုက်ဆံထည့်ရတယ်။”

ဒီကိစ္စနဲ့ ပတ်သက်ပြီး တာ့ခ်ခရိုင် လ၀ကရဲရုံးကို မေးမြန်းရာမှာတော့ သတင်းအချက် အလက် အတိအကျ မရသေးလို့ ဖြေကြားဖို့ မရှိကြောင်း ဒီဗွီဘီကို ပြောသွားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013