DVB Logo
Home
မြန်မာသတင်း
မန္တလေးမြို့က ဝါရင့် သတင်းစာဆရာ၊ စာရေးဆရာ မောင်သစ်လွင် (လူထု) ကွယ်လွန်
DVB
·
August 20, 2022
မန္တလေးမြို့က ဝါရင့် သတင်းစာဆရာ၊ စာရေးဆရာ မောင်သစ်လွင် (လူထု) ကွယ်လွန်
1 / 2
Donate to DVB

ဝါရင့်သတင်းစာဆရာကြီး ၊ စာရေးဆရာ မောင်သစ်လွင် (လူထု) ဟာ  မန္တလေးမြို့မှာ ဩဂုတ်လ ၂၀ ရက် ညနေ ၄ နာရီက ကွယ်လွန်သွားပါတယ်။

ဆရာမောင်သစ်လွင် (လူထု) ဟာ လူကြီးရောဂါနဲ့ ကွယ်လွန်တာဖြစ်ပြီး ကွယ်လွန်ချိန်မှာ အသက် ၉၀ အရွယ်ရှိပြီဖြစ်ပါတယ်။

“လူကြီးရောဂါနဲ့ပဲဆုံးတာ။ ၂ နာရီ​မှာ အောက်ဆီဂျင်ကျပြီး ၄ နာရီမှာ ဆုံးသွားတာပါ။” လို့ ဆရာမောင်သစ်လွင် (လူထု) ရဲ့ နာရေးကို ကူညီပေးနေတဲ့ မန္တလေးမြို့က စာရေးဆရာတဦးက ပြောပါတယ်။

ဆရာမောင်သစ်လွင် (လူထု) ရဲ့ ဈာပနကို ဩဂုတ် ၂၁ ရက် နေ့လယ် ၂ နာရီမှာ အမရပူရမြို့နယ်၊ နန်းတော်ရာစံပြကွက်သစ်၊ မှန်တန်းရပ်၊ နယ်မြေ(၂) ၊ ခဝဲလမ်းရှိ နေအိမ်ကနေ တောင်အင်းမြောက်အင်း သုဿန်ကို ပို့ဆောင် သင်္ဂြိုဟ်မှာဖြစ်ပါတယ်။

ဆရာမောင်သစ်လွင် (လူထု) ကို ၁၉၃၄ ခုနှစ်၊  ချောက်မြို့မှာ ရေနံအလုပ်သမားမိဘက မွေးဖွားခဲ့ပြီး  ငယ်နာမည်မှာ မောင်သန်းငွေ ဖြစ်ပါတယ်။

၁၉၄၆ ခုနှစ် အထွေထွေသပိတ်ကြီးမှာ ကျောင်းသားသမဂ္ဂအနေနဲ့ ပါဝင်ဆင်နွှဲခဲ့ပြီး ၁၉၅၂ ခုနှစ်မှာ သွေးသောက်မဂ္ဂဇင်းက ကျင်းပတဲ့ ပထမဆုံး စာညွန့်ပြိုင်ပွဲမှာ သစ်လွင်(ချောက်) ကလောင်အမည်နဲ့ ဝင်ပြိုင်ခဲ့ရာ ဒုတိယဆု ရရှိခဲ့ပါတယ်။

၁၉၅၅-၅၆ မှာ သွေးသောက်မဂ္ဂဇင်းမှာ ထင်လတ် ကလောင်အမည်နဲ့ ဝတ္ထုတိုဆောင်းပါး၊ စာညွန့်တွေ ရေးသားခဲ့ပါတယ်။

၁၉၅၇ ခုနှစ်မှာ မန္တလေးမြို့က ထုတ်ဝေတဲ့ လူထုသတင်းစာတိုက်မှာ အယ်ဒီတာအဖြစ် သတင်းစာရပ်စဲသွားတဲ့အထိ ဝင်ရောက်လုပ်ကိုင်ခဲ့ပြီး ဂျာနယ်နဲ့ သတင်းစာပညာကို လူထုဦးလှ ၊ လူထုဒေါ်အမာ၊ အယ်ဒီတာ သူရ(ရှမ်းပြည်)နဲ့ စာပြင်ဆရာကြီး ဦးလေးဟန်တို့ထံမှာ သင်ကြားခဲ့ကာ လူထုသတင်းစာမှာ အခါအားလျော်စွာ ခေါင်းကြီး၊ နိုင်ငံတကာရေးရာဆောင်းပါးနဲ့ တခြားဆောင်းပါးတွေကို  ရေးခဲ့ပါတယ်။

အထက်မြန်မာနိုင်ငံ သတင်းစာဆရာအသင်းနဲ့  အထက်ဗမာနိုင်ငံ စာရေးဆရာအသင်းဝင် ဖြစ်ခဲ့ပြီး မောင်သစ်လွင် (လူထု)ကို    မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီက ၂၀၁၉ -၂၀၂၀ ခုနှစ်အတွက် တစ်သက်တာ သတင်းစာဆရာဆု ဂုဏ်ပြုချီးမြှင့်ခဲ့ပါတယ်။

ဆရာမောင်သစ်လွင် (လူထု) ဟာ စာအုပ်ပေါင်းများစွာ ရေးသားထုတ်ဝေနိုင်ခဲ့သလို နောက်ဆုံးအချိန်ထိ အမရပူရမြို့က နေအိမ်မှာ စာပေများစွာ ရေးသားခဲ့ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013