Home
မြန်မာသတင်း
စစ်ကိုင်းတိုင်းအတွင်း နေအိမ်များကို စစ်တပ်က မီးရှို့ဖျက်ဆီး၊ ရွှေဘို-ရေဦးကားလမ်းအား ပိတ်ပစ်
DVB
·
August 20, 2022

စစ်ကိုင်းတိုင်းအတွင်း စစ်ကောင်စီတပ်က စစ်ကြောင်းထိုးဝင်ရောက်ကာ နေအိမ်တွေကို မီးရှို့ဖျက်ဆီးနေသလို ရွှေဘို - ရေဦးသွား ကားလမ်းကိုလည်း ဩဂုတ် ၂၀ ရက် မနက် ၇ နာရီကစပြီး စစ်တပ်က ဂိတ်နှစ်ခုချ ပိတ်လိုက်တာကြောင့်  ခရီးသည်တင်ယာဉ်နဲ့ ဒေသတွင်းသွားလာတဲ့ ယာဉ်အားလုံး အခက်အခဲ ဖြစ်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ရေဦး-ရွှေဘိုသွားကားလမ်းပိုင်းကို ရွှေဘိုမြို့ဘက်က ဂိတ်တခု၊ ရေဦးမြို့ဘက်က ဂိတ်တခု ပြုလုပ်ကာ ဖြတ်သန်းသွားလာခွင့် ပိတ်ထားတာလို့ ဒေသခံတွေက ပြောပါတယ်။

“ဒီနေ့ မနက်က စပိတ်တာ။ ရွှေဘို-ညောင်ပင်သာ-ရေဦးလမ်းပိုင်းကို ပိတ်တာ။ ရွှေဘိုဘက်ကတော့ ပုရံလိပ်ချင်းတံတားကနေ ပိတ်တယ်။ ရေဦးဘက်ကတော့ စိုက်ပျိုးသိပ္ပံကျောင်းကနေပိတ်တယ်” ဒေသခံပြည်သူတဦးက ပြောပါတယ်။

အခုလို ကားလမ်းပိတ်လိုက်လို့ ရွှေဘိုဘက်မှာလည်း  ကုန်တင်ကားတွေ၊ ခရီသည်တင်လိုင်းကား တွေနဲ့ အိမ်စီးကားတွေပါ ပိတ်မိနေကာ ရေဦးမြိုဘက်မှာလည်း အခုလို ပိတ်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

အခုလိုစစ်ကောင်စီက ရေဦး-‌ရွှေဘိုလမ်းပိုင်းကို ဘယ်အချိန်အထိ ပိတ်ထားမယ်ဆိုတာကိုတော့ ထုတ်ဖော်ပြောတာမျိုး မရှိတာကြောင့် ခရီးအဝေးသွားရမဲ့ ကုန်တင်ယာဉ်ကြီးကားသမားတွေ အခက်အခဲဖြစ်နေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

စစ်ကိုင်းတိုင်းက ထီးချိုင့်မြို့နယ်မှာလည်း စစ်ကြောင်းထိုးလာတဲ့ စစ်တပ် တောတောင်တွင်း သာမက ကျေးရွာတွေထဲဝင်ကာ တော်လှန်ရေးရဲဘော်တွေကို ဝင်ရောက်ရှာဖွေနေတာကြောင့် တချို့နေရာတွေမှာ တိုက်ပွဲအပြင်းအထန်ဖြစ်ပွားတာတွေလည်း ရှိခဲ့ပါတယ်။

ဩဂုတ် ၁၉ ရက်က ထီးချိုင့်မြို့နယ်တောင်ပိုင်း ပိန္နဲကုန်းရွာနားမှာ စစ်ကောင်စီတပ်နဲ့ ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ်တို့ တိုက်ပွဲနှစ်ကြိမ်ဖြစ်ခဲ့သလို မြင်းမူမြို့နယ်မှာလည်း သြဂုတ် ၁၈ ရက်က ကင်းပုန်းဝတ်စစ်တပ် နဲ့  တိုက်ပွဲဖြစ်ခဲ့ပြီး  PDF ရဲဘော် နှစ်ယောက် ကျဆုံးခဲ့တယ်လို့ တော်လှန်ရေးအဖွဲ့အသီးသီးက သိရပါတယ်။

ပိန္နဲကုန်းရွာနားမှာ ဖြစ်ခဲ့တဲ့တိုက်ပွဲနဲ့ပတ်သက်လို့ ဒေသခံ ရွာသားတဦးက “တိုက်ပွဲက တောထဲမှာ ဖြစ်တာ။ နှစ်ဖက်ပစ်ကြတဲ့ အသံပဲ ကြားရတယ်။ ပထမအကြိမ်က ၁၂ နာရီကျော်က တကြိမ်ပစ်သံကြားရတယ်။ နောက်ဒုတိယအကြိမ်က ညနေပိုင်းမှာဖြစ်တာဗျ။ နှစ်ဖက်အကျဆုံးက တော့ မသိရဘူး။ ဒီနေ့လည်း စစ်တပ်ရော၊ ပြည်သူ့ကာကွယ်ရေးအဖွဲ့ရော အခုထိ ရှိနေတုန်းပဲ။ တိုက်ပွဲဖြစ်သံတော့ မကြားရသေးဘူး။ ဒေသခံတွေကတော့ စိုးရိမ်ပူပန်စိတ်တွေ နဲ့ ရွာထဲမှာနေ နေရတယ်” လို့  ဩဂုတ် ၁၉ ရက်က ပြောပါတယ်။

ဩဂုတ် ၁၈ ရက်နဲ့ ၁၉ ရက်တွေကလည်း ယင်းမာပင်မြို့နယ် ကပိုင်ကျေးရွာ၊ က/သီးကုန်းကျေးရွာ၊ ပေါင်းဝကျေးရွာနဲ့ ကဗြူကျေးရွာတွေက နေအိမ်တွေကို  စစ်တပ်က စစ်ကြောင်းထိုးရင်း မီးရှိုဖျက်ဆီးခဲ့တယ်လို့ ရွာတွေက ထွက်ပြေးလာတဲ့ ဒေသခံတွေက ပြောပါတယ်။

စစ်တပ် မီးရှို့မှုကြောင့် မီးလောင်ဆုံးရှုံးမှုအရေအတွက် ရာဂဏန်းထိ ရှိနိုင်သလို ကပိုင်ကျေးရွာနဲ့ က/သီးကုန်းကျေးရွာတို့ဟာ ကျေးရွာချင်းဆက် ရွာတွေဖြစ်ပြီး ကပိုင်ကျေးရွာက အိမ်ခြေ ၈၀၀ ဝန်းကျင်နဲ့ သီးကုန်းကျေးရွာက  အိမ်ခြေ ၆၀၀ ဝန်းကျင်ရှိကာ အဲဒီကျေးရွာက အိမ်တွေဟာ သြဂုတ် ၁၈ ရက်ကလည်း  မီးရှို့ခံခဲ့ရတယ်လို့ သိရပါတယ်။

ဒါ့အပြင် ပေါင်းဝကျေးရွာက နေအိမ်တွေကိုလည်း သြဂုတ် ၁၉ ရက်က မီးရှို့ခဲ့သလို သြဂုတ် ၂၀ ရက် မနက်ပိုင်းမှာလည်း ပေါင်းဝကျေးရွာနဲ့ ကဗြူကျေးရွာတို့က နေအိမ်တွေကို ထပ်မံမီးရှို့နေကာ မီးလောင်ဆုံးရှုံးမှုအရေအတွက် များနိုင်တယ်လို့ ဒေသခံတွေက ပြောပါတယ်။

အရာတော်မြို့နယ် အနောက်မြောက်ဘက်က ငြိမ်းစံကျေးရွာကိုလည်း ဩဂုတ် ၁၉ ရက်နေ့ မနက်ပိုင်းက စစ်ကောင်စီတပ်ဖွဲ့က စစ်ကြောင်းထိုးဝင်ရောက်ကာ မီးရှို့ခဲ့တာကြောင့် နေအိမ် ၂၉ လုံး ဆုံးရှုံးသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

အဲ့ဒီနေ့ မနက်ပိုင်းက ရဲချင်းကျေးရွာမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်အင်အား ၁၀၀ လောက် ငြိမ်းစံကျေးရွာကို သေနတ်တွေ ပစ်ဖောက် ဝင်ရောက်လာကာ နေအိမ်တွေကို မီးရှို့သွားတာလို့ ဒေသခံတဦးက ပြောပါတယ်။

"တိုက်ပွဲမရှိပါဘူး။ ရွာကို ပစ်ခတ်ပြီးဝင်လာတာ၊ လက်နက်အပြည့်စုံနဲ့ ဝင်လာပြီး အိမ်ခြေတွေပတ် မီးရှို့သွားတာပါ။ အကုန်ပစ်ပြေးရတာဆိုတော့ တချို့အိမ်ထောင်စုတွေက ဘာမှမသယ်လိုက်နိုင်ဘူး။ နောက်ပြီးတချို့ရွာတွေထဲလည်း မွှေသွားတယ်လို့ သိရတယ်။ ပြည်သူကို ဘဝပျက်အောင် အမျိုးမျိုး နှိပ်စက်နေကြတာ။"

စစ်ကောင်စီတပ်ဖွဲ့ဟာ အရာတော်မြို့အ‌နောက်ခြမ်းက ကျေးရွာတွေကို စစ်ကြောင်း ၂ ကြောင်းခွဲကာ ဝင်ရောက်ခဲ့တာဖြစ်ပြီး နောက်ထပ်စစ်ကြောင်းတစ်ခုဖြစ်တဲ့ နောင်ကြီးအိုင်ကျေးရွာ ရဲစခန်းမှာတပ်စွဲထားတဲ့ စစ်ကောင်စီတပ်ဖွဲ့အင်အား ၁၀၀ ကျော်ကလည်း ထန်းတောကုန်း၊ အိုးဘိုကုန်း၊ အိုင်လျားနဲ့ ရွှေတွင်းကုန်း စတဲ့ကျေးရွာတွေကို လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ ပစ်ခတ်ပြီး ဝင်ရောက်မွှေနှောက်သွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

စစ်ကောင်စီတပ်ဖွဲ့ရဲ့ ပစ်ခတ်မီးရှို့တာခံရတဲ့ ကျေးရွာတွေက ဒေသခံပြည်သူတွေဟာ ဘေးလွတ်ရာ‌ ရှောင်တိမ်းထွက်ပြေးကြရပြီး ဘုန်းကြီးကျောင်း၊ ဘုရားဝန်း နဲ့ နီးစပ်ရာတွေမှာ ခိုလှုံနေကြရတယ်လို့ ဆိုပါတယ်။

စစ်ကိုင်းတိုင်း ဒေသတချို့ကို အခုနှစ်မေလကစလို့ အခုလလယ်အထိ စစ်တပ်က အင်အားအလုံးအရင်းနဲ့ စစ်ကြောင်းထိုးဝင်ရောက်လာနေတာကြောင့် ဒေသခံပြည်သူ့ကာကွယ်ရေး တပ်တွေ နေ့စဉ်လိုလို တိုက်ပွဲဖြစ်နေပြီး  ရေဦး-ခင်ဦး-ရွှေဘို-ညောင်ပင်သာ ကားလမ်း တလျှောက်က ရွာတွေနားမှာလည်း နေရာယူထားတယ်လို့ ဒေသခံတွေက ပြောပါတယ်။ 

လက်ရှိမှာတော့ ဒေသကာကွယ်ရေးတပ်တွေနဲ့ စစ်ကောင်စီတပ်တွေကြား ထိတွေ့တိုက်ပွဲပေါင်း ၁၀၀ ကျော်ဖြစ်ခဲ့တယ်လို့ အဲဒီဒေသက အခြေအနေတွေကို စောင့်ကြည့်လေ့လာနေတဲ့ ဒေသအဖွဲ့ အစည်းတွေဆီက သိရပါတယ်။စစ်ကိုင်းတိုင်းအတွင်း စစ်တပ်အာဏာသိမ်းတဲ့ ၂၀၂၁ ဖေဖော်ဝါရီ ၁ ရက်ကနေ အခုနှစ် မေ ၃၁ ရက်အထိ စစ်ကော်စီတပ်နဲ့ လက်အောက်ခံအဖွဲ့တွေ မီးရှို့ဖျက်ဆီးခဲ့တာကြောင့် နေအိမ်စုစုပေါင်း ခန့်မှန်းခြေ ၁၃၈၄၀ လုံး ပျက်စီးဆုံးရှုံးခဲ့တယ်လို့ Data for Myanmar က ထုတ်ပြန်ထားပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024