DVB Logo
Home
မြန်မာသတင်း
ကရင်နီဒေသက စစ်ရှောင်ကျောင်းသား/သူများ ဂီတအနုပညာဖြင့် ဖျော်ဖြေ (ရုပ်သံ)
DVB
·
August 20, 2022
ကရင်နီဒေသက စစ်ရှောင်ကျောင်းသား/သူများ ဂီတအနုပညာဖြင့် ဖျော်ဖြေ  (ရုပ်သံ)
Donate to DVB

စစ်ဘေးရှောင်ကလေးတွေအတွက် ကရင်နီပြည်နယ် တနေရာမှာ ဖွင့်လှစ်ထားတဲ့ နွေဦးဂုရုလေးများ ပညာရေးစင်တာ ကျောင်းဆင်းပွဲမှာ စစ်ရှောင်ကျောင်းသား/သူတွေက ဂီအနုပညာနဲ့ ဖျော်ဖြေခဲ့ကြတဲ့ ရုပ်သံဗွီဒီယိုကို မျှဝေထားခဲ့ပြီး ခုလိုစစ်ရှောင်နေရတဲ့ ကာလအတွင်းမှာ အနုပညာဘာသာရပ်ကို ကျောင်းပညာရေးမှာထည့်သွင်းဖို့ ပိုလိုအပ်တယ်လို့ ဆိုပါတယ်။

ဒီဖျော်ဖြေမှုကတော့ နွေဦးဂုရုလေးများပညာရေးစင်တာ Sel Kaye Phu Program Batch 2 ရဲ့ Art Club - guitar classရဲ့ အခြေခံဂစ်တာအတန်းက ကျောင်းသူကျောင်းသားတွေက ကျောင်းဆင်းပွဲမှာ တင်ဆက်ခဲ့ ကြတာဖြစ်ပြီး ဂစ်တာလှူဒါန်းပေးကြသူအလှူရှင်တွေကိုလည်း အထူးပဲကျေးဇူးတင်ကြောင်း ဖော်ပြထားပါတယ်။

“ဂီတ-အနုပညာက ပညာသင်ကြားရေးမှာ အလွန်အရေးပါ ထိရောက်ပါတယ်။ အခုလိုစစ်ရှောင်နေရတဲ့ ကာလအတွင်းမှာ အနုပညာဘာသာရပ်ကို ကျောင်းပညာရေးမှာထည့်သွင်းဖို့ ပိုလိုအပ်ပါတယ်။ စိတ်ပိုင်းဆိုင် ရာ ပြန်လည်ကုစားခြင်း၊ မိမိစိတ်ပါရာဝါသနာကို ဆက်လက်ပျိုးထောင်နိုင်ဖို့နဲ့ အားလပ်ချိန်ကိုအကျိုးရှိစွာအသုံးချနိုင်စေဖို့ ရည်ရွယ်ပါတယ်။”

ကရင်နီပြည်နယ်ကတော့ အကြမ်းဖက်စစ်ကောင်စီတပ်တွေရဲ့ မကြာခဏ တိုက်ခိုက်ခြင်းခံရတဲ့၊ နေအိမ်၊ ကျေးရွာတွေကို မကြာခဏ မီးရှို့ခံရတဲ့ ဒေသတွေထဲက တခုဖြစ်နေပြီး အကြမ်းဖက်စစ်ကောင်စီရဲ့ လေ ကြောင်းတိုက်ခိုက်မှု၊ လက်နက်ကြီးနဲ့ ပစ်ခတ်မှုတွေကြောင့် နေအိမ်ကို စွန့်ခွာထွက်ပြေးကြရသူတွေလည်း တနေ့ထက်တနေ့ များပြားနေပါတယ်။

အဲဒီထဲမှာ နေရပ်စွန့်ခွာ စစ်ရှောင်မိသားစုတွေရဲ့ ကလေးငယ်တွေဟာလည်း ပညာရေးတပိုင်းတစ ဖြစ်လာခဲ့ပြီး အဲဒီလိုအပ်ချက်အတွက် နွေဦးဂုရုလေးများ ပညာရေးစင်တာက အဆိုပါ စစ်ရှောင်ကလေးငယ် တွေအတွက် ပညာရေးအခွင့်အလမ်းပေးနေတဲ့ ကျောင်းတကျောင်း ဖြစ်လာခဲ့တာပါ။

အဆိုပါကျောင်းကို တက်ရောက်လိုပါက ဝင်ခွင့်ဖြေဆိုရမှာ ဖြစ်တဲ့အပြင် တက်ရောက်မယ့်သူဟာ စစ်ဘေးရှောင်ဖြစ်ရမှာဖြစ်ပြီး အသက် ၁၅ နှစ်နဲ့ ၂၂ ကြား ဖြစ်ရမှာပါ။ ဒါ့အပြင် သင်ယူလိုမှု ရှိ၊ မရှိ စတာတွေကို ကြည့်ရှုရွေးချယ်တာ ဖြစ်ပါတယ်။

နွေဦးဂုရုလေးများ ပညာရေးစင်တာမှာ မိခင်ဘာသာဖြစ်တဲ့ ကရင်နီ (ကယား) စာပေနဲ့ English 4 skills ကို အဓိကဘာသာရပ်အဖြစ် သင်ကြားပေးပြီး ဖြည့်စွက်ဘာသာရပ်အဖြစ် အနုပညာနဲ့ လက်မှုပညာ၊ သိပ္ပံနဲ့ သုတေသန အခြေခံ၊ Organic Farming (သဘာဝစိုက်ပျိုးရေး)၊ Social Study နဲ့ Learning Skill တို့ကို သင်ကြားပေးနေတယ်လို့ သိရပါတယ်။

လတ်တလောမှာတော့ ကျောင်းအနေနဲ့ အပတ်စဉ် ၂ ခု သင်ကြားပေးပြီးဖြစ်လို့ ကျောင်းသား ကျောင်းသူ ၁၁၂ ယောက်ကို သင်ကြားပေးပြီးဖြစ်ကာ လာမယ့် စက်တင်ဘာ ၁ ရက်မှာတော့ အပတ်စဉ် ၃ စတင် ဖွင့်လှစ်တော့မှာမို့ လိုအပ်တဲ့ ပညာရေးသင်ထောက်ကူပစ္စည်းတွေကို အလှူခံနေကာ ကျောင်းရဲ့ ဖေ့စ်ဘွတ်ခ်လူမှုကွန်ရက်စာမျက်နှာကတဆင့် ဆက်သွယ်နိုင်ဖို့ ဖိတ်ခေါ်ထားတာပါ။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013