DVB Logo
Home
မြန်မာသတင်း
မန့်ဝိန်းကြီးရွာ စစ်ဘေးရှောင်ဒုက္ခသည်များ ခိုလှုံရေးနှင့် နေရေးထိုင်ရေး အခက်တွေ့
DVB
·
April 17, 2014
မန့်ဝိန်းကြီးရွာ စစ်ဘေးရှောင်ဒုက္ခသည်များ ခိုလှုံရေးနှင့် နေရေးထိုင်ရေး အခက်တွေ့
Donate to DVB

ပြီးခဲ့တဲ့ အပတ်က ကချင်ပြည်နယ် ဗန်းမော်ခရိုင် မံစီမြို့နယ်ထဲမှာ အစိုးရတပ်နဲ့ ကေအိုင်အေ ကချင်လွတ်လပ်ရေးတပ်မတော်တို့ကြား တိုက်ပွဲတွေကြောင့် အိုးပစ်အိမ်ပစ်ထွက်ပြေးနေရတဲ့ ဒုက္ခသည်တွေမှာ စားနပ်ရိက္ခာ အခက်အခဲအပြင် နေရေးထိုင်ရေးနဲ့ လုံခြုံရေးတွေက ပိုပြီး အခက်အခဲ ဖြစ်နေပါတယ်။

အထူးသဖြင့် မံစီမြို့နယ် မန့်ဝိန်းကြီးကျေးရွာအုပ်စုကနေ နမ့်ခမ်းမြို့ပေါ် အထက ၂ မှာ ခိုလှုံနေရတဲ့ စစ်ဘေးရှောင် ဒုက္ခသည်ပေါင်း ၉၀၀ ကျော်ဟာ နေရာအခက်အခဲရှိနေတာပါ။

[caption id="attachment_54997" align="alignright" width="300"]ကချင်ပြည်နယ်အတွင်းရှိ စစ်ဘေးရှောင် ပြည်သူလူထုများ (ဓာတ်ပုံ - WPN) ကချင်ပြည်နယ်အတွင်းရှိ စစ်ဘေးရှောင် ပြည်သူလူထုများ (ဓာတ်ပုံ - WPN)[/caption]အခုခိုလှုံနေတဲ့နေရာဟာ စာသင်ကျောင်းဖြစ်တဲ့အတွက် မကြာခင်ကျောင်းပြန်ဖွင့်တော့မှာမို့ နေရာသစ်အတွက် အခက်အခဲရှိနေကြောင်း ဒုက္ခသည်တွေ အကူအညီပေးနေတဲ့ မေတ္တာဖွံ့ဖြိုးရေး ဖောင်ဒေးရှင်းက မဂျာနူးက ခုလိုပြောပါတယ်။

“အထကကျောင်းမှာက ၂ ရက် ၃ ရက်ဘဲ နေခွင့်ပြုထားတာလေ၊ အစက အာဏာပိုင်တွေနဲ့ ညှိနှိုင်းပြီး လေယာဉ်ပျံကွင်းဟောင်းမှာ နေရာချထားပေးဖို့ဘဲ ဒါပေမယ့် ကန့်ကွက်သူတွေ များတော့ ကျေးဂျူးကဘာ ဆိုတဲ့ ဘော်ဒါဆောင်ဆောက်ဖို့ လုပ်ထားတဲ့နေရာကို ပြောင်းဖို့ ညှိနှိုင်းနေပါတယ်။ လောလောဆယ် နေရာမရသေးပါဘူး။”

တရုတ်နယ်စပ် ရွှေလီမြို့နယ် နောင်တောင်းရွာ လုံကောက်ဘက်မှာ သွားရောက် ခိုလှုံနေသူတွေလည်း ၂၀၀ ကျော်ရှိပြီး တချို့တလေ ပြန်သွားပေမယ့် အများစုက မပြန်ရဲသေးဘူး လို့ မဂျာနူးက ဆက်ပြောပါတယ်။

တရုတ်အာဏာပိုင်တွေက တိုက်ပွဲမရှိတော့ဘူးလို့ပြောပြီး သူတို့ကို တောက်လျှောက်ပြန်ခိုင်း နေကြောင်း၊ ဒါပေမယ့် သူတို့ရွာနားမှာ အစိုးရတပ်တွေ ရှိနေသေးတဲ့အတွက် တိုက်ပွဲအချိန်မရွေး ပြန်ဖြစ်မှာကို စိုးရိမ်သလို လုံခြုံရေး စိတ်ချရတဲ့ အခြေအနေမရှိလို့ ရွာသားတွေ မပြန်ရဲဘူးလို့ သူက ဆက်ပြောပါတယ်။

နမ့်ခမ်းမြို့ ကျားဖြူပါတီဥက္ကဋ္ဌ ဦးစိုင်းဆိုင်ဝမ်းကတော့ ၀မ့်ဟောင်း ဘုန်းကြီးကျောင်းမှာ ၀င်ရောက် ခိုလှုံနေတဲ့ ရှမ်းဒုက္ခသည် ၁၀၀ နီးပါးဟာ သူတို့ လုပ်ငန်းခွင် စိုက်ခင်းနဲ့ အိမ်မွေးတရိစ္ဆာန်တွေ စိတ်မချလို့၊ တိုက်ပွဲလည်း ငြိမ်စပြုသွားပြီမို့ ဧပြီလ ၁၃၊ ၁၄ ရက်နေ့တွေမှာ အားလုံးပြန်ကုန်ပြီလို့ ပြောပါတယ်။

လက်နက်ကြီးကျည် ထိမှန်လို့ ဒဏ်ရာရသွားတဲ့ ပန်ခမ်းနဲ့ နောင်ကျွမ်းက ရွာသား ၂ ဦးကတော့ အခုထိ တရုတ် ဘက်ခြမ်း နောင်တောဝ်းဆေးရုံမှာ ကုသနေဆဲဘဲလို့ ဆိုပါတယ်။

ပြီးခဲ့တဲ့အပတ်က တိုက်ပွဲဖြစ်ခဲ့တဲ့ မန့်ဝန်းကြီးကျေးရွာအုပ်စုမှာ ပစ်ခတ်မှုတွေ ငြိမ်သက်နေပေမယ့် မိုးမောက်မြို့နယ် လွယ်ဂျယ်သွားလမ်းပေါ်မှာ ဧပြီလ ၁၆ ရက်နေ့က တိုက်ပွဲဖြစ်ပြီး အဲဒီ အနီးအနား ဘုန်အောင်ငန်နဲ့ လဖန်ရွာက ရွာသားပေါင်း ၈၀ ကျော် ထွက်ပြေးနေရတယ်လို့ ဒုက္ခသည်များ ကူညီရေးအဖွဲ့တခုဖြစ်တဲ့ ၀မ်ပေါင်နိမ်းထွဲ့ အဖွဲ့က တာဝန်ခံ မေရီတွမ်က ပြောပါတယ်။

“ဗန်းမော်လွယ်ဂျယ်လမ်း အနီးပတ်ဝန်းကျင်မှာ ပစ်ခတ်တယ်ဆိုတော့ အဲဒီမှာ ဒုက္ခသည် အသစ်တွေ ၈၀ လောက်ပေါ့။ ရွာသားတွေ ဘယ်လိုမှနေလို့မရလို့ ထွက်ပြေးတာတဲ့။ အခု လမ်းတ၀က်မှာ ရောက်နေကြတယ်။ မနေ့ညက တညလုံးလမ်းလျှောက်တာ၊ ဘယ်ဆက်သွား မလဲ ဆိုတာ မသိဘူး။ လောလောဆယ်တော့ မိုင်ကုန်ဆိုတဲ့ရွာမှာ နားနေတယ်လို့ သိရပါတယ်။”

ဒါ့အပြင် မန့်ဝိန်းကြီးကျေးရွာအုပ်စု အထက်ဘက် တောအုပ်မှာ ဧပြီလ ၁၆ ရက်နေ့ နေ့ခင်းပိုင်း ကစပြီး ဒီနေ့ထိ တောမီးလောင်ကျွမ်းမှုတွေ ဖြစ်ပွားနေကြောင်း၊ အဲဒီနေရာမှာ ကျေးရွာပေါင်း ၁၀ ကျော်က မှီခို အားထားနေတဲ့ ရေထွက်ဦးရှိရာနေရာလည်း မီးလောင်တဲ့ထဲ ပါဝင်နေတဲ့အပြင် သူတို့ လုပ်ကိုင်စားသောက်ရာ သစ်တောဆုံးရှုံးပျက်စီးနေတဲ့အတွက် ရွာသားတွေ စိုးရိမ်ပူပန် နေကြတယ်လို့ သူက ဆက်ပြောပါတယ်။

ပြီးခဲ့တဲ့ အပတ်က ဖြစ်ပွားတဲ့ တိုက်ပွဲကြောင့် မန့်ဝိန်းကြီးကျေးရွာအုပ်စုနဲ့ ပန်ခမ်းကျေးရွာအုပ်စု ထဲက ရွာပေါင်း ၂၄ ရွာက ရွာသားတွေ နမ့်ခမ်းမြို့ပေါ်ဘက်ကို တချို့၊ တရုတ်နယ်စပ် နောင်တောဝ်းဘက်ကို ထွက်ပြေးတာ စုစုပေါင်း ၂ ထောင်ကျော် ရှိမယ်လို့ ဒေါ်မေရီတွမ်က ခန့်မှန်းပြောဆိုပါတယ်။

စစ်ဘေးရှောင်ဒုက္ခသည်တွေအတွက် ဒေသခံရပ်ကွက်သူရပ်ကွက်သားတွေရော၊ တရုတ်အစိုးရနဲ့ ကရုဏာမြန်မာဖောင်ဒေးရှင်း၊ မေတ္တာဖွံ့ဖြိုး တိုးတက်ရေး ဖောင်ဒေးရှင်း၊ ကချင်နှစ်ခြင်း ခရစ်ယာန်အသင်းချုပ်နဲ့ အခြားအဖွဲ့အစည်းတွေပါ စားနပ်ရိက္ခာ အကူအညီတွေ ပေးနေကြောင်း၊ ဒါပေမယ့် လုံလောက်မှု မရှိသေးဘဲ စောင်၊ ဆေးဝါး၊ သောက်သုံးရေတွေပါ အကူအညီတွေ လိုအပ်နေတယ်လို့ သူက ဆက်ပြောပါတယ်။

အဓိက အားဖြင့်တော့ ရွာသားတွေ ကိုယ့်အိမ်ကိုယ့်ယာမှာ လုံခြုံစိတ်ချစွာနေလို့ ရပြီဆိုရင် ပြဿနာတွေ ပြေလည်သွားမှာ ဖြစ်ကြောင်း၊ ဒါကြောင့် သူတို့ လုံခြုံရေးအတွက် ကူညီ ကယ်ဆယ်ရေး အဖွဲ့တွေက အရေးပေါ်ဆောင်ရွက်ပေးနေသလို ပိုပြီး မြန်ဆန်ထိရောက်စေဖို့ မြန်မာအစိုးရ၊ တရုတ် အစိုးရ၊ ယူအဲန်အဖွဲ့အစည်းနဲ့ နိုင်ငံတကာ လူသားချင်းစာနာထောက်ပံ့ရေး အဖွဲ့တွေပါ ၀ိုင်းဝန်းကူညီဖို့ အဖွဲ့ပေါင်း ၇ ဖွဲ့က ဧပြီလ ၁၄ ရက်နေ့ နေ့စွဲနဲ့ ထုတ်ပြန်တောင်းဆိုထားတယ် လို့ ဒေါ်မေရီတွမ် က ပြောပါတယ်။

ဒါ့အပြင် လက်ရှိ ပစ်ခတ်မှုတွေ ချက်ချင်းရပ်စဲပေးဖို့ တိုက်တွန်းသလို တိုက်ပွဲဖြစ်ပွားရာ နေရာကနေ အစိုးရတပ်တွေ ပြန်လည်ဆုတ်ခွာသွားဖို့နဲ့ တပြည်လုံးအပစ်ခတ်ရပ်စဲရေးကိစ္စ ဆောင်ရွက်နေတဲ့ မြန်မာငြိမ်းချမ်းရေးစင်တာ၊ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေ ပါဝင်တဲ့ တပြည်လုံး အပစ်ခတ်ရပ်စဲရေးဆိုင်ရာ ညှိနှိုင်းဆောင်ရွက်ရေးအဖွဲ့ အဲန်စီစီတီတို့ အနေနဲ့လည်း အပစ်ခတ်ရပ်စဲရေး၊ ငြိမ်းချမ်းရေးလုပ်ငန်းတွေ အမြန်ဆုံးဆောင်ရွက်ပေးဖို့လည်း တောင်းဆို တယ်လို့ ဒေါ်မေရီတွမ်က ပြောသွားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013