DVB Logo
Home
မြန်မာသတင်း
မကွေးတိုင်းရှိ စစ်တပ် စစ်ဆေးရေးဂိတ် ၃ ခုအပါအဝင် နေရာ ၅ ခုတွင် တိုက်ပွဲဖြစ်
DVB
·
August 19, 2022
မကွေးတိုင်းရှိ စစ်တပ် စစ်ဆေးရေးဂိတ် ၃ ခုအပါအဝင် နေရာ ၅ ခုတွင် တိုက်ပွဲဖြစ်
Donate to DVB

မကွေးတိုင်း ပခုက္ကူခရိုင်ထဲက မြိုင်၊ ပေါက်နဲ့ ပခုက္ကူမြို့နယ်တွေမှာ သြဂုတ် ၁၈ ရက်က စစ်တပ်ရဲ့ စစ်ဆေးရေးဂိတ် ၃ ခု အပါအဝင် နေရာ ၅ ခုမှာ စစ်တပ်နဲ့ ဒေသကာကွယ်ရေးပူးပေါင်တပ်တွေ တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်တပ်က ထိခိုက်သေဆုံးသူတွေ များတယ်လို့ တော်လှန်ရေးတပ်ဖွဲ့တွေဆီက သိရပါတယ်။

ပခုက္ကူ-ရေစကြို ကားလမ်းပေါ်မှာရှိတဲ့ စစ်တပ်ရဲ့ စစ်ဆေးရေးဂိတ်စခန်း တခုကို သြဂုတ် ၁၈ ရက် ညနေ ၄ နာရီလောက်က ညီနောင်မဟာမိတ်တပ်ဖွဲ့တွေ ပူးပေါင်းပြီး လက်နက်ကြီး၊ လက်နက်ငယ် တွေနဲ့ ဝင်ရောက်တိုက်ခိုက်ခဲ့လို့ စစ်တပ်က ၆ ယောက် သေဆုံးပြီး ၃ ယောက်ထက်မနည်း ဒဏ်ရာ ရခဲ့တယ်လို့ ပခုက္ကူ-PDF သတင်းနဲ့ ပြန်ကြားရေးတာဝန်ခံ Atee က  ပြောပါတယ်။

“အစစ်ဆေး ကြမ်းတမ်းနေတဲ့ စစ်တပ်က စစ်ဆေးရေးဂိတ်တွေကို ဝင်တိုက်ခဲ့တာပါ။ စစ်တပ်က လူထုကို ဖမ်းဆီးတာတွေအပြင် ပခုက္ကူ၊ မြိုင်နဲ့ ပေါက်မြို့နယ်တွေမှာ စစ်ကြောင်းထိုးပြီး မီးရှို့ ဖျက်ဆီးတာတွေ လုပ်လာကြတယ်။ ကျနော်တို့ ပခုက္ကူ၊ မြိုင်ဆိုတဲ့ အညာဒေသ စစ်စစ်တွေက တယောက်နဲ့တယောက် ခွဲခြားလို့မရဘူး။ အမြဲတမ်း အတူရှိနေတာဖြစ်လို့ မနေ့က မြိုင်မြို့ ပေါ်မှာ စစ်ရေးတိုက်ခိုက်ခဲ့သလို ပခုက္ကူမှာလည်းအတူတူ လက်တွဲပြီး စစ်ရေးတိုက်ခိုက်ခဲ့ကြတာ။”

မြို့အနီးမှာလည်း အများပြည်သူနဲ့ သက်ဆိုင်တဲ့ ကိစ္စရပ်တွေကို နောက်ပိုင်းမှာ တိုးချဲ့လုပ်ဆောင်ဖို့ ရှိသလို စစ်တပ်က ဂိတ်တွေမှာ မထိုင်နိုင်အောင်အထိ လုပ်မယ်လို့ သူက ဆိုပါတယ်။

“ကျနော်တို့ဘက်မှာ မြေပြင်ကျွမ်းကျင်မှု၊ အားသာမှုတွေအပြင် သတင်းအချက်လက်တွေ ရရှိတယ်။ မြေပြင်လှုပ်ရှားတဲ့ နေရာမှာလည်း တဖွဲ့နဲ့တဖွဲ့ ချိတ်ဆက်ဆောင်ရွက်ကြလို့ အချင်းချင်း ပိုမိုရင်းနှီးလာတယ်” လို့ ပခုက္ကူ-PDF သတင်းနဲ့ ပြန်ကြားရေးတာဝန်ခံ Atee က ပြောပါတယ်။

မြိုင်ပ.က.ဖ တပ်ရင်း-၁ တပ်ရင်းမှူး ဗိုလ်လက်ယာက “ပေါက်မြို့နယ်မှာ သြဂုတ် ၁၈ ရက် မနက်ပိုင်းမှာ စစ်တပ်ကို မိုင်းဆွဲတိုက်ခိုက်ခဲ့တယ်။ အလားတူ မြိုင်မြို့ပေါ်မှာ မနေ့က မနက် ၁၁ နာရီလောက်က အနောက်ဘက်နဲ့ မြောက်ဘက်က စစ်တပ်ထိုင်တဲ့ မြို့ဝင်စစ်ဆေးရေးဂိတ်တွေကို လက်နက်ကြီး၊ လက်နက်ငယ် ဒရုန်းတွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်။ ဒါ့အပြင် ပခုက္ကူစက်မှုဇုန် ဘက်က စစ်ကောင်စီရဲ့ စစ်ဆေးရေးဂိတ်ကို ဒေသကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့တွေနဲ့အတူ ဝင်ရောက်တိုက်ခိုက်ခဲ့လို့ စစ်တပ်က ၆ ယောက်သေတယ်လို့ သတင်းရတယ်” လို့ ပြောပါတယ်။

ဆက်လက်ပြီး မနေ့က မြိုင်မြို့နယ် သရက်ကန်မှာ စစ်ကောင်စီတပ်နဲ့ ပျူစောထီးတွေရှိတဲ့နေရာကို ညနေ ၅ နာရီလောက်ကနေ ၇ နာရီလောက်အထိ လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ ဝင်ရောက် ပစ်ခတ်ခဲ့သလို ဗဟင်းရဲစခန်းကိုလည်း ညနေ ၄ နာရီ ၅၀ မိနစ်ကနေ ၅ နာရီ ၅၅ မိနစ်လောက်အထိ ပစ်ခိုက်တိုက်ခိုက်ခဲ့ရာမှာ စုစုပေါင်းတိုက်ပွဲ ၅ ခု ဖြစ်ခဲ့တယ်လို့ ဆိုပါတယ်။

အဲဒီတိုက်ပွဲတွေမှာ စစ်တပ်က ၇ ယောက် သေဆုံးကာ ၇ ယောက် ဒဏ်ရာ ရခဲ့ပြီး ပြည်သူ့ ကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့တွေဘက်က အထိအခိုက် အကျအဆုံး မရှိဘူးလို့ ဗိုလ်လက်ယာက ဆိုပါတယ်။

ဂန့်ဂေါမြို့နယ် မင်းရွာ ရဲစခန်း ကို ဒေသကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့တွေက တိုက်ခိုက်ခဲ့လို့ မင်းရွာရဲစခန်းကို  သြဂုတ် ၁၉ ရက် မနက်ပိုင်းမှာ စစ်ကောင်စီစစ်ကြောင်းတခု ပူးပေါင်းဖို့ လာနေတယ်လို့ ယောဒေသကာကွယ်ရေးတပ်ဖွဲ့-YDF ဗျူဟာမှူး သခင်ဇော်က ပြောပါတယ်။

“ကာကွယ်ရေးတပ်ဖွဲ့တွေ ပူးပေါင်းစစ်ဆင်ရေးလုပ်တဲ့ အခါမှာ အစပိုင်းက အခက်အခဲရှိခဲ့ပေမဲ့ နောက်ပိုင်းမှာတော့ ရဲဘော်တွေကို ဒီတိုက်ပွဲမှာ ကွန်မန်ဒါ ဘယ်သူဆိုတာ ရှင်းပြပြီးမှ တိုက်ခိုက်တာဖြစ်လို့ အဆင်ပြေလာတယ်။ ကျနော်တို့ ကာကွယ်ရေးတပ်ဖွဲ့တွေမှာ လက်နက်တွေက အများကြီးရှိတာမဟုတ်တဲ့အတွက် ပေါင်းစည်းလိုက်တဲ့အခါမှာ လက်နက် အင်အားများလာပြီး ပစ်အားတွေ များများလုပ်နိုင်တယ်။” လို့ သခင်ဇော်က ပြောပါတယ်။

မကွေးတိုင်းအတွင်းက ပခုက္ကူခရိုင်နဲ့ ဂန့်ဂေါခရိုင်တွေမှာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PDF စိုးမိုး ထိန်းချုပ်နယ်မြေတွေကို အင်အားအလုံးအရင်း သုံးပြီး ထိုးစစ်ဆင်လာသလို ကျေးရွာတွေကို မီးရှို့ဖျက်ဆီးတာ၊ ပြည်သူတွေကို ဖမ်းဆီးသတ်ဖြတ်တာတွေ ဆက်တိုက်လုပ်နေတယ်လို့ တော်လှန်ရေးတပ်ဖွဲ့တွေရဲ့ အဆိုအရ သိရပါတယ်။

အလားတူ သြဂုတ် ၁၅ ရက်ကနေ ၁၇ ရက်အထိ  ရေစကြိုမြို့နယ်မှာ စစ်တပ်ကို မဟာမိတ်ပူးပေါင်းစစ်ဆင်ရေး (၉) အဖြစ် ဒေသကာကွယ်ရေးတပ်ဖွဲ့တွေက မိုင်းဆွဲတိုက်ခိုက်ရာ စစ်တပ်က ၃ ယောက်သေဆုံးပြီး ၉ ယောက် ဒဏ်ရာရခဲ့တယ်လို့ ရေစကြို-PDF ကနေ သိရပါတယ်။

ဒါ့အပြင် ပျူစောထီးတွေကို ည ၇ နာရီခွဲလောက်က ပခုက္ကူ-ရေစကြိုကားလမ်း တာတိုင်ရွာနဲ့ သက်ရွာကြားမှာ မိုင်းဆွဲတိုက်ခိုက်ခဲ့လို့ ပျူ‌စောထီး ၂ ယောက်သေဆုံးကာ ၂ ယောက် အပြင်းအထန်ဒဏ်ရာရပြီး မြင်းတွေပါ လဲကျကုန်သလို ဒဏ်ရာအပြင်းအထန်ရသွားတဲ့ ပျူစောထီး ၂ ယောက်ကို ပခုက္ကူဆေးရုံမှာ ဆေးကုသနေတယ်လို့ ဆိုပါတယ်။

ဗိုလ်အာကာက “ပခုက္ကူ-ရေစကြိုကားလမ်းမှာ မနေ့ သြဂုတ် ၁၇ ရက် မွန်းလွဲ ၁ နာရီခွဲလောက်မှာ စစ်သားတွေ စီးလာတဲ့ ကားတစီးကို ကံသစ်ရွာနဲ့ ကြီးကန်ကျေးရွာကြားမှာ အဝေးထိန်း ရှော့တိုက်မိုင်းနဲ့ တိုက်ခိုက်ခဲ့လို့ တယောက်သေဆုံးကာ နှစ်ယောက် အပြင်းအထန် ဒဏ်ရာ ရခဲ့တယ်” လို့  ပြောပါတယ်။

ဖြစ်စဉ်တွေနဲ့ပတ်သက်လို့ စစ်တပ်ဘက်က သေဆုံးဒဏ်ရာရတဲ့ အခြေအနေကို ဒီဗွီဘီက သီးခြား အတည်မပြုနိုင်သေးသလို စစ်ကောင်စီဘက်ကလည်း သတင်းထုတ်ပြန်ထားတာ မတွေ့ရ သေးပါဘူး။

အဲဒီ မဟာမိတ်ပူးပေါင်းစစ်ဆင်ရေးကိုတော့ ရေစကြို-PDF၊ N-YSO ပြောက်ကျားတပ်ဖွဲ့၊ MRGF နဲ့ သံမဏိသိန်းငှက်တပ်ဖွဲ့(မြိုင်) တို့ ပူးပေါင်းပြီး တိုက်ခိုက်ခဲ့ကြတာလို့ သိရပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013