DVB Logo
Home
မြန်မာသတင်း
NUG အစိုးရ၏ အာဏာရှင်အဆုံးသတ်နိဂုံးစီမံကိန်း “နွေဦးရန်ကုန် ရင်းနှီးမြှုပ်နှံမှု အစီအစဉ်” စတင်
DVB
·
August 18, 2022
NUG အစိုးရ၏ အာဏာရှင်အဆုံးသတ်နိဂုံးစီမံကိန်း “နွေဦးရန်ကုန် ရင်းနှီးမြှုပ်နှံမှု အစီအစဉ်” စတင်
Donate to DVB

အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က ဦးဆောင်တဲ့ အာဏာရှင် အဆုံးသတ်နိဂုံး (The End of Dictatorship-EOD) ရဲ့ တတိယ အစီအစဉ်အဖြစ် “နွေဦးရန်ကုန် ရင်းနှီးမြှုပ်နှံမှု အစီအစဉ်” Spring Yangon Investment ကို စတင်လိုက်ပြီဖြစ်တယ်လို့ ထုတ်ပြန်ပါတယ်။

ဒီအစီအစဉ်မှာတော့ အာဏာရှင် မင်းအောင်လှိုင်နဲ့ အကြမ်းဖက် စစ်ခေါင်းဆောင်တွေ၊ ဒါမှမဟုတ် အကြမ်းဖက် စစ်တပ်ရဲ့ တပ်ရင်းတပ်ဖွဲ့တွေ၊ ဒါမှမဟုတ် အကြမ်းဖက်စစ်တပ်နဲ့ ဆက်နွှယ်တဲ့ စီးပွားရေး လုပ်ငန်းတွေက သိမ်းပိုက်ရယူထားတဲ့ နိုင်ငံတော်ပိုင် ရန်ကုန်တိုင်း၊ မြို့နယ် အသီးသီးက မြေနဲ့ အဆောက်အအုံတွေကို အများပြည်သူ အကျိုးရှိမယ့် စီမံကိန်းတွေအဖြစ် ဩဂုတ် ၁၈ ရက်က စတင်ကာ ဖော်ဆောင်သွားမယ်လို့ ဆိုပါတယ်။

အဆိုပါ စီမံကိန်းမှာတော့ ရန်ကုန်မြို့တော် စည်ပင်သာယာရေး နယ်နမိတ်အတွင်းက အချက်အခြာကျတဲ့ ဧကထောင်နဲ့ချီတဲ့ မြေနေရာတွေ ပါဝင်မှာဖြစ်ပြီး စီမံကိန်း အမျိုးအစား ၃ ခု ပါဝင်မယ်လို့ ထုတ်ပြန်ထား တာပါ။

အာဏာရှင် အဆုံးသတ်နိဂုံး (The End of Dictatorship-EOD) အနေနဲ့ အကြမ်းဖက်စစ်ခေါင်းဆောင် မတရားယူထားတဲ့ ရန်ကုန်မြို့ရှိ အင်းယားလမ်းနေအိမ်ကို NUG က အမေရိကန် ဒေါ်လာ ၁၀ သန်းနဲ့ တန်ဖိုး ဖြတ်ရှယ်တွေအားလုံးရောင်းချခဲ့အပြီးမှာ ဒုတိယ အစီအစဉ်အဖြစ်  လှိုင်မြို့နယ်၊ ၆ မိုင်ခွဲမှာ တည်ရှိတဲ့ ၁ ဒသမ ၈ ဧက ကျယ်ဝန်းပြီး ကာလပေါက်ဈေးအားဖြင့် အမေရိကန်ဒေါ်လာ သန်း ၂၀ ကျော်တန်ကြေး ရှိတဲ့ Inya View နေရာကို ထပ်မံ ရောင်းချနေတာပါ။

အကြမ်းဖက်စစ်ခေါင်းဆောင် မင်းအောင်လှိုင် ပြည်သူထံမှ ခိုးယူထားတဲ့ ရန်ကုန်မြို့ ၆ မိုင်ခွဲမှ Inya View နေရာကို NUG အစိုးရက ဩဂုတ် ၅ ရက်က စတင်ရောင်းချနေရာမှာ ၁၂ ရက်အတွင်း အစုရှယ်ယာ အမေရိကန်ဒေါ်လာ ၁ ဒသမ ၃ သန်းကျော်ဖိုး ရောင်းချခဲ့ရပြီးဖြစ်တယ်လို့ ထုတ်ပြန်ပါတယ်။

ဒီရောင်းချမှုတွေကို အမျိုးသားညီညွတ်ရေးအစိုးရရဲ့ ၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီ ၂၄ ရက်စွဲနဲ့ ထုတ်ပြန်ထားတဲ့ “အကြမ်းဖက်စစ်ကောင်စီက သိမ်းယူထားသော တပ်ပိုင်မြေဆိုင်ရာ အခြေခံမူများ” အပိုဒ် ၄ နဲ့ အပိုဒ် ၅ အရ စီမံဆောင်ရွက်တာဖြစ်ပြီး EOD ရဲ့ ပထမ အစီအစဉ် “၁၄ အင်းလျား” ကို ရောင်းချပေးခဲ့တဲ့ ကမ္ဘာ့နိုင်ငံ အသီးသီးက ကိုယ်စားလှယ်တွေဆီ ချိတ်ဆက်ဝယ်ယူနိုင်မှာ ဖြစ်ပါတယ်။

ဒါ့အပြင် The End of Dictatorship-EOD အနေနဲ့ အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင် မတရား ရယူသိမ်းပိုက်ထားတဲ့ တခြားသော အိမ်နဲ့ အဆောက်အအုံတွေ၊ စစ်ကောင်စီခေါင်းဆောင်တွေ မတရား ပိုင်ဆိုင်ထားတဲ့ အိမ်ခြံမြေတွေကို တခုပြီးတခု ကြိုပွိုင့်နဲ့ ရောင်းချပြီး တော်လှန်ရေးအတွက် အရေးတကြီး လိုအပ်နေတဲ့ ဘဏ္ဍာရန်ပုံငွေတွေကိုလည်း ဆက်လက်ရှာဖွေသွားမယ်လို့ ပြောထားပါတယ်။

ခုနောက်ဆုံး တတိယ အစီအစဉ်မှာတော့ စိမ်းလန်းနယ်မြေနှင့် နွေဦးတော်လှန်ရေး အထိမ်းအမှတ်များ၊ တော်လှန်ရေးရန်ပုံငွေ အိမ်ယာစီမံကိန်းများ၊ စီးပွားရေးဆိုင်ရာ စီမံကိန်းများဆိုပြီး ၃ ပိုင်းပါဝင်မှာဖြစ်ပြီး  စီမံကိန်း အသေးစိတ်တွေကို အများပြည်သူကို ထပ်မံအသိပေးကြေညာသွားမှာဖြစ်ကာ ကမ္ဘာ့နိုင်ငံ အသီးသီးက EOD ကိုယ်စားလှယ်တွေနဲ့ ချိတ်ဆက်ပြီးတော့ အာဏာရှင်အမြစ်ဖြတ်ရေး နွေဦးတိုက်ပွဲမှာ ပါဝင် နိုင်ဖို့ နှိုးဆော်ထားပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013