DVB Logo
Home
မြန်မာသတင်း
ဒီဗွီဘီသတင်းထောက် လွတ်မြောက်ရေး ၀တ်ပြုဆုတောင်း
DVB
·
April 17, 2014
ဒီဗွီဘီသတင်းထောက် လွတ်မြောက်ရေး ၀တ်ပြုဆုတောင်း
Donate to DVB

သတင်းယူရင်း ဖမ်းဆီးထောင်ချခံခဲ့ရတဲ့ ဒီဗွီဘီ သတင်းထောက် ကိုဇော်ဖေကို ချွင်းချက်မရှိ ချက်ချင်း ပြန်လွှတ်ပေးဖို့နဲ့ သတင်းလွတ်လပ်ခွင့်ပေးဖို့ သူ့ရဲ့လုပ်ဖော်ကိုင်ဖက် ဒီဗွီဘီ အဖွဲ့သားတွေက ရွှေတိဂုံဘုရားခြေတော်ရင်းက ကြေးသွန်းဘုရားကြီးမှာ ၀တ်ပြုဆုတောင်းမှုတွေ ပြုလုပ်ခဲ့ပါတယ်။

ဒီဗွီဘီသတင်းထောက် ဦးဇော်ဖေ (ခ) ဦးသူရသက်တင် လွတ်မြောက်ရေးအတွက် ရန်ကုန်မြို့ ရွှေတိဂုံဘုရား အရှေ့ဘက်မုခ်မှာရှိတဲ့ ကြေးသွန်းဘုရားကြီးရှေ့မှာ ဒီဗွီဘီ အဖွဲ့သားတွေ ၀တ်ပြု ဆုတောင်းခဲ့ပါတယ်။

603619_645680402177228_5629836720361191609_nမကွေးမြို့ခံ ဒီဗွီဘီသတင်းထောက် ဦးဇော်ဖေနဲ့ သတင်းပေးသူ မြို့ခံကျောင်းသားမိဘ ဦးဝင်းမြင့်လှိုင်တို့ ၂ ဦးကို ဧပြီ ၇ ရက်နေ့က ပိုင်နက်ကျူးလွန်မှု၊ ၀တ္တရား နှောက်ယှက်မှုတွေနဲ့ ထောင်ဒဏ် ၁ နှစ် ချမှတ်ပြီး သရက်ထောင်မှာ အကျဉ်းချထားတာ ဖြစ်ပါတယ်။

မြန်မာနှစ်ဆန်း ၁ ရက် ဒီနေ့မှာတော့ ဦးဇော်ဖေ လွတ်မြောက်ရေးအတွက် လုပ်ဖော်ကိုင်ဖက် သတင်းထောက်တွေက သူ့ရဲ့ ရုပ်ပုံနဲ့ ဖမ်းဆီးခံသတင်းထောက်တွေ ချက်ခြင်းလွှတ်၊ Press Freedom သတင်းလွတ်လပ်ခွင့်ပေး စတာတွေ ရေးထားတဲ့ အနက်ရောင်တီရှပ်အင်္ကျီတွေ ဆင်တူ ၀တ်ဆင်ပြီး ဘုရားမှာ ဆုတောင်းပေးခဲ့ကြတာပါ။

ကိုယ်တိုင်လည်း သတင်းယူရင်း ဖမ်းဆီးထောင်ချခံခဲ့ရဘူးတဲ့ ဒီဗွီဘီ သတင်းထောက် ဒေါ်လှလှဝင်းကတော့ ဒီကနေ့ သတင်းထောက် ဦးဇော်ဖေကို လွှတ်ပေးဖို့ တောင်းဆိုရတာနဲ့ ပတ်သက်လို့ အခုလို ပြောပါတယ်။

“ပြည်သူကို တင်ပြဖို့အတွက်ကို ကျမတို့ သတင်း သွားယူတာ။ ဒါကို ပိုင်နက်ကျူးလွန်မှုနဲ့ စွဲတယ်ဆိုရင် ဒီလိုသာ စွဲကြေးဆိုရင် တနိုင်ငံလုံးမှာ ရှိတဲ့ရုံးတွေကို ကျမတို့ ဘယ်လိုမျိုး လွတ်လွတ်လပ်လပ် သတင်းယူလို့ ရနိုင်မလဲ။ နောက်တခုက ထောင်ကျတယ်ဆိုတာက တကယ် ထောင်ကျခံရတဲ့သူတွေက အသိဆုံးပဲ။ ထောင်ထဲမှာ ၁ ရက်လည်း မနေသင့်ဘူး။ ၁ နာရီလည်း မနေသင့်ဘူး။ ဘာလို့လဲဆိုတော့ ထောင်ဆိုတာ အင်မတန်မှ ဆိုးတဲ့နေရာ၊ ကျမတို့ရဲ့ ခံစားချက်က မှန်တာလုပ်တဲ့သူ ပြည်သူအတွက် သတင်းအချက်အလက်ယူတဲ့သူ ခိုးဆိုး တိုက်ဖျက်နေတဲ့သူ မဟုတ်ဘူး။ အဲဒီလို လူမျိုးတွေကို တရက်တောင်မှ ထောင်ထဲမှာ မထားနိုင်ဘူး။”

ဒါ့ပြင် ဒီဗွီဘီအဖွဲ့သားတွေဟာ သတင်းထောက်တွေ အချုပ်အနှောင်က ကင်းလွတ်စေဖို့ ရည်ရွယ်ပြီး ငါးနဲ့ စာကလေးစတဲ့ သတ္တ၀ါတွေကိုလည်း ဘေးမဲ့လွှတ်ပေးခဲ့ပါတယ်။ အခုဆိုရင် ဦးဇော်ဖေ အကျဉ်းချခံထားရတာ ၁၀ ရက်မြောက်ရှိပြီ ဖြစ်ပြီး မန္တလေးမြို့မှာလည်း သတင်းသမားတွေက မဟာမြတ်မုနိဘုရားကြီးမှာ ဖမ်းဆီးခံသတင်းမားတွေ ပြန်လွှတ်ပေးဖို့ ၀တ်ပြု တောင်းဆိုမှုတွေ ပြုလုပ်ခဲ့ပါတယ်။

မြန်မာစာနယ်ဇင်းသမဂ္ဂက ဦးဆောင်အဖွဲ့ဝင် ဦးဇော်သက်ထွေးကတော့ သတင်းယူတဲ့ သတင်းသမားတွေကို ထောင်ချတာဟာ လုံးဝ လက်ခံနိုင်စရာ မရှိတဲ့အတွက် အခုလှုပ်ရှားမှုမှာ ပူးပေါင်းပါဝင်တာလို့ ပြောပါတယ်။

“သတင်းသွားယူတဲ့ သတင်းသမားတိုင်းကို အခုလိုမျိုး ပိုင်နက်ကျူးလွန်မှု၊ သရေဖျက်မှုနဲ့သာ တရားစွဲမယ်ဆိုရင် သတင်းရယူဖို့ဆိုတာ မြန်မာပြည်မှာ တော်တော်ကို မဖြစ်နိုင်တော့ဘူး။ အခက်အခဲတွေ အများကြီး ရှိတယ်။ ဒါကြောင့် ဒီဟာကို စံပြအနေနဲ့ သတင်းသမားတွေ လက်ခံလို့ကို မရတာ။ ဒါကြောင့် ကိုဇော်ဖေ လွတ်မြောက်ဖို့ရော၊ နောက်ပြီးတော့ ကိုဇော်ဖေ ကို ချတဲ့ အပြစ်ဒဏ်ဟာ တရားမျှတမှု မရှိဘူးဆိုတာကို နိုင်ငံတော်အစိုးရရော လွှတ်တော် ၂ ရပ်လုံးရော တိုင်းပြည်သူပြည်သားတွေရော နိုင်ငံတကာရော သိဖို့ လိုပါတယ်။ ဒါကြောင့်မို့လို့ ဒီနေ့ ကိုဇော်ဖေ လွတ်မြောက်ရေးလှုပ်ရှားမှုမှာ မြန်မာစာနယ်ဇင်းသမဂ္ဂက ပါဝင်ပြီး ပူးပေါင်းခဲ့ခြင်း ဖြစ်ပါတယ်။”

ဖမ်းဆီးခံသတင်းထောက်တွေ လွတ်မြောက်ရေးအပါအ၀င် မြန်မာနိုင်ငံမှာ သတင်း လွတ်လပ်ခွင့်တွေ အပြည့်အ၀ ရရှိရေးအတွက် လာမယ့်သီတင်းပတ်ထဲမှာ ဒီဗွီဘီသတင်းဌာန၊ သတင်းနဲ့ မီဒီယာအဖွဲ့အစည်းတွေ ပူးပေါင်းပြီး ကျယ်ပြန့်တဲ့ ဆွေးနွေးပွဲတွေနဲ့ တောင်းဆိုမှုတွေ ဆက်လုပ်သွားဖို့ အစီအစဉ်ရှိပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013