
စစ်အာဏာရှင်ပြုတ်ကျရေး၊ စစ်မှန်တဲ့ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုပေါ်ထွန်းရေးတို့အတွက် အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာနရဲ့ မူဝါဒအတိုင်း ဆက်လက်တိုက်ပွဲဝင်သွားမယ်လို့ ကတိပြုကြောင်း ကံပေါက်ဒေသကာကွယ်ရေးတပ်ဖွဲ့ (KBDF)က ကြေညာပါတယ်။
တနင်္သာရီတိုင်း၊ ထားဝယ်ခရိုင်၊ ရေဖြူမြို့နယ်၊ ကံပေါက်တိုက်နယ်အခြေစိုက် ကံပေါက်ဒေသကာကွယ်ရေးတပ်ဖွဲ့(KBDF) တည်ထောင်ခြင်း တနှစ်ပြည့်အခမ်းအနားကို သြဂုတ်လ ၁၇ ရက်က ဌာနချုပ်မှာ ပြုလုပ်ခဲ့ပြီး အခုလို ထုတ်ပြန်ကြေညာလိုက်တာပါ။
အခမ်းအနားမှာ ပြည်သူ့ကာကွယ်ရေးအလံတော်နဲ့ KBDF အလံတော်အား ဦးညွှတ်အလေးပြုတာ၊ ပြည်သူ့ကာကွယ်ရေးသစ္စာ အဓိဋ္ဌာန်သီဆိုတာ၊ တာဝန်ရှိသူတွေက KBDF တစ်နှစ်ပြည့် မိန့်ခွန်း ပြောကြားတာ ရဲဘော်တွေက သေနတ်ဖောက် အလေးပြုတာနဲ့ “ရဲရဲတောက် တနင်္သာရီ” သီချင်း သံပြိုင်သီဆိုတာတွေလည်း ပြုလုပ်ခဲ့ကြပါတယ်။
ကံပေါက်ဒေသကာကွယ်ရေးတပ်ဖွဲ့ဟာ ၂၀၂၁ ခုနှစ် သြဂုတ်လ ၉ ရက်မှာ စတင်ဖွဲ့စည်းခဲ့ပြီး အခုနှစ် သြဂုတ် ၉ ရက်က တနှစ်ပြည့်ခဲ့တာဖြစ်ကာ ကူညီထောက်ပံ့ပေးကြတဲ့ ပြည်တွင်း ပြည်ပက ပြည်သူတွေကို ကျေးဇူးတင်ကြောင်းလည်း ထုတ်ပြန်ထားပါတယ်။