DVB Logo
Home
မြန်မာသတင်း
လူမှုကူညီကယ်ဆယ်ရေးလုပ်သားများအတွက် အသက်အန္တရာယ်အများဆုံး ၃ နိုင်ငံတွင် မြန်မာပါဝင်
DVB
·
August 18, 2022
လူမှုကူညီကယ်ဆယ်ရေးလုပ်သားများအတွက် အသက်အန္တရာယ်အများဆုံး  ၃ နိုင်ငံတွင် မြန်မာပါဝင်
Donate to DVB

လူမှုကူညီကယ်ဆယ်ရေးလုပ်သားအတွက် အသက်အန္တရာယ်အများဆုံး  ၃ နိုင်ငံထဲမှာ  မြန်မာနိုင်ငံလည်း ပါဝင်တယ်လို့ ကမ္ဘာတဝန်း ဆင်းရဲမှုတိုက်ဖျက်ရေးနဲ့ လူမှုတရားမျှတရေး လုပ်ဆောင်နေတဲ့  Care International  အဖွဲ့ရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။

Care International အဖွဲ့ရဲ့ လေ့လာစိစစ်ချက်အရ ၂၀၂၂ ခုနှစ်အစကနေ အခုချိန်ထိ လူမှုရေးဝန်ဆောင်မှုအသင်းအဖွဲ့ဝင်လုပ်သားတွေ သေဆုံးတာဟာ တစ်ကမ္ဘာလုံးမှာ ၄၄ ယောက်ရှိခဲ့ပြီး လူမှုကူညီရေးသမားတွေအတွက် အန္တရာယ်အများဆုံး နေရာကတော့ တောင်ဆူဒန် နိုင်ငံဖြစ်တယ်လို့ ဆိုပါတယ်။

တောင်ဆူဒန်နိုင်ငံမှာ သေဆုံးသူ ၁၁ ဦးနဲ့ အများဆုံးဖြစ်ပြီး အာဖဂန်နစ္စတန်မှာ သေဆုံးသူ ၈ ယောက်နဲ့  မြန်မာနိုင်ငံမှာ သေဆုံးသူ ၇ ယောက် ရှိခဲ့တာဖြစ်ပါတယ်။

အဲဒီ သုံးနိုင်ငံဟာ လူမှုရေးဝန်ဆောင်မှုအသင်းအဖွဲ့တွေအတွက်သာမက အဲဒီနိုင်ငံတွေမှာ နေထိုင်ကြတဲ့ ပြည်သူလူထုတွေအတွက်လည်း အလွန်ခက်ခဲတဲ့ စိန်ခေါ်မှုတွေရှိနေပြီး အဲဒီ သုံးနိုင်ငံရဲ့ စုစုပေါင်းပြည်သူ သန်း ၄၀ လောက်ဟာ  အစာရေစာရှားပါးပြတ်လပ်မှုကို ခံစားနေရတယ်လို့ ဆိုပါတယ်။

မြန်မာနိုင်ငံမှာတော့ လူပေါင်း ၁ သန်းကျော်ဟာ အိုးမဲ့အိမ်မဲ့ ဖြစ်ခဲ့ရပြီး၊ ၁၃ သန်းကျော်ဟာ အစာရေစာပြတ်လပ်မှုဒဏ်ကို ခံစားနေရပါတယ်။ 

စစ်တပ်အာဏာသိမ်းပြီးနောက် မြန်မာနိုင်ငံမှာ စစ်တပ်က  နာရေးကူညီမှုအသင်း (ရန်ကုန်)ရုံးကို ဝင်ရောက်စီးနင်းခဲ့တာ၊  လူမှုကူညီကယ်ဆယ်ရေးလုပ်နေတဲ့ စေတနာ့ဝန်ထမ်းလူငယ်တွေကို ဖမ်းဆီး၊ ပစ်ခတ်သတ်ဖြတ်တာတွေကို စစ်တပ်က ကျူးလွန်ခဲ့ပါတယ်။ 

လူမှုရေးဝန်ဆောင်မှုအသင်းအဖွဲ့တွေက လုပ်သားတွေကို အကာအကွယ်လုံခြုံအောင် ဖန်တီးပေးပြီး Care International   ရဲ့ မြန်မာနိုင်ငံဆိုင်ရာ ဒါရိုက်တာ နိတ်ရာဘီကတော့ “တကယ်လိုအပ်နေတဲ့ နေရာတွေကို လူမှုရေးဝန်ဆောင်မှု အကူအညီတွေ ရောက်အောင်ပို့ဆောင်နိုင်ဖို့ အရေးကြီးတယ်”လို့ ပြောပါတယ်။

ကမ္ဘာပေါ်မှာ အစာရေစာပြတ်လပ်မှုကို မကြုံစဖူး နေရာအမြောက်အမြားမှာ ပမာဏ အများကြီး ကြုံနေရလို့ နိုင်ငံတကာအလှူရှင်များအသင်းအဖွဲ့တွေဟာ နိုင်ငံရေးအခြေခံအကြောင်းပြချက်ထက် လိုအပ်ချက်ကိုအခြေခံတဲ့အကြောင်းပြချက်တွေ ပေါ်မူတည်ပြီး လှူဒါန်းကြဖို့ အရေးကြီးတယ်လို့ Care International ရဲ့ လူသားချင်းစာနာမှုဆိုင်ရာမူဝါဒညှိနှိုင်းရေးမှူးနဲ့ ကုလသမဂ္ဂကိုယ်စားလှယ် ဒလ်ဖင်းပင်နော့က ပြောပါတယ်။

Care International အဖွဲ့ဟာ ကမ္ဘာတဝန်း လူသားချင်းစာမှုအကူအညီပေးနေတဲ့  လူမှုရေးအသင်းအဖွဲ့တွေရဲ့ လုပ်ငန်းဆောင်ရွက်ချက်တွေ၊ အောင်မြင်မှု၊ ကျရှုံးမှုတွေ၊ လူမှုရေးအသင်းအဖွဲ့ဝင်လုပ်သားတွေရဲ့ ဘေးကင်းလုံခြုံရေးဆိုင်ရာ အချက်အလက်တွေကို လေ့လာပြီး အခုလိုထုတ်ပြန်လိုက်တာ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013