DVB Logo
Home
မြန်မာသတင်း
မန့်ဝိန်းဂိတ် အပါအဝင် ကျယ်ဂေါင်-မူဆယ် နယ်စပ်ဂိတ်များ ပြန်ဖွင့်ရန် ဆွေးနွေး
DVB
·
August 17, 2022
မန့်ဝိန်းဂိတ် အပါအဝင် ကျယ်ဂေါင်-မူဆယ် နယ်စပ်ဂိတ်များ ပြန်ဖွင့်ရန် ဆွေးနွေး
Donate to DVB

မြန်မာနိုင်ငံရဲ့ အရှေ့မြောက် စီးပွားရေးတံခါးပေါက်တပေါက်ဖြစ်ပြီး တရုတ်ဘက်က ကိုဗစ်သတ်မှတ်ချက် အပြည့်အဝဖြေလျှော့မှု မရှိသေးပေမဲ့ တနှစ်ကျော်ကြာ ပိတ်ထားတဲ့ တရုတ်-မြန်မာနယ်စပ် မန့်ဝိန်းဂိတ် အပါအဝင် ကျယ်ဂေါင်-မူဆယ် နယ်စပ်ဂိတ်တွေဖွင့်ဖို့ နှစ်နိုင်ငံ နယ်စပ်တာဝန်ရှိသူတွေ ဆွေးနွေးနေပြီလို့ တရုတ်-မြန်မာ နယ်စပ်ကုန်သည်တွေက ပြောပါတယ်။

ရွှေလီရောက် မြန်မာကုန်သည် လုပ်ငန်းရှင်တယောက်က “အစည်းအဝေးက ဒီမနက် ၁၀ နာရီ။ ဂိတ်ပေါက်ဖွင့်ဖို့ကိစ္စ ပြောလာပြီ။ ၁ နာရီခွဲ အစည်းအဝေး လုပ်ဦးမှာ။ အခုက ကျင်စန်းကျော့ သွားကြည့်ပြီ။ လာရောက်ပါဝင်တဲ့ တရုတ်ဘက်ကလူတွေက ဒုမြို့တော်ဝန်ရော၊ ကျန်းမာရေးအဖွဲ့တွေရော ပြည်ပရေးရာ တာဝန်ရှိသူတွေရော ပါတယ်။ ဖိတ်ထားတဲ့ အစည်းအဝေးက ဒေသအာဏာပိုင်တွေ၊ ဌာနဆိုင်ရာတွေ အားလုံးပါတယ်။ ပြီးရင် ပရဟိတ အဖွဲ့တွေပါတယ်။ ရပ်ကွက်ဥက္ကဋ္ဌတွေက အစပါတယ်” လို့ ပြောပါတယ်။

လက်ရှိ အလုပ်ရုံဆွေးနွေးမှု ပြုလုပ်တာဖြစ်ပြီး အဓိက ကိုဗစ်ကပ်ရောဂါ ထပ်ဖြစ်လာရင် ဘယ်လိုကာကွယ်မလဲဆိုတဲ့ ကိစ္စနဲ့ တရုတ်ဘက်ခြမ်း ရောက်ရှိနေတဲ့ စာအုပ်သက်တမ်းကုန် မြန်မာနိုင်ငံသားတွေကို ဖမ်းဆီးတာတွေ၊ ပို့ဆောင်တာတွေနဲ့ ပတ်သက်တဲ့အချက်တွေလည်း ဆွေးနွေးမှုမှာ ပါဝင်တယ်လို့ ဆိုပါတယ်။

နောက်ထပ် မြန်မာဘက်ခြမ်းက ပို့ကုန်လုပ်ငန်းရှင်တ‌‌ယောက်က မူဆယ်မြို့နယ်အတွင်းက နယ်စပ်ဂိတ်တွေဖွင့်ဖို့ ဆွေးနွေးမှုတွေ လုပ်နေတာ သိရကြောင်း ပြောပါတယ်။

“ပြောသံတော့ကြားတယ်။ ဒီ ဝမ်တိန်တော့ ပိတ်ထားတဲ့ဟာတော့ မနေ့က သူတို့ပိတ်ထားတဲ့ဟာတော့ ဖယ်လိုက်ပြီ။ ကြူကုတ် (ပန်ဆိုင်း) ဝမ်တိန်လေ။ အဝင်အထွက်တော့ မတွေ့သေးဘူး။ လောလောဆယ် သူတို့ကာထားတဲ့ဟာက ဖယ်လိုက်ပြီ။”

လက်ရှိမှာတော့ နှစ်နိုင်ငံကုန်သွယ်ရာ ကျင်စန်းကျော့ဂိတ်ကို ဖွင့်ထားတာဖြစ်ပေမဲ့ ကုန်သည်တွေက ပို့ကုန်၊ သွင်းကုန် ကုန်ကျစရိတ် အဆမတန်များတဲ့အပြင် မကုန်သင့်ဘဲ ကုန်ကျနေရတာတွေ ရှိနေပြီး ကုမ္ပဏီတွေကသာ ထိန်းချုပ် လက်ဝါးကြီးအုပ်သလို ဖြစ်နေတာကြောင့် နယ်စပ်ကုန်သည်တွေအနေနဲ့ မြန်မာဘက်က နစ်နာမှုမရှိအောင် ထည့်သွင်းဆွေးနွေးမှု ပြုလုပ်စေလိုကြောင်း၊ ကုမ္ပဏီတွေက ထိန်းချုပ် လက်ဝါးကြီးအုပ်သလို ဖြစ်မှာ စိုးရိမ်နေကြောင်း နယ်စပ်ကုန်သည် လုပ်ငန်းရှင်တွေက ပြောပါတယ်။

“လောလောဆယ်က ကျယ်ဂေါင်တောင်မှ တံတားထိပ်က မြန်မာနိုင်ငံသားတွေ ကူးသွားကူးလာမရ၊ အိမ်လည်းပြန်လို့မရ၊ ကိုယ်ငှားထားတဲ့ အိမ်ကိုလည်း ပြန်လို့မရတဲ့အချိန် ဖြစ်နေတယ်။ နောက်တခုက ဆိုင်တွေ ဘာတွေလည်း ဘာမှ ဖွင့်လို့မရသေးဘူး။ ဘာမှ မရှိသေးဘူး ဖြစ်နေတာလေ။ အဲဒါကို ဂိတ်ပေါက်ကိစ္စ လာဆွေးနွေးတာက စဉ်းစားစရာ ဖြစ်နေတာပေါ့လေ။ နောက်တချက် အခုလည်း ကားတွေက တလ တလ ကြာနေတယ်။ ကားတစီးကို တသောင်းနဲ့ငှားရတယ်။ မြန်မာငွေနဲ့တွက်ရင် သိန်း ၄၀ ကျော်ခန့်ရှိနေပြီ ခုငွေဈေးနဲ့။ ရန်ကုန်ကားခဈေးလောက် ရှိနေတာပေါ့နော်။ လက်ဝါးကြီးအုပ်နေသလို ဖြစ်နေတယ်။ ဆွေးနွေးမယ့် လူကြီးတွေ မေးစေလိုတယ်” လို့ ရွှေလီရောက် မြန်မာကုန်သည်ယောက်က ပြောပါတယ်။

နှစ်နိုင်ငံ နယ်စပ်ဂိတ်တွေကို ဖွင့်ဖို့ ဆွေးနွေးချက်တွေကို ဝမ်းသာကြိုဆိုပြီး အောက်ခြေ အခြေအနေကို သေသေချာချာ သိစေလိုပြီး ဆွေးနွေးစေလိုကြောင်း၊ ကုန်ကျစရိတ်တွေကို တိတိကျကျ ကြေညာပေးစေလိုကြောင်း၊ တရုတ်ဘက်ခြမ်းက အလုပ်သမား လိုချင်ပါကလည်း တခြားနိုင်ငံတွေလို MOU ထိုးပြီး သတ်မှတ်ပေးစေလိုကြောင်း၊ လက်ရှိမှာ တချို့ မြန်မာလုပ်သားတွေ လုပ်ခလစာ အပြည့်အဝ မရရှိတာမျိုး ကြုံနေတာရှိကြောင်း သူက ပြောပါတယ်။

“အခုလက်ရှိကို လာဆွေးနွေးတာ မှန်တယ်။ အခုဖြစ်နေတဲ့ ပြဿနာ အရင်မရှင်းနိုင်သေးဘူး။ ဒါကိုကျော်ပြီးမှ လုပ်တာတော့ ဒါတော့ နည်းနည်းဝေးနေတာပေါ့။”

တရုတ်ဘက်ခြမ်းမှာ ကျယ်ဂေါင်ကနေ ကျင်စန်းကျော့၊ မန့်မိုင်၊ ဝမ်တိန်ကို ကိုယ်ပိုင်ကားတွေနဲ့ သယ်ယူရင် ကားခသက်သာပေမဲ့ အချိန်တလဝန်းကျင်ကြာမြင့်ပြီး ကုမ္ပဏီပိုင်ကားတွေက ငှားရမ်းခ ကားတစီးကို ယွမ် ၁၀,၀၀၀ ပေးရကာ ကိုယ်ပိုင်ကားတွေထက် ကားထွက်ဖို့ ပိုမြန်နေတယ်လို့ ဆိုပါတယ်။

မြန်မာဘက်ခြမ်းမှာတော့ အခွန်အခမြင့်မားတဲ့အပြင် အဖွဲ့ ၅ ဖွဲ့ခန့်ကို အခွန်ဆောင်နေရပြီး အဖွဲ့တဖွဲ့ကို ၅ သိန်းကနေ ၁၀ သိန်းကြား ဆောင်ရကာ မလိုအပ်ဘဲ ငွေကုန်နေတဲ့အပြင် မြန်မာငွေဈေးထိုးကျမှုနဲ့ ငွေလှဲလှယ်နှုန်းမှာ ရှုံးနေတဲ့အပြင် ဆီဈေးအဆမတန် မြင့်မားလာမှုကြောင့် ကုန်သည်လုပ်ငန်းရှင်တွေ ဆုံးရှုံးမှု ဖြစ်ပေါ်နေကာ ပြည်သူတွေအနေနဲ့ ကုန်ဈေးနှုန်း အဆမတန်မြင့်မားမှု ခံနေရတာဖြစ်ပြီး အကုန်အကျ မခံသင့်တဲ့ နေရာတွေမှာ မကုန်အောင် သက်ဆိုင်ရာ တာဝန်ရှိသူတွေအနေနဲ့ စိစစ်ပေးစေချင်တယ်လို့ နယ်စပ်လုပ်ငန်းရှင်တွေက ပြောပါတယ်။

ပြီးခဲ့တဲ့နှစ်တွေမှာ အခွန်အခ ကောက်ခံမှုတွေ ရှိပေမဲ့ အခုနှစ်မှာ အခွန်ကောက်ခံတဲ့အဖွဲ့တွေ များလာသလို ကောက်ခံနှုန်းတွေလည်း ပိုမြင့်လာတာကြောင့် ကျင်စန်းကျော့-မန့်မိုင် (ဝမ်တိန်) နယ်စပ်ဂိတ်ကနေ ကုန်တင်ပို့မှု၊ ကုန်တင်သွင်းမှု လုပ်ရာမှာ ဒီဂိတ်ကို မှီခို အလုပ်လုပ်ကိုင်နေရသူတွေ အနေနဲ့ ထိခိုက်မှုများလာတာပါ။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013