DVB Logo
Home
မြန်မာသတင်း
တကသအမှုဆောင်ဟောင်း ကိုမင်းဟိန်းခန့်အပါအဝင် ၁၀၅ ဦး ထောင်ပြောင်းရွှေ့ခံရ
DVB
·
August 15, 2022
တကသအမှုဆောင်ဟောင်း ကိုမင်းဟိန်းခန့်အပါအဝင် ၁၀၅ ဦး ထောင်ပြောင်းရွှေ့ခံရ
Donate to DVB

ရန်ကုန် စီးပွားရေးတက္ကသိုလ်ကျောင်းသားများသမဂ္ဂ (ရွာသာကြီးနယ်မြေ) အမှုဆောင်ဟောင်း ကိုမင်းဟိန်းခန့် အပါအဝင် နိုင်ငံရေးအကျဥ်းသား ၁၀၅ ယောက်ကို အင်းစိန်အကျဥ်းဦးစီးဌာနက ဩဂုတ် ၁၄ ရက်မှာ သရက်ထောင်ကို ပြောင်းရွှေ့လိုက်တယ်လို့ သိရပါတယ်။

ကိုမင်းဟိန်းခန့်ဟာ ပြီးခဲ့တဲ့ မတ်လတုန်းက အင်းစိန်ထောင်တွင်းတရားရုံးမှာ ပုဒ်မ ၅၀၅-ကနဲ့  အလုပ်နဲ့ ထောင်ဒဏ် ၃နှစ် ချမှတ်ခံထားရတာပါ။

နိုင်ငံရေးအကျဥ်းသားတွေကို ထောင်ပြောင်းရွေ့မှုပြုလုပ်တာဟာ ဒါနဲ့ဆို တတိယအကြိမ်​မြောက်ဖြစ်ပြီး ထုံးစံအတိုင်းမိသားစုတွေဆီ ကြိုတင်အကြောင်းကြားခြင်းမရှိခဲ့ဘဲ ထောင်ပြောင်းရွေ့မှုကို စနေနေ့တွေမှာသာ ပြုလုပ်တာက တနင်္ဂနွေနေ့ ထောင်ရုံးပိတ်ရက် ဖြစ်တာကြောင့် မိသားစုတွေ လိုက်လံစုံစမ်းလို့မရအောင် ကြိုတင်အကွက်ချစီမံတာ ဖြစ်နိုင်တယ်လို့လည်း ရန်ကုန်စီးပွားရေးတက္ကသိုလ်ကျောင်းသားများသမဂ္ဂ (ရွာသာကြီးနယ်မြေ) ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

စစ်ကောင်စီလက်ဝေခံ ထောင်အာဏာပိုင်တွေဟာ နိုင်ငံရေးအကျဥ်းသားတွေကို နေ့စဥ်နဲ့အမျှ ထောင်တွင်း ဖိနှိပ်မှုတွေ ပြုလုပ်နေရုံသာမက ခုလို တိတ်တဆိတ် ထောင်ပြောင်းရွှေ့တာတွေ ပြုလုပ်တာဟာ မိသားစုဝင် မိဘပြည်သူတွေကိုပါ မတရားဖိနှိပ်နေတဲ့ လုပ်ရပ်တွေဖြစ်တာကြောင့် မိမိတို့ရဲ့လွတ်လပ်ခွင့်နဲ့ ထောင်တွင်းရဲဘော်တွေရဲ့ အခွင့်အရေးအတွက် အာဏာရှင် အမြစ်ပြတ်ရေးတော်လှန်ရေးကို ကျောင်းသား လူငယ် မိဘပြည်သူတွေအနေနဲ့ နေ့စဥ်နဲ့အမျှ အာရုံစိုက်ကြဖို့လည်း တောင်းဆိုထားပါတယ်။

အကြမ်းဖက်စစ်ကောင်စီဟာ တိုင်းပြည်အာဏာကို မတရားသိမ်းယူပြီးချိန်ကတည်းက နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၊ သမ္မတ ဦးဝင်းမြင့်တို့ အပါအဝင် စစ်အာဏာရှင်စနစ်ကို ဆန့်ကျင်တော်လှန်သူတွေအားလုံးကို မတရားပုဒ်မတပ် ဖမ်းဆီးအရေးယူ ထောင်ချတာတွေ၊ ညှဉ်းပန်းနှိပ်စက်တာ၊ နိုင်ငံတဝန်း မင်းမဲ့စရိုက်ဆန်ဆန် ရွာလုံးကျွတ် မီးရှို့ဖျက်ဆီးတာ၊ ပစ်ခတ်နှိမ်နင်းတာတွေကို ဆက်တိုက် လုပ်ဆောင်လာနေခဲ့တာပါ။

နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (အေအေပီပီ) ရဲ့ ထုတ်ပြန်ချက်အရ မြန်မာနိုင်ငံမှာ အာဏာသိမ်း ၁ နှစ်ခွဲကျော်အကြာ စစ်ကောင်စီတပ်တွေ အကြမ်းဖက် ပစ်ခတ်သတ်ဖြတ်မှုတွေကြောင့် နိုင်ငံတဝန်း အပြစ်မဲ့ကျဆုံးပြည်သူ ၂,၁၈၅ ယောက်နဲ့ ဖမ်းဆီးထိန်းသိမ်းခံရသူပေါင်း ၁၅,၀၉၁ ယောက်ထိရှိပြီလို့ ဆိုပါတယ်။

ဒီစာရင်းဟာ ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက်မှ ၂၀၂၂ ခုနှစ်၊ ဩဂုတ် ၁၁ ရက်အထိ အေအေပီပီက ကောက်ယူမှတ်တမ်း ပြုစုထားတာဖြစ်ပြီး အမှန်တကယ် ကျဆုံးသူတွေဟာ ဒီထက်ပိုနိုင်တယ်လို့ ဖော်ပြပါတယ်။

နွေဦးတော်လှန်ရေးကာလအတွင်း ဒီနေ့အထိ ၁၁,၉၉၄ ယောက် လက်ရှိ ချုပ်နှောင်ခံထားရဆဲ ဖြစ်ပြီး အဲဒီထဲက ၁,၃၈၀ ယောက်ကတော့ ထောင်ဒဏ် ချမှတ်ခံထားရပါတယ်။

တော်လှန်ရေးနဲ့ဆက်စပ်ပြီး သေဒဏ်ချမှတ်ခံထားရကာ အကျဉ်းထောင်တွေထဲ ထိန်းသိမ်းခံနေရသူ အရေတွက်ကတော့ ၈၁ ယောက်ရှိနေပြီး မျက်ကွယ် သေဒဏ်ချမှတ်ခံထားရသူ ၄၂ ယောက်အပါအဝင် ၁၂၁ ယောက်ကတော့ မျက်ကွယ် ပြစ်ဒဏ်ချမှတ်ခံထားရတာကြောင့် သေဒဏ်ချမှတ်ခံထားရသူ စုစုပေါင်း ၁၂၃ ယောက် ရှိလာခဲ့ပြီ ဖြစ်ပါတယ်။

လတ်တလောအချိန်ထိ အာမခံနဲ့ လွတ်မြောက်သူ ၂၂ ယောက်ရှိပြီး ပြန်လည်လွတ်မြောက်လာသူ ဦးရေကတော့ ၃,၀၇၅ ယောက် ရှိခဲ့တယ်လို့ ဆိုပါတယ်။ ဒါ့အပြင် အေအေပီပီကနေ လက်လှမ်းမီသမျှ မှတ်တမ်းပြုစုထားချက်အရ အာဏာသိမ်းချိန်ကနေ ပြီးခဲ့တဲ့ ဇူလိုင်လကုန်ထိ အကြမ်းဖက်စစ်အုပ်စုက မတရား ချိပ်ပိတ်သိမ်းဆည်းခဲ့တဲ့ နေအိမ်၊ အဆောက်အဦ အရေအတွက် စုစုပေါင်း ၇၀၉ ခုထက်မနည်းရှိခဲ့တယ်လို့ ဆိုပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013