DVB Logo
Home
မြန်မာသတင်း
ကေအန်ယူ တပ်မဟာ ၅ နယ်မြေအတွင်း စစ်ဘေးရှောင်ဦးရေ ၉၆၀၀၀ ကျော် ရှိလာ
DVB
·
August 15, 2022
ကေအန်ယူ တပ်မဟာ ၅ နယ်မြေအတွင်း စစ်ဘေးရှောင်ဦးရေ ၉၆၀၀၀ ကျော် ရှိလာ
Donate to DVB

ကရင်အမျိုးသားအစည်းအရုံး ကေအန်ယူ၊ ကော်သူးလေအုပ်ချုပ်နယ်မြေ မူတြော်ခရိုင် တပ်မဟာ ၅ နယ်မြေထဲက လူသောမြို့နယ်၊ ဒွယ်လိုးမြို့နယ်၊ ဘူးသိုမြို့နယ်တွေမှာ တိုက်ပွဲတွေကြောင့် ထွက်ပြေးတိမ်း ရှောင်နေကြရတဲ့ စစ်ဘေးရှောင်ပြည်သူဦးရေ ၉၆၁၈၀ ယောက်ထိ ရှိလာနေပြီလို့ သိရပါတယ်။

ဩဂုတ် ၁၅ ရက် ဒီကနေ့ ရက်စွဲနဲ့ ကေအန်ယူရဲ့ ထုတ်ပြန်ချက်မှာတော့ အာဏာသိမ်း အကြမ်းဖက်စစ်ကောင်စီတပ်နဲ့ နယ်ခြားစောင့်တပ် (BGF) တပ်တွေဟာ စစ်ရေးလှုပ်ရှားမှုတွေကို အဆက်မပြတ် လှုပ်ရှား ဆောင်ရွက်နေတာကြောင့် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) တပ်မဟာ (၅) ရဲ့ လက်အောက်ခံတပ်ရင်းတွေဟာ ပြည်သူလူထုရဲ့ အသက်အိုးအိမ်စည်းစိမ်နဲ့ နယ်မြေလုံခြုံရေးတို့အတွက် ကာကွယ်ဖို့ ထိတွေ့ပစ်ခတ်မှုတွေ၊ ရင်ဆိုင်တိုက်ပွဲတွေ နေ့စဉ်ဖြစ်ပွားနေပြီး မူတြော်ခရိုင် တပ်မဟာ (၅) ဟာ ကျန်တပ်မဟာတွေအားလုံးထက် တိုက်ပွဲအကြိမ်ရေအများဆုံး ဖြစ်ပွားတဲ့ တပ်မဟာတခု ဖြစ်တယ်လို့ ဆိုပါတယ်။

အာဏာသိမ်းအကြမ်းဖက်စစ်ကောင်စီတပ်နဲ့ နယ်ခြားစောင့်တပ် (BGF) တွေဟာ ပြည်သူလူထု နေထိုင်တဲ့ ကျေးရွာတွေ၊ လုပ်ကိုင်စားသောက်တဲ့ လုပ်ငန်းခွင်တွေကို လက်နက်ကြီး လက်နက်ငယ်တွေနဲ့ ရည်ရွယ်ချက်ရှိရှိ ပစ်မှတ်ထားတိုက်ခိုက်လာတာကြောင့် ဒေသခံပြည်သူတွေဟာ နေထိုင်တဲ့ ကျေးရွာတွေ၊ ပိုင်ဆိုင်တဲ့ ပစ္စည်ဥစ္စာတွေ၊ လုပ်ငန်းခွင်တွေကို ထားခဲ့ကာ ဘေးလွတ်ရာ ထွက်ပြေးတိမ်းရှောင်နေကြရတယ်လို့ ဆိုပါတယ်။

ဒါ့အပြင် စစ်ဘေးရှောင်ပြည်သူ အများစုဟာ မိရိုးဖလာ တောင်ယာလုပ်ငန်းတွေနဲ့ လယ်လုပ်ငန်းတွေကို အဓိကအသက်မွေးဝမ်းကျောင်းလုပ်ငန်းတွေအနေနဲ့ လုပ်ကိုင်ကြသူတွေ ဖြစ်တာကြောင့် လတ်တလောမှာတော့ အခြေခံရိက္ခာမလုံလောက်တဲ့ ပြဿနာတွေကို ရင်ဆိုင်နေရတဲ့အပြင်  စစ်ဘေးရှောင်ပြည်သူအရေအတွက် ပိုတိုးလာတာကြောင့် လိုအပ်ချက်တွေ အများအပြား လိုအပ်နေတယ်လို့လည်း ထုတ်ပြန်ချက်ထဲမှာ ဖော်ပြပါတယ်။

လတ်တလောမှာတော့ အာဏာသိမ်းစစ်အုပ်စုရဲ့ ပြည်သူလူထုအပေါ် အကြမ်းဖက် ဖိနှိပ်ဖမ်းဆီး တိုက်ခိုက်သတ်ဖြတ်နေမှုတွေကို ပြည်သူတရပ်လုံးက အသက်ရှင်သန်ရေးအတွက် ခုခံကာကွယ်ပိုင်ခွင့်အရ ပြည်သူ့ခုခံစစ်ကို ဆင်နွှဲနေကြပြီး နိုင်ငံတဝန်းမှာတော့ ဒေသခံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေ၊ တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့တွေနဲ့ အကြမ်းဖက် စစ်ကောင်စီတပ်တွေကြား တိုက်ပွဲတွေလည်း ပြင်းထန်နေပါတယ်။

မြန်မာနိုင်ငံတဝန်းမှာတော့ ပဋိပက္ခနဲ့ တိုက်ပွဲတွေကြောင့် အမျိုးသမီးနဲ့ ကလေးငယ်တွေ အပါအဝင် နေရပ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်ရသူ ဦးရေဟာ ၁ ဒသမ ၂ သန်းကျော် ရှိလာခဲ့ပြီဖြစ်ကာ ပြီးခဲ့တဲ့ ဇူလိုင်လအတွင်းမှာတော့ ပြည်တွင်းနေရပ် စွန့်ခွာသူဦးရေ အများဆုံး စံချိန်တင်ခဲ့တယ်လို့ ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ ညှိနှိုင်းရေးရုံး (UNOCHA) က ထုတ်ပြန်ထားပါတယ်။

အဲဒီထဲမှာတော့ ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ် အာဏာသိမ်းယူမှုအပြီး ဖြစ်ပေါ်လာတဲ့ ပဋိပက္ခနဲ့ မလုံခြုံမှုတွေကြောင့် ပြည်တွင်းနေရပ်စွန့်ခွာသူ ၈၆၆,၀၀၀ ယောက်နဲ့ အဲဒီမတိုင်မီ ပဋိပက္ခတွေကြောင့် ပြည်တွင်းနေရပ် စွန့်ခွာသူ ၃၄၆,၀၀၀ ယောက်ပါဝင်တယ်လို့ ဆိုပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013