DVB Logo
Home
Lead Story
အိန္ဒိယရှိ လယ်သမားတချို့ သီးနှံဆုံးရှုံးမှုနဲ့ ရင်ဆိုင်ရပြီးနောက် ကိုယ့်ကိုယ်ကိုယ် သတ်သေမှု များလာ
DVB
·
April 16, 2014
အိန္ဒိယရှိ လယ်သမားတချို့ သီးနှံဆုံးရှုံးမှုနဲ့ ရင်ဆိုင်ရပြီးနောက် ကိုယ့်ကိုယ်ကိုယ် သတ်သေမှု များလာ
Donate to DVB

လွန်ခဲ့တဲ့လက အိန္ဒိယနိုင်ငံရဲ့ မဟာရက်ရှ်ထရာပြည်နယ်မှာ လယ်သမားအယောက် ၄၀ လောက်ဟာ သူတို့ရဲ့သီးနှံတွေ ဆုံးရှုံးခဲ့ရပြီးနောက်မှာတော့ ကိုယ့်ကိုယ်ကို သတ်သေ သွားခဲ့ကြပါတယ်။

ပြည်နယ်အတော်များများမှာ မိုးသီးမုန်တိုင်းတွေ ကျရောက်ခဲ့ပြီး သီးနှံစိုက်ခင်း ဟက်တာပေါင်း ထောင်နဲ့ချီ ပျက်စီးသွားခဲ့ရတာကြောင့် လယ်သမားတွေလည်း ပျက်စီးဆုံးရှုံးခြင်း လမ်းစ ရောက်ခဲ့ရတာပါ။

Shwe Taung 1အာမက်နာဂါခရိုင်မှာ အသက် ၄၅ နှစ်အရွယ် ပရာကက်ရှ်ဂါဒီတယောက် သူ့ရဲ့ ၅ ဧက ရှိတဲ့ ဂျုံစိုက်ခင်းထဲမှာ ရပ်နေတာပါ။ သူဟာ ရင့်မှည့်လုနီးပါးဖြစ်နေတဲ့ ဂျုံပင်အစည်းတစည်းကို ကောက်ယူလိုက်ပြီး သူ့အပင်တွေကို ၀မ်းပမ်းတနည်း ကြည့်လိုက်ပြီးတော့ အော်ငိုပါတော့တယ်။

“အားလုံး ကုန်ပါပြီ။ ငါတော့ သွားပါပြီ။ ဒါတွေနဲ့ ဘဏ်ချေးငွေ ပြန်ဆပ်နိုင်တော့မယ်လို့ တွေးထားခဲ့တာ။ ကျနော် လွန်ခဲ့တဲ့ ၅ နှစ်က ချေးငွေ ထုတ်ခဲ့ပြီးတော့ ဒီငွေအားလုံးကို ဒီမြေပေါ်မှာ အကုန် ရင်းနှီးသုံးစွဲထားတာ။ ကျနော် ပြန်မဆပ်နိုင်သေးဘူး။ ဒါပေမယ့် ဒီတကြိမ်တော့ သီးနှံတွေ အရမ်းကောင်းနေလို့ ကိုယ့်ပြသာနာတွေတော့ ပြေလည်ပြီလို့ တွေးထားတာ။ ဒါပေမယ့် ဘာတွေဖြစ်ကုန်ပြီလဲ ဆိုတာသာ ကြည့်ပါတော့ဗျာ။ ခုတော့ ကျနော် ဘာမှ မလုပ်တတ်တော့ဘူး။ ဘာမှလဲ မကျန်တော့ဘူး။”

ပြီးခဲ့တဲ့လတုန်းက မဟာရက်ရှ်ထရာ ပြည်နယ်နဲ့ အနီးဝန်းကျင် ပြည်နယ်တွေမှာ ချိန်ခါမဲ့ ရွာတဲ့မိုးနဲ့ မိုးသီးမုန်တိုင်းတွေကြောင့် ဆောင်းသီးနှံ စိုက်ခင်း ဟက်တာပေါင်း ၂ သန်းနီးပါး အကုန်လုံး ပျက်စီးသွားခဲ့ပြီး အပျက်အစီးတွေရဲ့တန်ဖိုးဟာ အမေရိကန်ဒေါ်လာ သန်း ၁ ထောင် ကျော် ရှိမယ်လို့ ခန့်မှန်းထားပါတယ်။

အိမ်နီးချင်းပြည်နယ် ရှိုလာပူရ်ပြည်နယ်မှာတော့ လယ်သမားကြီး ဘာဘာဆို အောတာဒီက ဒီ ဖိစီးမှုကို မခံနိုင်ရှာပါဘူး။ သူ့ဘ၀ကို အဆိပ်သောက်ပြီး အဆုံးသတ်သွားပါတယ်။ သူရဲ့သားဖြစ်သူ အသက် ၃၅ နှစ်အရွယ် ဂျာနက်ရှ်ဝါ အောတာဒီ ကတော့ ခုထိ ၀မ်းနည်းပူဆွေးနေရတုန်းပါ။

“အဖေက တော်တော်ကို စိတ်ထောင်းကိုယ်ကြေ ဖြစ်သွားရှာတာပါ။ ကျနော်တို့ အများကြီး ဆုံးရှုံးသွားပြီးတော့ အကြွေးတွေလဲ အများကြီး တင်ကုန်ပါတယ်။ သူက တချိန်လုံး ချေးငွေအကြောင်းပဲ တွေးနေတာလေ။ အဲဒါကပဲ သူ့ကို ပျက်အောင် ဖျက်သွားတာပါပဲ။ ဘာလို့လဲဆိုတော့ ကျနော်တို့မှာ ဒီအကျဉ်းအကျပ်ကနေ ပြန်ထနိုင်ဖို့ တခြားဘာမှ မရှိဘူးလေ။ ဒီ စိတ်ဖိစီးမှုကို မခံနိုင်တော့လို့ သူ့ စိတ်တွေလဲ လွတ်သွားသလိုဖြစ်ပြီးတော့ နောက်ဆုံး သူ့ကိုယ်သူ သေကြောင်းကြံသွားတာပါပဲ။”

မီဒီယာတွေကနေ သတင်းထုတ်ပြန်တာကတော့ ပြီးခဲ့တဲ့လက သီးနှံတွေ ဆုံးရှုံးသွားလို့ ကိုယ့်ကိုယ်ကိုယ် သတ်သေသွားကြတဲ့ လယ်သမားတွေ ၄၀ လောက်ရှိတယ်လို့ ဆိုပေမဲ့ အစိုးရတော့ ၁၀ ယောက်လောက်ပဲ ရှိတယ်လို့ ဆိုပါတယ်။

ဒါပေမယ့် တကယ့်ကိန်းဂဏန်းက ဒီ့ထက် အများကြီး ပိုတယ်လို့ လယ်သမားခေါင်းဆောင် တယောက်ဖြစ်တဲ့ ဂျာယာဂျီ ဆူရ်ယာဗန်ရှီက ပြောပါတယ်။

“ကျနော်တို့ သိတာကတော့ နယ်မြေအနည်းအပါးတင် ကိုယ့်ကိုယ်ကိုယ် သတ်သေတာ ၂၉ ယောက် ရှိပါတယ်။ ဒါတောင် ပထမပတ် ၁ ပတ်ထဲမှာတင် ဖြစ်သွားတာပါ။ မုန်တိုင်းက ပြည်နယ်တခုလုံးကို တိုက်သွားပြီးတော့ သီးနှံတွေ အားလုံးကို ပျက်စီးကုန်တာပါ။ ဒါက အရေးပေါ်အခြေအနေတရပ်ပါ။ ကိန်းဂဏန်းတွေကိုတော့ အမှန်တကယ်ထက်ကို လျော့ပြောထားတာပါ။”

ဒီပြည်နယ်မှာ မနှစ်တုန်းကတော့ သီးနှံဆုံးရှုံးမှုတွေကြောင့် ကိုယ့်ကိုယ်ကိုယ် သတ်သေကြတာတွေ တသီတတန်းကြီး ဖြစ်ခဲ့ကြပြီး အဲဒီအချိန်တုန်းက မိုးခေါင်ရေရှားဒဏ်လဲ ဆိုးဆိုးရွားရွား ကြုံခဲ့ရတာပါ။

ပုံမှန် မဟုတ်တဲ့ မိုးလေ၀သ အခြေအနေအတွက် ကမ္ဘာကြီး ပူနွေးမှုကို ပြစ်တင်ပြောကြားကြောင်း စိုက်ပျိုးရေးပညာရှင် ဆဘ်ဟာ့ရှ် ပါလီကာ က “ရာသီဥတု ပြောင်းလဲရေးဆိုင်ရာ ကုလသမဂ္ဂအစိုးရအတွင်းပိုင်း အကြံပေးအဖွဲ့ကတော့ သူတို့ရဲ့ နောက်ဆုံး ထုတ်ပြန်တဲ့အစီရင်ခံစာထဲမှာ ကျနော်တို့ကို သတိပေးထားတာကတော့ ကမ္ဘာကြီးပူနွေးမှုက ကျနော်တို့ကို ပိုပြီး ပြင်းပြင်းထန်ထန် ထိခိုက်စေဦးမယ် ပေါ့လေ။ လူတွေရဲ့ကျန်းမာရေး၊ အစားသောက်-ကောက်ပဲသီးနှံ ထုတ်လုပ်ရရှိမှုနဲ့ ရေအရင်းအမြစ်တွေလဲ ထိခိုက်မှာပေါ့။ ကျနော်တို့ရှေ့မှာတင် ဒေသ ၃ ခုစလုံးမှာ ဆိုးကျိုးသက်ရောက်မှုတွေကို တွေ့နိုင်ပါတယ်လေ။ ဒီလိုဖြစ်ရတဲ့ အဓိကအကြောင်းကတော့ ကျနော်တို့က သဘာဝအတိုင်း လယ်ယာလုပ်တဲ့စနစ်ကို ဖျက်ဆီးခဲ့မိလို့ပါပဲ”လို့ ပြောပါတယ်။

ဒါပေမယ့် ဒေသခံလယ်သမားတွေအတွက်ကတော့ ဒါ မိုးလေ၀သကြောင့်ဖြစ်တာ မဟုတ်ပါဘူးတဲ့။ အမျိုးသား ရာဇ၀တ်မှုမှတ်တမ်းရုံးကတော့ ၁၉၉၅ ခုနှစ်ကတည်းက လယ်သမားတွေ ကိုယ့်ကိုယ်ကိုယ် သတ်သေတဲ့အမှု ၃ သိန်း နီးပါး ရှိတယ်လို့ မှတ်တမ်းတင်ထားပါတယ်။

လယ်သမားအုပ်စုတွေ ပြောတာကတော့ ဒါဟာ အစိုးရက လယ်ယာမြေပြသာနာတွေကို အကြီးအကျယ် မျက်နှာလွှဲ ခဲပစ် လုပ်ခဲ့တဲ့ ပြသာနာပဲ လို့ ဆိုပါတယ်။ အိန္ဒိယ လယ်သမားများ အဖွဲ့အစည်းတွေကို ယာယီပူးပေါင်းဖွဲ့စည်းလိုကတဲ့ အဖွဲ့မှ အတွင်းရေးမှူးချုပ် ချန်ဂေါလ် ရဒ်ဒီက အခုလို ပြောပါတယ်။

“ဒါဟာ နိုင်ငံရေးနဲ့ဆိုင်တဲ့ အဖွဲ့အစည်းတွေ အထူးသဖြင့် ဗဟိုအစိုးရ၊ ပြည်နယ်အစိုးရတွေနဲ့ နိုင်ငံရေးပါတီတွေ လုံးဝကို ပြိုလဲသွားတာပါပဲ။ ဘာလို့လဲဆိုတော့ ဒီကလူတွေအများစုက ဒါတွေ ဘာ့ကြောင့်ဖြစ်နေတယ်ဆိုတာကို နားမလည်ကြဘူးလေ။ ဒါက စိုက်ပျိုးရေးလုပ်ငန်း၊ ကြွေးမြီချပေးရမှာတွေ၊ သီးနှံအာမခံကိစ္စတွေ၊ ပို့ကုန်စနစ် သို့မဟုတ် တန်ဖိုးသတ်မှတ် ရောင်းချတဲ့စနစ်တွေနဲ့ ပတ်သက်ပြီးတော့ အိန္ဒိယအစိုးရရဲ့ အခြေခံ မူဝါဒချို့တဲ့ခြင်းတခုပေါ့ဗျာ။ စက်မှုပိုင်းနဲ့ ၀န်ဆောင်မှုပိုင်းတွေရဲ့ တိုးတက်မှုမှာ ၈ ရာခိုင်နှုန်းကနေ ၁၀ ရာခိုင်နှုန်း များလာပါတယ်လို့တော့ ပြောတာပဲ။ ဒါပေမယ့် စိုက်ပျိုးရေးပိုင်းကဏ္ဍမှာတော့ အနုတ်လက္ခဏာ ပြနေတာပဲဗျ။”

အိန္ဒိယနိုင်ငံရဲ့ စိုက်ပျိုးရေးလုပ်ငန်းဟာ နိုင်ငံလူဦးရေရဲ့ ၇၀ ရာခိုင်နှုန်းနီးပါးလောက်ရဲ့ စားဝတ်နေရေးကို ဖြည့်ဆည်းပေးနေတာလဲ ဖြစ်ပါတယ်။ အိန္ဒိယနိုင်ငံရဲ့ ပြည်နယ်မူဝါဒအရ စိုက်ပျိုးရေးဟာ နိုင်ငံ့စီးပွားရေးရဲ့ ပင်မကျောရိုး ဖြစ်ပါတယ်။ ဒါပေမယ့်လဲ စိုက်ပျိုးရေးကဏ္ဍမှာ ရင်းနှီးမြှုပ်နှံမှုက ခပ်မြန်မြန် ကျဆင်းနေတာလို့ ပညာရှင်တွေက ဆိုပါတယ်။ သတင်းအချက်အလက်ဆိုင်ရာ ပြည်သူ့အခွင့်အရေးအတွက် အမျိုးသားလှုပ်ရှားမှု အဖွဲ့မှ နစ်ခီးလ် ဒီးက ခုလိုပြောပါတယ်။

“လယ်သမားတွေ ကိုယ့်ကိုယ်ကို သတ်သေကြမှုတွေကို ကျနော်တို့ ပြောလာတာ နှစ်ပေါင်း အတော်ကြာလာပါပြီ။ စိုက်ပျိုးရေးကဏ္ဍကို အာရုံမစိုက်ကြလို့ ဆိုတာ သံသယတောင် မရှိပါဘူး။ တနေရာရာမှာတော့ ကျနော်တို့ စိတ်လုံခြုံမှုတော့ ပေးနိုင်ရမှာပေါ့။ မူဝါဒကို အကောင်အထည် ဖော်တာ မအောင်မြင်တဲ့အတွက် အကြောင်းပြချက် မရှိပါဘူး။”

အာရှဒေသ သတင်းဆောင်းပါးအတွက် သတင်းထောက် ဘစ္စမီလာ ဂီလာနီက နယူးဒေလီကနေ သတင်းပေးပို့ခဲ့တာပါ။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013