DVB Logo
Home
မြန်မာသတင်း
သင်္ကြန်နဲ့ သင်္ကြန်စာ
DVB
·
April 12, 2014
သင်္ကြန်နဲ့ သင်္ကြန်စာ
Donate to DVB

မြန်မာ့ရိုးရာ အတာသင်္ကြန်ပွဲ နီးလာတာနဲ့အမျှ သင်္ကြန် သံချပ်တွေ ဒိုးတွေ သင်္ကြန်သီချင်းတွေနဲ့ အတူ သင်္ကြန်စာကလည်း အတူပါလာစမြဲ ဖြစ်ပါတယ်။

သင်္ကြန် စာရောင်းတဲ့သူတွေရဲ့ ဒီနှစ်တော့ တနလာင်္သားသမီးတွေကို ဖက်ထားကြတော့ အပျိုကြီး လူပျိုကြီးတွေ စန်းပွင့်နေပြီဆိုတဲ့ အော်သံက နားထောင်တဲ့ လူတွေက ခပ်ပြုံးပြုံး ဖြစ်သွားစေပါတယ်။

ThaGyeinSarသင်္ကြန်ကာလအတွင်း လူပြည်ကို လာရောက်မယ့် သိကြားမင်းက ဘယ်လို ဘယ်နည်းနဲ့ လူပြည်ကို ဆင်းလာမယ်ဆိုတာက အစရှေ့လာမယ့် မြန်မာသက္ကရာဇ်မှာ ဖြစ်လာနိုင်တဲ့ စီးပွားရေး၊ လူမှုရေး၊ မိုးလေ၀သ၊ ကုန်ဈေးနှုန်း အခြေအနေနဲ့ ပျိုးကြဲရမယ့် ရက်တွေ စတာတွေကို သင်္ကြန်စာမှာ ထည့်သွင်းရေးသားလေ့ရှိတာပါ။

ဒါ့အပြင် လူတဦးချင်းရဲ့ မွေးဖွားတဲ့နေ့အလိုက် နှစ်သစ်မှာ ဖြစ်လာနိုင်တဲ့ ဟောကိန်းတွေကို လည်း ဝေေ၀ဆာဆာ ထည့်သွင်းရေးသားထားပါတယ်။

ဒီသင်္ကြန်စာတွေ မြန်မာ့ လူမှုဘ၀ထဲကို ဘယ်အချိန်က စရောက်လာတာပါလဲ။

မြန်မာနိုင်ငံ နက္ခသိပ္ပံအဖွဲ့က အမှုဆောင် အရာရှိချုပ် ဦးဇေယျာကိုကတော့ ကုန်းဘောင်ခေတ် မင်းတုန်းမင်းလက်ထက်က ပုံနှိပ်စက်တွေစပြီး ရောက်ရှိပြီးတဲ့ အချိန်ကစလို့ သင်္ကြန်စာကို ပုံနှိပ်ရောင်းချခဲ့တာဖြစ်တယ်လို့ ပြောပါတယ်။

သင်္ကြန်စာတွေဟာ မန္တလေး ရတနာပုံခေတ်ရဲ့ ကြွင်းကျန်တဲ့ မြန်မာ့ရိုးရာ တခုဖြစ်သလို သင်္ကြန်စာ ထုတ်ဝေရတဲ့ ရည်ရွယ်ချက်ကိုလည်း ဦးဇေယျာကိုက အခုလို ရှင်းပြပါတယ်။
“မြန်မာတနိုင်ငံလုံးမှာရှိတဲ့ ပြည်သူလူထုအပေါ် ဗေဒင်နဲ့ ပတ်သက်ပြီးတော့မှ သူတို့ သိလိုတဲ့ ဟာလေးတွေ နောက်တခုကတော့ ကုန်ဈေးနှုန်းအခြေအနေလေးတွေ ရာသီဥတုအခြေအနေ လေးတွေကို သိရှိနိုင်ဖို့ ရည်ရွယ်ချက်နဲ့ သင်္ကြန်စာကို ထုတ်ဝေခဲ့တာ။”

သင်္ကြန်စာတွေဟာ တိုင်းပြည်ရဲ့ ဘဏ္ဍာတော်တိုးပွားဖို့ အထောက်အပံ့တွေဖြစ်နေတာကို တွေ့ရ တယ်လို့လည်း သူက ပြောပါတယ်။

သင်္ကြန်စာမှာပါတဲ့ ဟောကိန်းတွေဟာ ပုံသေ သတ်မှတ်ထားတဲ့ ဟောကိန်းတွေကို တွေ့ရသလို ပညာရှင်တွေကလည်း ဒီပုံသေဟောချက်တွေကိုဘဲ ဟောပြောနေတာ ဖြစ်တဲ့ အတွက် မှန်တာတွေလည်း ရှိသလို မမှန်တာတွေလည်း ရှိတယ်လို့ ဦးဇေယျာကိုက ပြောပါတယ်။
“သင်္ကြန်စာတွေမှာ အားနည်းချက်က ဘာဖြစ်လဲဆိုတော့ တိုင်းပြည်အတွက် ကောင်းတဲ့အကျိုး ဟောတာထက် မကောင်းတာတွေ အများကြီးပါလာတာတွေ့ရတယ်။ နောက် ပြည်သူလူထုကို စိတ်ခြောက်ခြားအောင် ဟောထားတဲ့ ဟောချက်တွေ တော်တော်များများ တွေ့ရှိရပါတယ်။ သင်္ကြန်စာတွေနဲ့ ပတ်သက်ပြီးတော့မှ ဒီဘက်ခေတ်မှာ ပြန်ပြီးတော့မှ ပြုပြင်ရေးသားဖို့လည်း လိုအပ်တယ်။ ဒီသင်္ကြန်စာတွေမှာ ဟောတာက ကျမ်းဂန်မှာ ဖော်ပြထားပေမယ့် ကိုယ့်ရဲ့ အသိဥာဏ်ပညာကို မြှင့်တင်ပြီးတော့ ပြန်ပြီး ရှာဖွေ လှမ်းဆက်ရမယ့်ဟာတွေ ရှိနေတယ်။ ဒါပေမယ့် ကျနော်တို့ရှေ့က ပညာရှင်တွေက အဲဒီလိုအခြေအနေမျိုး မဆောင်ရွက်သွားတာတွေ့ ရတယ်။”

ဒီအတွက် ၂၀၁၄ ခုနှစ်မှာတော့ စာမျက်နှာ ၄ မျက်နှာ ရှိတဲ့ မော်ဒန် သင်္ကြန်စာကို ဖေးဘရိတ် ဂျာနယ်မှာ ထည့်သွင်းပုံနှိပ် ဖြန့်ဝေခဲ့ပါတယ်။ ဒီမော်ဒန်သင်္ကြန်စာနဲ့ အရင်က သင်္ကြန်စာတွေရဲ့ ကွာဟချက်ကိုလည်း သူက အခုလို ရှင်းပြပါတယ်။
“ကျနော်တို့ရဲ့ အဓိက ကွာခြားချက်ကတော့ ကျနော်တို့ကတော့ သင်္ကြန်စာ ကျမ်းဂန်တွေက အကြောင်းအရာတွေကို လုံးဝဖယ်ထုတ်လိုက်တယ်ပေါ့။ ဘာကြောင့် ဖယ်ထုတ်လိုက်လဲဆိုတော့ ပြည်သူလူထု စိတ်ခြောက်ခြားမယ့်ဟာတွေ တိုင်းပြည်ရဲ့ မကောင်းကျိုးအနိဋ္ဌာရုံ ဟောတဲ့ဟာတွေကို အားလုံးဖယ်ထုတ်ပြီးတော့မှ မြန်မာလ တလချင်းအလိုက် လကွယ်ရဲ့ ဇာတာဂွင်မှာ ရှိနေတဲ့ ဂြိုဟ်ရပ်တည်မှုတွေ နောက် တလအတွင်းမှာ ဖြစ်ပေါ်လာမယ့် ထူးခြားတဲ့ ဂြိုဟ် ရပ်တည်မှုတွေအရ မြန်မာပြည်မှာ နိုင်ငံရေး၊ အုပ်ချုပ်ရေး၊ စီးပွားရေး၊ ကုန်ဈေးနှုန်း အခြေအနေ နောက် သဘာဝ ဘေးအန္တရာယ် အခြေအနေတွေ ဘယ်လို ဖြစ်မယ်ဆိုတာကို တင်ပြထားတဲ့ မော်ဒန်သင်္ကြန်စာ ဖြစ်ပါတယ်။ ကျနော်တို့ ယူထားတဲ့ အိုင်ဒီယာက လကွယ်ချိန်ကို တွက်ပြီးယူတဲ့ဟာကတော့ မြန်မာရိုးရာ ယဉ်ကျေးမှုမှာတော့ မရှိဘူး။ အနောက်တိုင်း နက္ခတ်ပညာကနေ ယူထားပြီးတော့မှ ဒီစနစ်နဲ့ ပုံစံအသစ် အသွင်သဏ္ဍာန်သစ်နဲ့ ကျနော်တို့ ထောက်ပြဆွေးနွေးတာ ဖြစ်ပါတယ်။”

အရင်နှစ်အစိုးရက မြန်မာ့ စာနယ်ဇင်းလောကကို ဖြေလျော့ခွင့်တွေပေးပြီးတဲ့နောက်မှာတော့ သင်္ကြန်စာ ထုတ်ဝေခွင့်ကဒ်ရှိတဲ့သူတွေကလည်း သင်္ကြန်စာတွေကို ထုတ်ဝေခွင့်ရရှိခဲ့ပြီး ပုံနှိပ်ထုတ်ဝေခဲ့ရာက သင်္ကြန်စာ ၄၊ ၅ မျိုးလောက်အထိ ဈေးကွက်မှာရောင်းချပါတယ်။ အစောဆုံးထွက်တဲ့သင်္ကြန်စာကို လူတွေက ပိုပြီး ၀ယ်ယူဖတ်ရှုကြတယ်လို့လည်း ဆိုပါတယ်။

အရင်ကတော့ သင်္ကြန်စာတွေဟာ ယဉ်ကျေးမှု ၀န်ကြီးဌာနက တာဝန်ယူ ထုတ်ဝေခဲ့တာ ဖြစ်ပေမယ့် အခုတော့ မန္တလေးက ပုဏ္ဏားအနွယ်ဝင်တွေ မိသားစု အသိုင်းအ၀န်းတွေက သင်္ကြန်စာကို ထုတ်ဝေခဲ့ကြပါတယ်။

ရှေးယခင် ဘိုးဘွားတွေခေတ်က သင်္ကြန်စာကို ယုံလည်းယုံကြည်ကြသလို သင်္ကြန်စာကို ကြည့်ပြီး စိုက်ပျိုး ရိတ်သိမ်းဖို့ ပြင်ဆင်ကြသလို ပေါကုန်၊ ရှားကုန် တွေကိုကြည့်ပြီး အရောင်းအ၀ယ် ပြုလုပ်ကြ ပါတယ်။

မြို့ပြတွေမှာထက် ကျေးလက်တောရွာတွေမှာ သင်္ကြန်စာက ပိုလွမ်းမိုးမှုရှိသလို အိမ်တွေကလည်း တအိမ်ကို တစောင်နီးပါးလောက် ၀ယ်ယူကြတာလည်း ဖြစ်ပါတယ်။
“အဓိကတော့ ကျေးလက်တောရွာတွေ အထိ ၀ယ်ယူသုံးစွဲရတဲ့ အကြောင်းအရင်းကတော့ သင်္ကြန်စာတွေမှာ အဓိက နက္ခတ်တွေ ကြယ်တွေနဲ့ တွက်ချက်ပြီးတော့မှ ပျိုးကြဲရမယ့်ရက်တို့ နောက် အဓိကကတော့ စိုက်ပျိုးရေးကဏ္ဍတွေ လုပ်ရမယ့် တောင်သူဦးကြီးတွေအတွက် တန်ဖိုးရှိတဲ့ ရက်လေးတွေ ပါတယ်။ အဲဒါကြောင့် ကျေးလက်နေ လူတန်းစားက သင်္ကြန်စာကို ပိုပြီး စိတ်ဝင်စားတာတွေ့ရပါတယ်။ အဓိက တော့ ကျေးလက်နေမိဘပြည်သူတွေ သင်္ကြန်စာကို စိတ်ဝင်စားရတဲ့အကြောင်းအရင်းကတော့ ကျေးလက်နေတဲ့လူတန်းစားအလွှာဟာ စိုက်ပျိုးရေးကို ဆောင်ရွက်တဲ့ လူတန်းစာအလွှာဖြစ်နေတဲ့အတွက်ကြောင့် သင်္ကြန်စာကို မိမိရရ ဆုပ်ကိုင်ပြီးတော့မှ သူတို့ရဲ့ စိုက်ပျိုးရေးကဏ္ဍတွေ စပါးလှောင်ပဲလှောင် သီးနှံလှောင်တဲ့ ကိစ္စတွေကို ဆောင်ရွက်တာ တွေ့ရပါတယ်။”

ဒါပေမယ့် အခုချိန်မှာတော့ သင်္ကြန်စာတွေရဲ့ အခန်းကဏ္ဍဟာ မှေးမှိန်လာသလို ၀ယ်ယူဖတ်ရှုတာ နည်းပါးလာတယ်လို့ ရှမ်းပြည်တောင်ပိုင်း ရွှေညောင်မြို့ခံ တဦးက အခုလို ပြောပါတယ်။
“သင်္ကြန်စာဖတ်ပြီးတော့မှ သင်္ကြန်စာမှာ ဘယ်လိုဆိုထားတယ်မျိုး မပြောကြတော့ဘူး။ အရင်တုန်းက ဘယ်အချိန်မှာ မိုးခေါင်တာတို့ ရေရှားတာတို့ အဲဒါတွေ အရင်တုန်းကတော့ ဖတ်ကြတာပေါ့။ နောက်မဖတ်ကြတော့ဘူး။”

သင်္ကြန်စာတွေကို ခေတ်သစ်ပုံစံနဲ့ ပြုပြင်ရေးသားမယ်ဆိုရင်တော့ ဖတ်ရှုတဲ့သူတွေအနေနဲ့ ပိုပြီး ဗဟု သုတရတာတွေ နိုင်တယ်လို့ ဦးဇေယျာကိုက ပြောပါတယ်။ ဘယ်လိုပင်ဖြစ်စေကာမှု သင်္ကြန် အချိန်ရောက်ရင် သင်္ကြန်စာ တွက်ချက်ရောင်းချကြသူတွေ ရှိနေမှာဖြစ်သလို ၀ယ်သူ ဖတ်ရှူတွေ ကလည်း ရှိနေဦးမှာပါ။

မြန်မာ့ရိုးရာ အတာသင်္ကြန်နဲ့ သင်္ကြန်စာဆိုတာ ခွဲခြားမရတဲ့ ဓလေ့ ထုံးတမ်းတခုအဖြစ် မြန်မာကျေး လက်လူထုအကြား အခိုင်အမာ ဆက်ရှိနေဦးမယ်ဆိုတာကတော့ ယုံမှား သံသယဖြစ်စရာ မရှိကြောင်းပါ။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013