DVB Logo
Home
မြန်မာသတင်း
ဘေးကင်းတဲ့ သောက်သုံးရေရရှိရေး လှုပ်ရှားသူ စောသေဂေမူး ပဒိုမန်းရှာ လူငယ်ခေါင်းဆောင်ဆု ရရှိ
DVB
·
August 11, 2022
ဘေးကင်းတဲ့ သောက်သုံးရေရရှိရေး လှုပ်ရှားသူ စောသေဂေမူး ပဒိုမန်းရှာ လူငယ်ခေါင်းဆောင်ဆု ရရှိ
1 / 12
Donate to DVB

ကလေးတိုင်း ဘေးကင်းတဲ့သောက်သုံးရေ ရရှိရေး လှုပ်ရှားဆောင်ရွက်သူ စောသေဂေမူး (ခ)သေဖိုး ကို  ၂၀၂၁ ခုနှစ် ပဒိုမန်းရှာလားဖန်း လူငယ်ခေါင်းဆောင်ဆု ချီးမြှင့်လိုက်ပါတယ်။

စောသေဂေမူးဟာ ကရင်နယ်နဲ့ ထိုင်း-မြန်မာနယ်စပ်တလျှောက်မှာ နေထိုင်တဲ့သူတွေ သန့်ရှင်းပြီး ဘေးကင်းကျန်းမာတဲ့ သောက်သုံးရေတွေ ရရှိရေးတွက် လှုပ်ရှားဆောင်ရွက်သူဖြစ်ပြီး ကရင်ပြည်နယ် နယ်စပ်တလျှောက်က လူတိုင်း သန့်ရှင်းတဲ့ ဘေးကင်းတဲ့ သောက်သုံးရေ ရရှိအောင် လှုပ်ရှားဆောင်ရွက်နေသူ ဖြစ်ပါတယ်။ 

သူ့ရဲ သန့်ရှင်းဘေးကင်းတဲ့ သောက်သုံးရေ လှုပ်ရှားဆောင်ရွက်မှုကြောင့် ကရင်ပြည်နယ်နဲ့ ထိုင်း-မြန်မာ နယ်စပ်တလျှောက်မှာ လူပေါင်း ၄၀၀၀၀ ထက်မနည်း အကျိုးခံစားရပြီး လူငယ်တွေအတွက် အတုယူသင့်တဲ့သူဖြစ်လို့ ဒီဆုကို ချီးမြှင့်တာဖြစ်ကြောင်း ဖန်းဖောင်ဒေးရှင်းက ထုတ်ပြန်ပါတယ်။

စောသေဂေမူးဟာ အသက် ၂၉ နှစ်ရှိပြီး သူဟာ သန့်ရှင်းဘေးကင်းတဲ့ သောက်သုံးရေ ရရှိရေးလှုပ်ရှားမှုကို ၂၀၁၈ ခုနှစ်က စတင်လုပ်ခဲ့တာဖြစ်ပြီး ကရင်ပြည်နယ်အတွင်းနဲ့ ထိုင်းနယ်စပ်တလျှောက်ကမှာ သောက်ရေသန့် ရေစစ်စက်ကြီး စက်ငယ် ၁၀၀ လောက် တပ်ဆင်ပေးထးပြီး ဖြစ်ကြောင်းလည်း  ပြောပါတယ်။

“ကျနော်တို့ ဒီသောက်သုံးရေသန့်စက်ကြီးကို ၁၀ လုံးကျော် တပ်ဆင်ပေးထားပြီးပြီ။ အဲဒီစက်ကြီးတွေက တရက်ကို သောက်ရေသန့် လီတာ ၂၀၀၀ ထုတ်ယူနိုင်တယ်။ ပြီးတော့ တရက် လီတာ ၁၀၀၀ လောက် ထုတ်နိုင်တဲ့ ရေသန့် ရေစစ်စက်ကြီးတွေ ၁၀ ကျော်။ ဒီစက်တွေဟာ လျှပ်စစ်မီး အသုံးပြုစရာ မလိုဘူးပေါ့နော်။ Gravity အကို သုံးတာပေါ့နော်။ နောက် ဒီလူ လေး ငါးရာ သောက်သုံးနိုင်တဲ့ WATER ROLL ကတော့ ကျနော်တို့ ပေးတာ သုံး လေးဆယ် တပ်ဆင်ပေးထားပြီး ဖြစ်တယ်။” 

စောသေဂေမူးဟာ ကရင်ကျောင်းသားများ ကွန်ရက် (KSNG) အဖွဲ့ဝင်တဦးဖြစ်သလို  အာဆီယံ ရာသီဥတု ပြောင်းလဲမှုဆိုင်ရာ လူငယ်ခေါင်းဆောင် ကောလိပ်သင်တန်းမှာ ရွေးချယ်ခံရပြီး အဲဒီသင်တန်းကနေတဆင့် ဒေသအတွက် လုပ်ဆောင်ရတာဖြစ်တယ်လို့ ဆိုပါတယ်။

အခု ပဒိုမန်းရှာလားဖန်း လူငယ်ခေါင်းဆောင်ဆု ရရှိတဲ့အပေါ် ဒါဟာ သူ့ကိုပေးတာမဟုတ်ဘဲ ကွန်မြူနတီက လူတွေအားလုံးကို ပေးတာဖြစ်သလို ဒီလို ရရှိတဲ့အတွက်လည်း အလုပ်ဆက်လုပ်နိုင်ဖို့ ခွန်အားဖြစ်တယ်လို့ ပြောပါတယ်။

“ကျနော့်ကို ရွေးချယ်တဲ့အတွက် ကျေးဇူးအထူးတင်ပါတယ်။ သူတို့အနေနဲ့ ကျနော်တို့လုပ်ငန်းကို ဆက်လက်ပံ့ပိုးဖို့ စိတ်အားထက်သန်သလို ကျနော်တို့လုပ်ငန်းကို တန်ဖိုးထားပြီး ချီးမြှင့်တဲ့အတွက် ဝမ်းသာတယ်။ ကျေးဇူးလည်းတင်ပါတယ်။ တဆက်တည်းမှာပဲ ကျနော်တို့ လုပ်ဖော်ကိုင်ဖက် ညီကိုမောင်နှမတွေကိုလည်း ကျေးဇူးတင်တယ်။ ဒီဆုရရှိတာက ကျနော်တယောက်တည်း မဟုတ်ဘဲ အားလုံးက ဒီချီးမြှင့်မှုကို ရရှိတာဖြစ်တယ်လို့ ပြောချင်ပါတယ်။”

ဒီဆုချီးမြှင့်ငွေ ဒေါ်လာ ၄၀၀၀ ကို မနက်ဖြန် ဩဂုတ်လ ၁၂ ရက်နေ့မှာ ကျရောက်မယ့် ၇၂ နှစ်မြောက် ကရင့်အာဇာနည်နေ့မှာ ပေးအပ်ချီးမြှင့်မှာဖြစ်ပြီး ပဒိုမန်းရှာရဲ့သားကြီး စောစေးစေးက ပေးအပ်သွားမယ်လို့ ဖန်းဖောင်ဒေးရှင်းက ကြေညာပါတယ်။

ဘားအံခရိုင်၊ ညာလီအားထာမှာ ကျင်းပပြုလုပ်မယ့် ၇၂ နှစ်မြောက် ကရင့်အာဇာနည်နေ့မှာ ဒီဆုကို ချီးမြှင့်မှာဖြစ်ပြီး သူကိုယ်တိုင် တက်ရောက်ဆုယူမှာဖြစ်ကြောင်းလည်း စောသေဂေမူးက ပြောပါတယ်။

၂၀၂၀ ပြည့်နှစ်အတွက် ပဒိုမန်းရှာလားဖန်း လူငယ်ခေါင်းဆောင်ဆုကို ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့က ရပ်ရွာအသိုက်အဝန်းအတွက် ငြိမ်းချမ်းရေး၊ ဖွံ့ဖြိုးရေးနဲ့ လူ့အခွင့်အရေး တက်ကြွလှုပ်ရှားသူ  စောမင်းခလိန်းက ရရှိခဲ့တာ ဖြစ်ပါတယ်။

ပဒိုမန်းရှာလားဖန်း လူငယ်ခေါင်းဆောင်ဆုဟာ မိမိကိုယ်ကျိုးအတွက် မကြည့်ဘဲ ကရင်အမျိုးသား တိုးတက်ရေးအတွက် ပညာရေး၊ လူ့အခွင့်အရေးနှင့် ရိုးရာယဉ်ကျေးမှုဆိုင်ရာ စတဲ့ ကရင်လူမျိုးအရေးအတွက် စွမ်းစွမ်းတမံ လုပ်ဆောင်ပေးသူ အသက် ၃၅ နှစ်အောက် ကရင်လူငယ်တွေကို နှစ်စဉ် ဂုဏ်ပြုချီးမြှင့်တဲ့ဆု ဖြစ်ပါတယ်။ 

လုပ်ကြံခံခဲ့ရတဲ့ ကေအန်ယူခေါင်းဆောင် ပဒိုမန်းရှာလားဖန်းရဲ့ သားသမီးတွေက ဖန်းဖောင်ဒေးရှင်းကို တည်ထောင်ပြီး ပဒိုမန်းရှာ လူငယ်ခေါင်းဆောင်ဆုကို ၂၀၀၈ ခုနှစ်ကစပြီး နှစ်စဉ် ပေးအပ်ချီးမြှင့်နေတာ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013