DVB Logo
Home
မြန်မာသတင်း
ရနောင်းတွင် ပွဲစားက လိမ်ညာခေါ်လာသည့် မြန်မာလုပ်သား ၂၀၀ ကျော် ပိတ်မိနေ
DVB
·
August 10, 2022
ရနောင်းတွင် ပွဲစားက လိမ်ညာခေါ်လာသည့် မြန်မာလုပ်သား ၂၀၀ ကျော် ပိတ်မိနေ
Donate to DVB

ထိုင်းတောင်ပိုင်း၊ ရနောင်းမြို့နယ်ထဲမှာ ပွဲစားက အလုပ်ရှာပေးမယ်လို့ပြောပြီး အလိမ်ခံရတဲ့  မြန်မာအလုပ်သမား ၂၀၀ ကျော် ပိတ်မိနေပါတယ်။

သူတို့ဟာ မြန်မာပြည် အနယ်နယ်အရပ်ရပ်ကဖြစ်ပြီး ပွဲစားက သူတို့ကို ထိုင်းနိုင်ငံမှာ တရားဝင် အလုပ်လုပ်ရအောင် လုပ်ပေးမယ်ပြောလို့ တဦးကို မြန်မာငွေ ၁၅ သိန်းနဲ့ သိန်း ၂၀ ကျော်ထိ ပွဲခပေးကာ ရောက်ရှိလာကြောင်း၊ ဒီရောက်တော့ ဂိုဒေါင်တခုထဲ လှောင်ထားပြီး အလုပ်လည်းမရ၊ ဘယ်မှလဲ မသွားရလို့ လူ ၆၀ ကျော်က လက်မှတ်ရေးထိုး တိုင်ကြားလာတာလို့ အေအေစီ အလုပ်သမား ကူညီစောင့်ရှောက်ရေး မဟာမိတ်အဖွဲ့ ဦးဆောင်တာဝန်ခံ ကိုရဲမင်းက ဒီဗွီဘီကို ပြောပါတယ်။

“ထိုင်းနိုင်ငံထဲမှာ တရားဝင်အလုပ် ရမယ်၊ ပန်းရောင်ကတ်တွေ ရမယ်၊ ဘာညာဆိုပြီးတော့ လိမ်လည်ပြီးတော့ ခေါ်လာတာပေါ့နော်။ ဒီရောက်တာ လနဲ့ချီကြာနေပြီ။ တချို့က ၅ လကျော်၊ တချို့က ၃-၄ လကြာပြီ၊ ခုထိ အလုပ်လည်း မလုပ်ရဘူး။ ပါလာတဲ့ပိုက်ဆံလည်း ကုန်ပြီ။  အလိမ်ခံရတာကတော့ လူပေါင်း ၂၀၀ ကျော်၊ အဲဒီထဲက လူပေါင်း ၆၀ ကျော် လက်မှတ်ထိုးပြီး ကူညီပေးဖို့ တိုင်တန်းလာပါတယ်။ သူတို့ဖြစ်ချင်တာကတော့ အလုပ်မရရင်လည်း အိမ်ပြန်မယ်။ ပွဲစားကို ပေးထားတဲ့ ပိုက်ဆံတွေတော့ ပြန်လိုချင်တယ်ပေါ့။ လောလောဆယ်တော့ ထိုင်းဘက်ခြမ်းက အာဏာပိုင်တွေကိုရော မြန်မာဘက်က တာဝန်ရှိသူတွေကိုပါ အကြောင်းကြားဖို့ ဆောင်ရွက်နေပါတယ်။ သူတို့ငွေတွေ ပြန်မပေးရင် ပွဲစားကို အမှုဖွင့်ရပါမယ်။ ပွဲစားတချို့ကိုလည်း ဘယ်သူဘယ်ဝါဆိုတာ ကျနော်တို့ သိထားပါတယ်။”

ထိုင်းအာဏာပိုင်တွေကို တိုင်တန်းလိုက်ရင် အလုပ်သမားတွေ လဝကဥပဒေအရ ဖမ်းဆီး အရေးယူခံရဖွယ် ရှိကြောင်း၊ ဒါပေမဲ့ အလုပ်သမားတွေကတော့ ခုလို ပိတ်မိနေတာထက်စာရင် အဖမ်းခံရလည်း ရင်ဆိုင်ဖို့ အသင့်ဖြစ်တယ်လို့ ဆိုပါတယ်။

အေအေစီမှ ဒီအကြောင်းတွေကို အွန်လိုင်းပေါ် တင်လိုက်ပြီးတဲ့နောက် ပွဲစားတချို့က အလုပ်သမားတွေကို ခြိမ်းခြောက်တာလည်း ရှိတယ်လို့ ဆိုပါတယ်။

အေအေစီအနေနဲ့ကတော့ တာဝန်ရှိသူတွေနဲ့ပေါင်းပြီး အလုပ်သမားတွေကို အတတ်နိုင်ဆုံး ကူညီသွားမယ်လို့ ပြောပါတယ်။

အလုပ်သမားတွေဟာ အသက် ၁၈ နှစ်နဲ့ ၃၅ နှစ်ကြား အမျိုးသမီး၊ အမျိုးသားတွေဖြစ်ပြီး မြန်မာပြည်အလယ်ပိုင်းနဲ့ ရန်ကုန်၊ ပဲခူး၊ ဧရာဝတီ စတဲ့ ဒေသအသီးသီးက ရောက်လာတာလို့ ဆိုပါတယ်။

မြန်မာပြည်မှာ နိုင်ငံရေး၊ လုံခြုံရေး၊ စီးပွားရေး အကျပ်အတည်းတွေကြောင့် ပြည်သူတွေဟာ ပြည်ပမှာ သွားရောက်လုပ်ကိုင်စားသောက်ဖို့ ကြိုးပမ်းလာကြပြီး အိမ်နီးချင်း ထိုင်းနိုင်ငံကို အများဆုံးဝင်ရောက်ကာ အခန့်မသင့်ရင် ခုလို အလိမ်အညာခံရတဲ့အပြင် ထိုင်းအာဏာပိုင်တွေရဲ့ ဖမ်းဆီးခံရတာ၊ ယာဉ်မတော်တဆထိခိုက်မှု ကြုံရတာတွေလည်း ရှိပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013