DVB Logo
Home
မြန်မာသတင်း
ချင်းမိုင်မြို့တွင် ကျင်းပသည့် ၈၈၈၈ အရေးတော်ပုံ ၃၄ နှစ်ပြည့်အထိမ်းအမှတ်လှုပ်ရှားမှု (ဓာတ်ပုံ)
DVB
·
August 8, 2022
ချင်းမိုင်မြို့တွင် ကျင်းပသည့် ၈၈၈၈ အရေးတော်ပုံ  ၃၄ နှစ်ပြည့်အထိမ်းအမှတ်လှုပ်ရှားမှု (ဓာတ်ပုံ)
1 / 40
Donate to DVB

ရှစ်လေးလုံးလူထုအရေးတော်ပုံ  ၃၄ နှစ်မြောက် အထိမ်းအမှတ်နဲ့ စစ်အာဏာရှင်ဆန့်ကျင်ရေးလှုပ်ရှားမှုတခုကို ထိုင်းနိုင်ငံ ချင်းမိုင်မြို့ရှိ ထပ်ဖယ်ဂိတ်မှာ ဩဂုတ် ၈ ရက်ညနေပိုင်းက ပြုလုပ်ခဲ့ပါတယ်။

မြန်မာ့အရေးစိတ်ဝင်စားတဲ့ ထိုင်းလူမျိုးတွေနဲ့ ချင်းမိုင်ရောက်မြန်မာနိုင်ငံသား နိုင်ငံရေး တက်ကြွလှုပ်ရှာသူတွေ ပူးပေါင်းပြီး ဒီပွဲကိုစီစဉ်ကျင်းပတာဖြစ်ပြီး  ဒီလှုပ်ရှားမှုမှာ နိုင်ငံရေးတေးသီချင်းတွေသီဆို၊ ကဗျာတွေရွတ်ဆို သရုပ်ဖော်တာ၊ ရှစ်လေးလုံး အမှတ်တရဓာတ်ပုံတွေခင်းကျင်းပြသတာ၊ မြန်မာ့ရိုးရာ ဆီမီးခွက်အကနဲ့ ထိုင်းရိုးရာယဉ်ကျေးမှုအကတွေနဲ့ ဖျော်ဖြေခဲ့ကြပါတယ်။

၈၈ မျိုးဆက်ကျောင်းသားဟောင်းတဦးဖြစ်တဲ့ ခွန်းပက်ထရစ်ကတော့ “အဓိက ကျနော်တို့ရဲ့ ဦးတည်ချက်ဖြစ်တဲ့ အဖိနှိပ်ခံ ပြည်သူတရပ်လုံး စစ်အာဏာရှင်စနစ်မှ လွတ်မြောက်ရေး၊ ပြည်တွင်းငြိမ်းချမ်းရေး၊ ဒီမိုကရေစီနဲ့လူ့အခွင့်အရေးရရှိရေး၊ ဖယ်ဒရယ်ဒီမိုကရေစီပြည်ထောင်စု တည်ဆောက်ရေးတို့ကို ကျနော်တို့အခုချိန်ထိ လျှောက်လှမ်းပြီးမှ သွားနေဆဲဖြစ်ပါတယ်။ ၈၈၈၈ အရေးတော်ပုံကစပြီး ၂၀၂၂ ခုနှစ်အထိ အင်မတန်ရက်စက်ကြမ်းကြုတ်တဲ့ စစ်အာဏာရှင်ကြောင့် အသက်သွေးချွေးတွေ၊ အိုးအိမ်မြေတွေ ဆုံးရှုံးခံရပြီး မိဘဆွေမျိုးတကွဲတပြားစီ ဖြစ်ခဲ့ကြရပါတယ်။”လို့ အခမ်းအနားမှာ ပြောသွားပါတယ်။

အလားတူ ချင်းမိုင်ရောက် မြန်မာ့အရေးတက်ကြွလှုပ်ရှားသူတဦးဖြစ်တဲ့ ပအို့ဝ်လူမျိုး ခွန်ဦးကလည်း သူ့အနေနဲ့  ၈၈ အရေးတော်ပုံကြီးမှာ ထဲထဲဝင်ဝင်မပါခဲ့ရမဲ့ အာဏာရှင်စနစ်ကြောင့် အိုးအိမ်တွေ ပျက်စီးပြီး စစ်ကြောင့်ငယ်စဉ်ကတည်းကပင် စိတ်ဒဏ်ရာများစွာရရှိခဲ့ရပြီး အခု ၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းချိန်မှာလည်း အလားတူ ဖြစ်စဉ်မျိုး ကြုံတွေ့နေရကြောင်း ပြောပါတယ်။

ဒါကြောင့် စစ်အာဏာရှင်ကျဆုံးရေးအတွက် ပြည်သူအားလုံးပါဝင်ဖို့အခုချိန်မှာ အခွင့်အရေးကောင်းဖြစ်ကြောင်းလည်း  ပအို့ဝ်တိုင်းရင်းသား ခွန်ဦးက တိုက်တွန်း ပြောပါတယ်။

“မြန်မာနိုင်ငံကိစ္စပြောမယ်ဆိုရင် ၁ အချက်က ဗမာတိုင်းရင်းသားတွေပါဝင်လာတဲ့ တော်လှမ်းရေးတခု ဖြစ်ဖို့လည်း လိုအပ်တယ်။ ဒါကတော့အခု လက်ရှိကာလမှာ ဗမာတိုင်းရင်းသားတွေ ပါဝင်လာတာကိုတွေ့တဲ့အတွက်လည်းဝမ်းသာတယ်။ တိုင်းရင်းသား တွေအားလုံးကလည်း လက်ရှိဖြစ်ပေါ်နေတဲ့ စစ်ကောင်စီက အာဏာသိမ်းတဲ့ကိစ္စရပ်က တနိုင်ငံလုံးနဲ့ သက်ဆိုင်တယ်။ ပြီးရင်ကျနော်တို့ အာဆီယံနိုင်ငံတွေနဲ့လည်း သက်ဆိုင်တယ်။တ ကမ္ဘာလုံးနဲ့လည်း သက်ဆိုင်တဲ့ကိစ္စရပ်တခုဖြစ်ပါတယ်။ အဲဒီအတွက်ကြောင့် ဒီအာဏာသိမ်းတဲ့ကိစ္စရပ်ကို နိုင်ငံအသီးသီးကလူတွေ ကန့်ကွက်ကြဖို့လိုတယ်။ ဒီမိုကရေစီနဲ့ လူ့အခွင့်အရေးတန်ဖိုးထားတဲ့ မြတ်နိုးတဲ့လူတွေက အာဏာသိမ်းတဲ့ကိစ္စရပ်အပေါ် ဆန့်ကျင်ဖို့လိုအပ်တယ်။ နိုင်တဲ့နည်းကနေ ပါဝင်လုပ်ဆောင်သွားဖို့လည်းလိုအပ်တယ်။”

အဆိုပါဆန္ဒပြပွဲကို မြန်မာ့ဒီမိုကရေစီအရေးတက်ကြွလှုပ်ရှားသူတွေ၊ ချင်းမိုင်ရောက်မြန်မာတွေ၊  ထိုင်းလူငယ်တွေ၊ နိုင်ငံတကာက တက်ကြွလှုပ်ရှားသူလူငယ်တွေ၊ ကျောင်းသားတွေနဲ့  လူအင်အား ၁၅၀ လောက်ပါဝင်ဆင်နွှဲခဲ့ကြပါတယ်။

လွန်ခဲ့တဲ့ ၃၄ နှစ် ၁၉၈၈  သြဂုတ် ၈ ရက်မှာ သန်းနဲ့ချီတဲ့ မြန်မာပြည်ဒေသအနှံ့က ရဟန်းရှင်လူ ပြည်သူတွေဟာ မဆလ တပါတီ စစ်အာဏာရှင်စနစ်ကို ဆန့်ကျင်အုံကြွဆန္ဒပြခဲ့ကြတာမှာ စစ်တပ်က အကြမ်းဖက်ပစ်ခတ်သတ်ဖြတ် နှိမ်နင်းခဲ့တာဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013