DVB Logo
Home
မြန်မာသတင်း
ရိုးရာသင်္ကြန်ပွဲတော်မှာ အဝတ်စားဆင်ခြင်ဖို့ လူငယ်တွေ စည်းရုံးလှုံ့ဆော်
DVB
·
April 10, 2014
ရိုးရာသင်္ကြန်ပွဲတော်မှာ အဝတ်စားဆင်ခြင်ဖို့ လူငယ်တွေ စည်းရုံးလှုံ့ဆော်
1 / 2
Donate to DVB

မြန်မာ့ယဉ်ကျေးမှုကို ထုတ်ဖော်ပြတဲ့  နှစ်သစ်ကူးအတာသင်္ကြန်ပွဲမှာ သရုပ်ပျက်ဝတ်စား ဆင်ယင်မှုတွေ  အရက်သေစာ သောက်စားမှုတွေကြောင့် နိုင်ငံတကာက အထင်အမြင် မမှားစေဖို့ မြန်မာလူငယ်ကွန်ယက်အဖွဲ့က စည်းရုံးလှုပ်ရှားမှုတွေ ပြုလုပ်နေပါတယ်။

ရန်ကုန်မြို့က လူစည်းကားရာနေရာတွေဖြစ်တဲ့  အင်းယာကန်ဘောင်၊ ကန်တော်ကြီး၊ ပြည်သူ့ရင်ပြင်နဲ့ ကုန်တိုက် စတဲ့ နေရာတွေမှာ လူငယ်အဖွဲ့အစည်းတွေ စုပေါင်းပြီး  သရုပ်ပျက်ဝတ်စားဆင်ယင်မှုတွေ မလုပ်ဖို့ စည်းရုံးလှုပ်ရှားမှုတွေ လုပ်ဆောင်နေကြတာ ဖြစ်ပါတယ်။

[caption id="attachment_54112" align="alignright" width="300"]၂၀၁၃ ခုနှစ် ရန်ကုန်မြို့ရှိ သင်္ကြန်ရေကစားမဏ္ဍပ်တခုအား မြင်တွေ့ရစဉ် ၂၀၁၃ ခုနှစ် ရန်ကုန်မြို့ရှိ သင်္ကြန်ရေကစားမဏ္ဍပ်တခုအား မြင်တွေ့ရစဉ်[/caption]

အသွင်ကူးပြောင်းရေးကာလမှာ နိုင်ငံတကာက စောင့်ကြည့်မှုတွေ့နဲ့  အလှည့်ကျ အာဆီယံ ဥက္ကဌတာ ဝန်ယူထားတဲ့  မြန်မာနိုင်ငံအနေနဲ့ နှစ်သစ်ကူးသင်္ကြန်မှာ ယဉ်ကျေးမှု ပျောက်မယ့် ဝတ်စားဆင်ယင်မှုတွေ မလုပ်ဖို့ ရည်ရွယ်ထားတာလို့ မြန်မာလူငယ်များစွမ်းဆောင်ရေး မြှင့်တင်ရေးကွန်ရက်က ဥက္ကဋ္ဌ ကိုအောင်ဇင်က ပြောပါတယ်။

“နိုင်ငံတကာရော အာဆီယံဒေသတွင်း နိုင်ငံတွေရော အာဆီယံ ပြင်ပနိုင်ငံတွေရောက ကျနော်တို့ မြန်မာပြည်ကို အရမ်း စိတ်ဝင်စားနေကြတာ။ အသွင်ကူးပြောင်းရေးကာလမှာ အရမ်း စိတ်ဝင်စားနေတဲ့အချိန်မှာ ကျနော်တို့ မြန်မာက နဂိုကတည်းက ကိုယ်ပိုင်ယဉ်ကျေးမှုကလည်း ရှိပြီးသား။ ကိုယ်ပိုင်ယဉ်ကျေးမှုထဲမှာ သင်္ကြန်ဆိုတာ မြန်မာ့ ယဉ်ကျေးမှုကို တကယ်ပြလို့ရတဲ့ပွဲ။ အဲဒီလိုပွဲမှာ အရင်နှစ်တွေကလို့ သရုပ်ပျက်အ၀တ်အစား ၀တ်တာမျိုးတွေ အရမ်းမူးရူးပြီးတော့ ယောကျာ်းကော မိန်းကလေးတွေရော ယဉ်ကျေးမှုပျောက်တဲ့ ပုံစံမျိုးလုပ်တယ်ဆိုရင် သူများနိုင်ငံက မင်းတို့ မြန်မာယဉ်ကျေးမှုက ဒါပဲလား ငါတို့နဲ့ ဘာမှ မခြားပါလားလို့ မမြင်စေချင်လို့ ကျနော်တို့ ကန်ပိန်းကို အဓိကလုပ်တာပါ။”

ဧပြီ ၁၀ရက်နဲ့ ၁၁ ရက် ကြာ ဒီလှုပ်ရှားမှုကို Myanmar Youth Capacity Building Network၊ Myanmar Youth Intiative၊Think for Future၊ World MeritChange၊ B 2 charity စတဲ့ လူငယ်အဖွဲ့စည်း ၆ ဖွဲ့က ပူးပေါင်းလုပ်ဆောင်တာလည်း ဖြစ်ပါတယ်။

အလားတူ ဒီနှစ် အတာသင်္ကြန်ပွဲတော်မှာ ရုပ်ရှင် သရုပ်ဆောင်တွေအနေနဲ့လည်း သရုပ်ပျက်ဝတ်စားဆင်ယင်မှု တွေ့မလုပ်ကြဖို့  မြန်မာနိုင်ငံရုပ်ရှင်အစည်းရုံးကလည်း သတိပေး ထုတ်ပြန်ထားပါတယ်။

သရုပ်ဆောင်တွေဟာ တနိုင်ငံလုံးရဲ့ ရှေ့ဆောင်လမ်းပြဖြစ်နေတာရယ်၊ မနှစ်ကသင်္ကြန်မှာ ရုပ်ရှင်သရုပ်ဆောင်တချို့ရဲ့ သရုပ်ပျက်ဝတ်စားဆင်ယင်မှုတွေ့ဟာ အင်တာနက်မှာ မြင်မကောင်း အောင်ဖြစ်နေတဲ့အတွက် အခုလိုသတိပေးထုတ်ပြန်တာဖြစ်တယ်လို့ ရုပ်ရှင်အစည်းရုံး ဒုတိယ ဥက္ကဌ ဦးအေးကြူလေးက ပြောပါတယ်။

“မြန်မာသင်္ကြန်ဆိုတာက ဟိုးတုန်းကတော့ သပြေခတ်နဲ့ ရေပတ်တယ်တို့ ဘာတို့ပေါ့။ နောက်တဖြေးဖြေးနဲ့ ဒီဘက်ပိုင်းမှာ နိုင်ငံတကာရဲ့ ကူးလူးမှုက များလာတဲ့အခါမှာတော့ ပြီးခဲ့တဲ့နှစ်ကဆိုရင် တချို့ပုံတွေက ဆိုးဆိုးဝါးဝါးတွေ တော်တော် ပေါ်လာတယ်။  အဲဒီနောက်ပိုင်းမှာ သင်္ကြန်ကာလ ၀တ်စားဆင်ယင်မှုနဲ့ ပတ်သက်ပြီး စာတွေ ထုတ်ပေးတာကိုး။ ယဉ်ကျေးမှုကလည်း ထုတ်တယ်။ ရန်ကုန်တိုင်းဒေသကြီးကလည်း ထုတ်တယ်။ ဒါကတော့ ကောင်းတာပေါ့ ကလေးတွေကို သတိပေးတာဆိုတော့ သူတို့လည်း အမှတ်တမဲ့ မေ့သွားလို့ ရှိရင် ဆင်ခြင်ပြီးတော့ ထိန်းထိန်းသိမ်းသိမ်း ၀တ်လာတာပေါ့။”

နိုင်ငံခြားဇာတ်လမ်းတွဲတွေ့ရဲ့ လွှမ်းမိုးမှုနဲ့  ပြောင်းလဲလာတဲ့ ခေတ်ရေစီးကြောင်း အရ မြန်မာနိုင်ငံရဲ့ ဝတ်စားဆင်ယင်မှုအပေါ် သက်ရောက်မှုတွေရှိနေတာလည်း ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013