DVB Logo
Home
မြန်မာသတင်း
ဒီဗွီဘီသတင်းထောက် ကိုဇော်ဖေလွတ်မြောက်ရေး ၀တ်ပြုဆုတောင်းပွဲပြုလုပ်
DVB
·
April 10, 2014
ဒီဗွီဘီသတင်းထောက် ကိုဇော်ဖေလွတ်မြောက်ရေး ၀တ်ပြုဆုတောင်းပွဲပြုလုပ်
Donate to DVB

မကွေးမြို့ခံ ဒီဗွီဘီသတင်းထောက် ကိုဇော်ဖေ လွတ်မြောက်ရေးအတွက်  လုပ်ဖော်ကိုင်ဖက် ဒီဗွီဘီသတင်းထောက်တွေက ရန်ကုန်မြို့ ဆူးလေဘုရားမှာ လွတ်မြောက်ရေး ဆုတောင်းပွဲ ပြုလုပ်ခဲ့ပါတယ်။

ထောင်ဒဏ် ၁ နှစ်ချမှတ်ခံခဲ့ရတဲ့ မကွေးမြို့ခံ ဒီဗွီဘီသတင်းထောက် ကိုဇော်ဖေ ခေါ် ကိုသူရ သက်တင်  ပြန်လည်လွတ်မြောက်ဖို့အတွက် ဒီဗွီဘီသတင်းထောက်တွေနဲ့ တခြားသတင်းဌာန တွေက သတင်းထောက်အချို့ စုပေါင်းပြီး  ဆူးလေ ဘုရားမှာ ဧပြီ ၁၀ ရက် နေ့လည်က ဆုတောင်းခဲ့ကြတာပါ။

4သပြေပန်းတွေ နဲ့ဘုရားကိုပူဇော်ခဲ့ပြီး အကျဉ်းထောင်ကနေ အမြန်ဆုံးပြန်လည် လွတ်မြောက်ပြီး စတုတ္ထ မဏ္ဍိုင် ရဲ့တာဝန်တွေ ပြန်လည်ထမ်းဆောင်နိုင်ဖို့ ဆုတောင်းခဲ့ကြပါတယ်။

ကိုဇော်ဖေလွတ်မြောက်ရေးအတွက် ဆုတောင်းပွဲမှာ ပါဝင်ခဲ့သူတဦးဖြစ်တဲ့ ဒီဗွီဘီဝန်ထမ်း တစ်ဦးဖြစ်တဲ့ ကိုအောင်စိုးထိုက်ကတော့ မြန်မာနိုင်ငံရဲ့ သတင်းလွတ်လပ်ခွင့်ဆိုတဲ့ အပေါ်မှာ မေးခွန်းထုတ်စရာတွေ ရှိနေပါတယ်လို့ ခုလိုပြောပါတယ်။

“ကျနော့်အနေနဲ့ မြန်မာနိုင်ငံရဲ့ သတင်းမီဒီယာ လွတ်လပ်ခွင့် ကို အများကြီး မေးခွန်းထုတ်ဖို့ ရှိနေပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ အများပိုင် ဧရိယာ မှာ သွားရောက်မေးမြန်းတယ်။ အဲဒါကို ၀တ္တရားနှောင့်ယှက်မှု၊ ပိုင်နက်ကျူးလွန်မှုနဲ့ တနှစ် ပြစ်ဒဏ်ချမှတ်လိုက်တာဟာ သတင်းမီဒီယာ လွတ်လပ်ခွင့်ကို အကြီးအကျယ် ခြိမ်းခြောက်မှုလို့ ပြောချင်ပါတယ်။”

အခုလ ၈ ရက်နေ့ကလည်း  မန္တလေးမြို့မှာ  ဒီဗွီဘီသတင်းထောက် ကိုဇော်ဖေ လွတ်မြောက်ဖို့ အတွက် မန္တလေးအခြေစိုက် ဒီဗွီဘီ သတင်းထောက်တွေ အောင်တော်မူဘုရားမှာ ဆုတောင်း ခဲ့ကြပါသေးတယ်။

သင်္ကြန်အပြီးမှာတော့ ဒီဗွီဘီသတင်းထောက် ကိုဇော်ဖေအပါအဝင် ဖမ်းဆီးထောင်ချခံထားရတဲ့ သတင်းထောက်တွေ ပြန်လည်လွတ်မြောက်ဖို့မြန်မာ သတင်းသမားတွေ စုပေါင်းကာ တရားဝင် ခွင့်ပြုချက်တောင်းခံပြီး  ဆန္ဒထုတ်ဖော်သွားဖို့ ရှိနေပါတယ်။

၈၈ မျိုးဆက် ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းလူ့အဖွဲ့အစည်းက  ကိုမင်းကိုနိုင် ကတော့  သတင်းလောက ဟာ အဖိနှိပ်ခံ ဘ၀ရောက်သွားမယ်ဆိုရင် ဒီမိုကရေစီရှေ့ခရီးအတွက် မေးခွန်းထုတ်စရာ ရှိနေတယ်လို့ ပြောပါတယ်။

“သတင်းသမားရဲ့ သဘောကတော့ သတင်းရင်းမြစ်ရှိရာကို သွားကိုသွားရမှာ သွားတဲ့အခါမှာ ပိုင်နက်ကျူးလွန်မှုဆိုတာ ဘာကိုဆိုလိုတာလဲ။ ပြေလည်ရင်တော့ ပိုင်နက်မကျူးကျော်ဘူး။ မပြေလည်ရင်တော့ ကျူးကျော်တယ် ဒီလိုတော့ ပြောလို့ မရဘူးဗျ။ ရုံးမှာ ရှိတဲ့ ကိစ္စဆိုရင် ရုံးကို သွားရမယ်။ အိမ်မှာရှိရင် အိမ်ကိုသွားရမယ်။ အဲဒီအိမ်ထဲမှာ မဖွယ်မရာတခုခု ကျူးလွန်မိတယ် ဆိုရင်တော့ နောက်ပိုင်း ပိုင်နက်ကျူးကျော်မှုဆိုတာ ဆက်ပြောလို့ ရလိမ့်မယ်။ အခုတော့ မပြေလည်မှုကို အရင်းတည်ပြီးတော့ ရသမျှပုဒ်မ အကုန်ရှာ ဆိုတာမျိုးဆိုရင် သတင်းများတွေအတွက် တော်တော်အသွားမယ်။ သတင်းလောကဟာ အဖိနှိပ်ခံဘ၀ ပြန်ရောက်သွားမယ်ဆိုရင် ဒီမိုကရေစီ ရှေ့ခရီးအတွက် တကယ်မေးခွန်းထုတ်စရာ ရှိတယ်။”

သတင်းထောက် ကိုဇော်ဖေနဲ့ သူ့ကိုသတင်းပေးတဲ့ ကျောင်းသားမိဘတဦးတို့ကို  ဧပြီ ၇ ရက်နေ့က ၀တ္တရားနှောက်ယှက်မှု၊ ပိုင်နက် ကျူးလွန်မှု ပုဒ်မတွေနဲ့ ထောင်ဒဏ် ချမှတ်လိုက် တာဖြစ်ပါတယ်။

အစိုးရသစ်လက်ထက်မှာ သတင်းထောက်တွေကို တရားစွဲဆိုပြီး ထောင်ချနေတာတွေဟာ သတင်းလွတ်လပ်ခွင့်ကို ဟန့်တားနှောက်ယှက်မှုအဖြစ် မြန်မာဂျာနယ်လစ်ကွန်ယက် အပါအ၀င် ပြည်တွင်းပြည်ပစာနယ်ဇင်းအဖွဲ့အစည်းတွေက ကန့်ကွက်တဲ့ ကြေညာချက်တွေ အသီးသီး ထုတ်ပြန်ထားပါတယ်။ ဒါ့ပြင် ပြည်တွင်းထုတ် သတင်းစာနဲ့ ဂျာနယ်မျက်နှာဖုံးတွေမှာလည်း  အမည်းရောင်စာလုံးတွေနဲ့ ဖော်ပြပြီး မီဒီယာလွတ်လပ်ခွင့်ပေးဖို့ တောင်းဆိုခဲ့ကြပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013