DVB Logo
Home
မြန်မာသတင်း
ရွေးကောက်ပွဲဝင်မယ့်ကိုယ်စားလှယ်လောင်းပဲ မဲဆွယ်ခွင့်ပြုဖို့ ကော်မရှင်ပြင်
DVB
·
April 10, 2014
ရွေးကောက်ပွဲဝင်မယ့်ကိုယ်စားလှယ်လောင်းပဲ မဲဆွယ်ခွင့်ပြုဖို့ ကော်မရှင်ပြင်
Donate to DVB

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ကနေ ရွေးကောက်ပွဲဝင်မယ့် ကိုယ်စားလှယ် လောင်းကပဲ မဲဆွယ် စည်းရုံးခွင့်ရှိမယ့် ညွှန်ကြားချက် ထုတ်ပြန်ဖို့ ရှိတယ်လို့ ကော်မရှင်ရုံး ညွှန်ကြားရေးမှူး ဦးသောင်းလှိုင်က ပြောပါတယ်။

Union Election Commissionလာမယ့် ရွေးကောက်ပွဲတွေမှာ ရွေးကောက်ပွဲဝင်မယ့်သူကပဲ သူ့ မဲဆန္ဒနယ်မြေအတွင်း မဲဆွယ်စည်းရုံးခွင့် ရှိပြီး တခြားသူ တဦးဦးက လာရောက်မဲဆွယ်ခွင့် မပြုတဲ့ ညွှန်ကြားချက်ထုတ်ဖို့ ရှိတယ်လို့ သူက ပြောပါတယ်။

“အဓိကတော့ ပြောချင်တယ်က ရွေးကောက်ပွဲ မဲဆွယ်စည်းရုံးခွင့်ပါ။ မဲဆန္ဒနယ်အလိုက် ရှိတာကိုး။ နံပတ် ၁ က သက်ဆိုင်တဲ့ ရွေးကောက်ပွဲ ကိုယ်စားလှယ်တို့ လွှတ်တော်ကိုယ်စားလှယ် လောင်းတို့က သူတို့ကနေပြီးတော့ မဲဆွယ်စည်းရုံးဖို့ကို ကော်မရှင်က ညွှန်ကြားချက်အသစ် ထုတ်ဖို့ ရှိပါတယ်။ နဂိုရှိပြီးသားကလည်း လက်ရှိ တည်ဆဲပါပဲ။ နဂိုကတော့ သက်ဆိုင်ရာ ပုဂ္ဂိုလ် သို့မဟုတ် သူက တာဝန်ပေးအပ်တဲ့ ပုဂ္ဂိုလ်ပေါ့နော် အဲဒါက မဲဆွယ်စည်းရုံးခွင့် ရှိတယ်ပေါ့။ နောက်ပိုင်းမှာက သိပ်များလာတဲ့ အနေအထားလေးတွေ ဖြစ်လာတော့လေ ပိုပြီး တိတိကျကျလေးနဲ့ ကျစ်ကျစ်လစ်လစ်လေး ဖြစ်အောင် ပြုပြင်ဖို့ ပြင်ဆင်ဖို့ ရှိပါတယ်။ ဒါကလည်း လွတ်လပ်ပြီး ဘက်မလိုက်အောင်လို့ ဆောင်ရွက်တာပေါ့နော်။ ကျပ်တဲ့သဘောမျိုးတော့ မဟုတ်ဘူးပေါ့နော်။ သူ့ရွေးကောက်ပွဲကိုယ်စားလှယ်တို့ သက်ဆိုင်ရာကိုယ်စားလှယ်လောင်း တို့ပေါ့နော် ဒါလေးတွေကို အသစ်ပြန်ပြီး ထုတ်ပြန်ဖို့ ရှိပါတယ်။”

လောလောဆယ် မထုတ်ပြန်သေးဘဲ နိုင်ငံရေးပါတီတွေနဲ့ တွေ့ဆုံ ဆွေးနွေးပြီးမှ ထုတ်ပြန်သွားမယ်လို့လဲ ဆိုပါတယ်။

ဒါအပြင် မဲဆွယ်စည်းရုံးရေးကာလ လျှော့ချဖို့ အပါအ၀င် ရွေးကောက်ပွဲနည်းဥပဒေနဲ့ လုပ်ငန်းလမ်းညွှန်ချက်တွေ အတော်များများ ပြင်ဆင်ဖို့ လုပ်နေတယ်လို့လဲ ကော်မရှင်က ပြောပါတယ်။

ဒီမိုကရက်တစ်ပါတီ(မြန်မာ)ဥက္ကဋ္ဌ ဦးသုဝေကတော့ သူဖြတ်သန်းခဲ့တဲ့ ရွေးကောက်ပွဲ တလျှောက်တော့ ပါတီခေါင်းဆောင်လုပ်သူဟာ သူ့ပါတီကိုယ်စားလှယ်တွေအတွက် မဲဆွယ်စည်းရုံးခဲ့ကြရတာပဲလို့ ပြောပါတယ်။

“ပါတီခေါင်းဆောင်ဆိုသည်မှာ သူ့ရဲ့ ကိုယ်စားလှယ်တွေ တနိုင်ငံလုံးမှာအတွက်ကို သူက ၀ိုင်းကူပေးရမှာပေါ့။ သူ့တာဝန်ပဲလေ။ အဲဒီတော့ ဒါဟာ ပါတီခေါင်းဆောင်ရဲ့ လုပ်ငန်းပဲ၊ တပါတီလုံးမှာ သူ့ပါတီအတွက် စည်းရုံးရေးတွေ လိုက်ပြီးတော့ တရားဟောရမယ်၊ လိုက်ပြီးတော့ ဆွယ်ပေးရမယ်ပေါ့နော်။ ဒါဟာ လုပ်နေကြပဲလေ။ ကျနော်တို့ ဖြတ်သန်းလာခဲ့တဲ့ ရွေးကောက်ပွဲ တလျှောက်လုံးမှာတော့ အဲဒီအတိုင်း လုပ်ကြတာပဲလေ။”

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုအလုပ်အမှုဆောင် ဦးဝင်းမြင့်က ဒီလို ညွှန်ကြားချက် ထုတ်မယ်ဆိုရင် ၂၀၁၅ ရွေးကောက်ပွဲဟာ လွတ်လပ်ပြီး တရားမျှတမှာ မဟုတ်ဘူးလို့ ပြောပါတယ်။

“အဲဒီလိုသာ ပြဋ္ဌာန်းမယ်ဆိုရင် ၂၀၁၅ ရွေးကောက်ပွဲဟာ လွတ်လပ်ပြီး တရားမျှတတဲ့ ရွေးကောက်ပွဲဖြစ်အောင် ကြွေးကြော်နေတာဟာ လွတ်လပ်ချင်မှ လွတ်လပ်မယ်ဗျာ။ အခုကတည်းက တရားမျှမှုမရှိအောင် ပြဋ္ဌာန်းနေပြီ ညွှန်ကြားနေပြီဆိုတာ အခုကတည်းက ပေါ်နေပြီ။”

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်ဟာ ပြီးခဲ့တဲ့ ၂၀၁၂ ကြားဖြတ် ရွေးကောက်ပွဲတုန်းက အဖွဲ့ချုပ်ကိုယ်စားလှယ်လောင်းတွေအတွက် လှည့်လည်မဲဆွယ် စည်းရုံး ပေးခဲ့ဖူးပါတယ်။

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဦးတင်အေးဟာ အခုရက်ပိုင်း ဧရာဝတီတိုင်းနဲ့ ပဲခူးတိုင်းအတွင်း သွားရောက်ပြီး ရွေးကောက်ပွဲဆိုင်ရာလုပ်ငန်းတွေ လှည့်လည်ကြီးကြပ်ရင်း ညွှန်ကြားချက်အသစ် ထုတ်ဖို့ ရှိကြောင်း ပြောကြားနေတာလည်း ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013