နယ်စပ်ဖြတ်ကျော် မြစ်ရေညစ်ညမ်းမှုပြဿနာ ထိုင်းနှင့်မြန်မာ တွေ့ဆုံဆွေးနွေးမည်

ထိုင်း-မြန်မာနှစ်နိုင်ငံ နယ်စပ်ဖြတ်ကျော်ပြီး သဘာဝပတ်ဝန်းကျင်ညစ်ညမ်းတဲ့ ပြဿနာ၊ ချင်းရိုင်း ခရိုင်ထဲက နမ့်ခုတ်မြစ်နဲ့ မယ်ဆိုင်မြစ်ထဲက ရေတွေမှာ အာဆင်းနစ်ဓာတု စိမ့်ဝင်နေတဲ့ ပြဿနာတွေ ဖြေရှင်းဖို့ ထိုင်းနဲ့ မြန်မာ နှစ်နိုင်ငံက တာဝန်ရှိသူတွေဟာ နိုဝင်ဘာ ၂၅ နဲ့ ၂၆ ရက်တွေမှာ တွေ့ဆုံ ဆွေးနွေး အဖြေရှာဖို့ ရှိနေတယ်လို့ ထိုင်း MCOT သတင်းမှာ ဖော်ပြပါတယ်။
အဆိုပါပြဿနာတွေကို အမြန်ဆုံးဖြေရှင်းဖို့ ထိုင်းဝန်ကြီးချုပ် အနုထင်း ချန်းဝီရကွန်းက ထိုင်းသဘာဝသယံဇာတနဲ့ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး ဝန်ကြီးဌာနကို ညွှန်ကြားထားတယ်၊ ဒါ့အပြင် ပြဿနာကို အရင်းအမြစ်ကနေ ဖြေရှင်းနိုင်ဖို့ မြန်မာနိုင်ငံနဲ့ ပူးပေါင်းဆောင်ရွက်မှုတွေ မြှင့်တင်ဖို့နဲ့ တချိန်တည်းမှာ အခက်အခဲဖြစ်နေရတဲ့ ပြည်သူတွေအတွက် သန့်ရှင်းဘေးကင်းတဲ့ ရေအရင်းအမြစ်ကို ရှာဖွေပေးဖို့ သဘာဝသယံဇာတဝန်ကြီး နိုင်းဆူချတ် ချုမ်းကလင်ကို တာဝန် ပေးအပ်ထားတယ်လို့ ထိုင်းဝန်ကြီးချုပ်ရုံး ပြောရေးဆိုခွင့်ရှိသူ နန်းဆောင် လာလိဒါ ဖွေ့ဝိဝပ်ထနာက နိုဝင်ဘာ ၁၉ ရက်မှာ ထုတ်ပြန် ပြောပါတယ်။
ထိုင်းဒုဝန်ကြီးချုပ်နဲ့ နိုင်ငံခြားရေးဝန်ကြီး ဆီဟဆတ် ဖွန်ကတ်ကယောက်ဟာ ပြီးခဲ့တဲ့ နိုဝင်ဘာ ၁၂ ရက်က နေပြည်တော်ကို သွားရောက်ပြီး မြန်မာခေါင်းဆောင်တွေနဲ့ တွေ့ဆုံဆွေးနွေးခဲ့တာမှာ ထိုင်း - မြန်မာ နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်မှုမှာ အရေးပါတဲ့ တိုးတက်မှုတွေ ရှိခဲ့တယ်၊ နှစ်ဖက်စလုံးဟာ ရေအရည်အသွေး စီမံခန့်ခွဲမှုဆိုင်ရာ လုပ်ငန်းအဖွဲ့ Joint Working Group: JWG အစည်းအဝေးရက်ကို မူလကသတ်မှတ်ထားတဲ့ ဒီဇင်ဘာလဆန်းပိုင်းအစား ၂၀၂၆ နိုဝင်ဘာ ၂၅ နဲ့ ၂၆ ရက်တွေမှာ ဘန်ကောက်မှာ အမြန်ဆုံးကျင်းပဖို့ ရက်ရွှေ့ပြောင်းခဲ့ပြီး ပြဿနာဖြေရှင်းရေး လမ်းစဉ်တွေကို လက်တွေ့ကျကျ ချမှတ်သွားမယ်လို့ ဆိုပါတယ်။
အဆိုပါအစည်းအဝေးမှာ နှစ်နိုင်ငံ သဘာဝသယံဇာတနဲ့ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး ဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန်တွေက ပူးတွဲသဘာပတိအဖြစ် ဆောင်ရွက်ကြမှာဖြစ်တယ်၊ ထိုင်းနိုင်ငံအနေနဲ့ မြန်မာနိုင်ငံဘက်ခြမ်းက နမ့်ခုတ်မြစ်နဲ့ မယ်ဆိုင်မြစ်တို့ရဲ့ ရေအရည်အသွေး တိုင်းတာစစ်ဆေးတဲ့ နေရာတွေ တိုးမြှင့်တပ်ဆင်ဖို့၊ ပညာရပ်ဆိုင်ရာ အချက်အလက်တွေ ဖလှယ်ဖို့၊ ညစ်ညမ်းမှု ဖြစ်ပေါ်စေတဲ့ အရင်းအမြစ်တွေကို စစ်ဆေးဖို့နဲ့ တနှစ်တာ ရေတိုပူးတွဲလုပ်ငန်းစဉ်၊ ၃ နှစ်တာ ရေရှည်ပူးပေါင်းဆောင်ရွက်မှု မူဘောင်တွေကို ရေးဆွဲဖို့ အဆိုပြုသွားမှာဖြစ်ပြီး မြေပြင်မှာ အမြန်ဆုံး ပူးတွဲကွင်းဆင်းစစ်ဆေးနိုင်ဖို့ တွန်းအားပေးသွားမယ်၊ ထိုင်းနဲ့ မြန်မာ နှစ်နိုင်ငံဟာ ပူးတွဲလုပ်ငန်း လုပ်ဆောင်ဖို့ မူဘောင်အဖြစ် ပူးပေါင်းဆောင်ရွက်မှုနယ်ပယ် သတ်မှတ်ချက် စာချုပ် (TOR) ကို ၂၀၂၆ ခုနှစ် သြဂုတ် ၆ ရက်ကတည်းက လက်မှတ်ရေးထိုးထားပြီး ဖြစ်တယ်လို့ နန်းဆောင် လာလိဒါက ထုတ်ပြန် ပြောဆိုသွားပါတယ်။
မြန်မာနိုင်ငံ၊ ရှမ်းပြည်နယ် UWSA ‘ဝ’ တပ်ဖွဲ့ ထိန်းချုပ်နယ်မြေထဲမှာ တရုတ်ကုမ္ပဏီက မြေရှားသတ္တုနဲ့ ရွှေတူးဖော်ရေးလုပ်ငန်းတွေ အလွန်အကျွံ လုပ်ဆောင်နေပြီး သတ္တုသန့်စင်ရာမှာ အသုံးပြုတဲ့ စွန့်ပစ်ဓာတုပစ္စည်းတွေဟာ မြစ်လက်တက်တွေကတဆင့် နှစ်နိုင်ငံ နယ်စပ်ဖြတ်ကျော် မြစ်ထဲစီးဝင်တာကြောင့် မြစ်ဝှမ်းတလျှောက်နေ ပြည်သူတွေ သိန်းနဲ့ချီ မြစ်ရေညစ်ညမ်းမှုဒဏ် ခံစားနေရတယ်လို့ ထိုင်းနိုင်ငံ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး အဖွဲ့တွေက ထုတ်ပြန် ထားပါတယ်။
Source: MCOT NEWS











