
မန္တလေးမြို့ အောင်မြေသာစံမြို့နယ် ၈၂ လမ်း၊ ၁၆ လမ်း နဲ့ ၁၇ လမ်းကြားမှာ ဩဂုတ် ၇ ရက် နေ့လယ် ၂ နာရီခွဲလောက်က စစ်ကောင်စီတပ်ရဲ့ ပစ်ခတ်မှုကြောင့် အမျိုးသား တယောက် သေဆုံးခဲ့ပါတယ်။
စစ်အာဏာရှင်စနစ် ဆန့်ကျင်ရေးဆန္ဒပြဖို့ ၁၅ လမ်း နဲ့ ၈၇ လမ်းမှာ လူစုနေတာကို စစ်ကောင်စီ တပ်က ဖမ်းဆီးဖို့ လုပ်ရင်း ထွက်ပြေးရာကနေ ပစ်ခံရတာလို့ မြို့ခံတွေက ပြောပါတယ်။
အမျိုးသား ၂ ယောက် ဆိုင်ကယ်နဲ့ မောင်းပြေးတာကို စစ်ကောင်စီတပ်သားတွေက လိုက်လံ ပစ်ခတ်ဖမ်းဆီးတာဖြစ်ပြီး တဦး လွတ်မြောက်သွားတယ်လို့ သိရပါတယ်။
အောင်မြေသာစံမြို့နယ်မှာ နေထိုင်သူတဦးက “ပစ်တာ ဘာအကြောင်းနဲ့ လိုက်ပစ်တယ်ဆိုတာတော့ မသိဘူး။ တယောက်ကတော့ လွတ်သွားပြီး တယောက်က ကျည်မှန် သေသွားတယ်” လို့ ပြောပါတယ်။
သေဆုံးသူဟာ အသက် ၃၀ ကျော်အရွယ် ဖြစ်ပြီး ကျောမှာ ကျည်မှန်ပြီး ဖောက်ထွက်ဒဏ်ရာနဲ့ သေဆုံးခဲ့တာလို့ သိရပါတယ်။