DVB Logo
Home
မြန်မာသတင်း
စစ်တပ် ဦးဆောင်သည့် စီးပွားရေးစနစ် လူတစုကောင်းစားရေးအတွက်သာဖြစ်ဟု သုတေသီများ ထောက်ပြ
DVB
·
August 5, 2022
စစ်တပ် ဦးဆောင်သည့် စီးပွားရေးစနစ် လူတစုကောင်းစားရေးအတွက်သာဖြစ်ဟု သုတေသီများ ထောက်ပြ
Donate to DVB

မြန်မာနိုင်ငံမှာ စစ်တပ်ကဦးဆောင်တဲ့ စီးပွားရေးစနစ်ဟာ ဘယ်ခေတ်ကာလကိုပဲ ကြည့်ကြည့် လူတစု ကောင်းစားရေး အတွက်သာဖြစ်တာကြောင့် တိုင်းပြည်ရဲ့စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုကတော့ အလှမ်းဝေးနေဆဲပါလို့ သုတေသီတွေက ထောက်ပြပြောပါတယ်။

လက်ရှိအာဏာသိမ်း အကြမ်းဖက်စစ်ကောင်စီက သူတို့လက်ထက်မှာ ကျဆင်းနေတဲ့ တိုင်းပြည်စီးပွားရေးကို ပြန်လည်ထူထောင်ဖို့ လုပ်ဆောင်မယ်လို့ ဟစ်ကြွေးနေပေမယ့် ပကတိ မြေပြင်အခြေအနေမှာတော့ ဘာတခုမျှ တည်ငြိမ်အောင်ဆောင်ရွက်နိုင်တာ မရှိပါဘူး။

စီးပွားရေးသုတေသီတဦးက “ဈေးကွက်စီးပွားရေးစနစ်အတိုင်း သူတို့ ကျင့်သုံးမယ်လို့ ပြောပေမယ့် လက်တွေ့မှာက ဈေးကွက်စီးပွားရေး ယန္တရားပေါ်မှာ ရပ်တည်မနေတော့ဘူးနော်။ အလွန်အကျွံ ဝင်ရောက်ဆောင်ရွက်နေတာ။ ပြီးတော့ ဈေးကွက်ရဲ့ စည်းမျဉ်းစည်းကမ်းနဲ့ မညီညွတ်တဲ့ ဆောင်ရွက်မှုတွေ လုပ်နေတယ်။ ဒီတော့ ဈေးကွက်ထဲမှာ ဘာတွေ တွေ့ရလဲဆို ဆိုးကျိုးတွေ တွေ့နေရပြီ။ ဘာဆိုးကျိုးတွေလဲဆိုရင် ကုန်ဈေးနှုန်းတွေ တက်လာတယ်။ လုပ်ရကိုင်ရ ခက်လာ တယ်။ တင်းကျပ်မှုတွေ များလာတယ်။ လုပ်ငန်းရှင်တွေလည်း အသက်ရှုရ ကြပ်လာပြီ။ ဒါက ဈေးကွက် ပျက်သွားတဲ့ လက္ခဏာတွေပဲ။ ဆိုတော့ ဒါတွေကို ကြည့်လိုက်တာနဲ့ စစ်ကောင်စီက ဘာတွေလုပ်နေလဲဆိုတာ မြင်နိုင်ပါတယ်” လို့ ဒီဗွီဘီကို ပြောပါတယ်။

ပြီးခဲ့တဲ့ အတိတ်ကာလတွေကို ပြန်ကြည့်မယ်ဆိုရင် မြန်မာနိုင်ငံဟာ လွတ်လပ်ရေးရပြီးနောက် စစ်တပ်ရဲ့အုပ်ချုပ်မှု အောက်မှာ နှစ်ပေါင်း ၅၀ ကျော် နေခဲ့ရပြီး တိုင်းပြည်ကလည်း အမွဲဆုံးနိုင်ငံစာရင်းထဲမှာ ပါဝင်ခဲ့ရပါတယ်။

စီးပွားရေးပညာရှင်တဦးက “လွတ်လပ်ရေးရတာ နှစ်ပေါင်း ၇၀ ကျော်ပြီ။ နှစ်ပေါင်း ၇၀ ကျော်မှာ စစ်အာဏာရှင်စနစ်ပဲပြောပြော တပါတီစနစ်ပဲပြောပြော စစ်တပ်ရဲ့ထိန်းချုပ်မှုအောက်မှာ နေခဲ့ရတာ နှစ်ပေါင်း ၅၀ ကျော်နေခဲ့ရတယ်။ သူတို့ထိန်းချုပ်မှုအောက်မှာ တိုင်းပြည်က တိုးတက်လာမှု မရှိခဲ့ဘူးနော်။ ဥပမာပေးရရင် မဆလ ခေတ်လို့ခေါ်တဲ့ ဆိုရှယ်လစ်ခေတ်မှာ တိုင်းပြည်က အမွဲဆုံးစာရင်းထဲ ရောက်သွားတယ်။ အမွဲဆုံးစာရင်းထဲရောက်ပြီးတော့ ဒီနေ့အထိလည်း ဖွံ့ဖြိုးမှုအနှေးဆုံးနိုင်ငံ (LDC) စာရင်းထဲက မလွတ်သေးဘူးနော်။ ဒီတော့ ဘယ်သူ့မှာတာဝန်ရှိလဲဆိုတာ ပြန်ကြည့်ရင် သမိုင်းတလျှောက်ပေါ့ သိနိုင်ပါတယ်။ ရလဒ်တွေကြည့်ရင်လည်း တိုင်းပြည်တိုးတက်ရေးအတွက် မဟုတ်ဘဲ သူတို့ရဲ့ ကိုယ်ကျိုးစီးပွားကိုသာ အဓိက ထားတာပါ” လို့ ဒီဗွီဘီကို ပြောပါတယ်။

ဒါကြောင့် ပြည်သူက ရွေးချယ်တဲ့ ဒီမိုကရေစီအစိုးရနဲ့ အာဏာသိမ်းစစ်ကောင်စီတို့အကြားမှာ နိုင်ငံတကာအသိုက်အဝန်းရဲ့ ကူညီပေးမှုအခြေအနေ ကွာခြားပုံကိုလည်း စီးပွားရေးသုတေသီ တဦးက ခုလို ထောက်ပြပါတယ်။

“ဒီမိုကရေစီ အစိုးရလက်ထက်မှာ ပွင့်လင်းမြင်သာမှု ရှိပြီး တာဝန်ယူမှု တာဝန်ခံမှု ရှိကြတဲ့အတွက် နိုင်ငံတကာအသိုင်း အဝန်းက အားပေးတယ်။ကူညီတယ်။ အကူအညီပေးတဲ့နေရာမှာ ငွေကြေး တခုတည်း မဟုတ်ဘူး။ နည်းပညာ အကူအညီလည်းပါတယ်။ အကူအညီပေးတဲ့ နိုင်ငံတွေကိုယ်တိုင်ကလည်း ဒီမိုကရေစီအစိုးရဖြစ်ပြီး ပြည်သူတွေရဲ့ ကိုးစားမှုကို ရတယ်။ ဒါကြောင့် ပြည်သူတွေရဲ့ ထောက်ခံမှု မရဘူးဆိုရင် ဘယ်နိုင်ငံတကာကမျှ မကူညီဘူး။ လက်တွေ့ အခြေအနေကိုပဲ ကြည့်လေ။ ကမ္ဘာကလည်း အသိအမှတ်မပြုဘူး။ ပြည်သူကလည်း အသိအမှတ်ပြုတဲ့ အစိုးရမဟုတ်ဘူး ဆိုရင် ဘာအကူအညီမှ မျှော်လင့်လို့မရဘူး။ ဘာနိုင်ငံခြားရင်းနှီးမြှုပ်နှံမှုမှ မျှော်လင့်လို့မရဘူး။ ဒါက စစ်အစိုးရ နဲ့ ဒီမိုကရေစီ အစိုးရတို့အကြား ခြားနားချက်ပဲ” လို့ ဒီဗွီဘီကို ပြောပါတယ်။

အာရှဖွံ့ဖြိုးရေးဘဏ် (ADB) ၏ နောက်ဆုံး အပြီးသတ် စိစစ်ထုတ်ပြန်ချက်အရ  မြန်မာနိုင်ငံရဲ့ ပြည်တွင်း အသားတင်ထုတ်လုပ်မှုတန်ဖိုး (GDP) တိုးတက်မှုနှုန်းက အနုတ် ၁၈ ဒသမ ၄ ရာခိုင်နှုန်းထိုးကျသွားပြီလို့ ဖော်ပြထားပါတယ်။ ဒါက ၂၀၂၁ ခုနှစ်အတွက် ခန့်မှန်းတွက်ချက်ခဲ့တာပါ။

အလားတူ ကမ္ဘာ့ဘဏ်ကလည်း ၂၀၂၂ ခုနှစ်အတွက် နိုင်ငံအသီးသီး၏ စီးပွားရေးတိုးတက်မှုအပေါ် ထုတ်ပြန်တဲ့အစီရင်ခံစာ မှာတော့ မြန်မာနိုင်ငံအား ထည့်သွင်းတွက်ချက်နိုင်မှု မရှိတော့တဲ့အတွက် ကွက်လပ် ထားခဲ့ပါတယ်။ အကြောင်းရင်းက အာဏာသိမ်းစစ်ကောင်စီမှ ထုတ်ပြန်တဲ့ အချက်အလက်တွေအပေါ် အယုံအကြည် မရှိတဲ့အတွက် ချန်လှပ်ခဲ့တာ ဖြစ်ပါတယ်။

အာဏာသိမ်းစစ်ကောင်စီ အကြမ်းဖက် အဖွဲ့ခေါင်းဆောင်ကတော့ မြန်မာနိုင်ငံအနေနဲ့ ကြိုးပမ်းဆောင်ရွက်မယ်ဆိုပါက လာမယ့် ၅ နှစ်အတွင်း အာဆီယံနိုင်ငံတွေထဲမှာ အလယ်အလတ်အဆင့်ကိုရောက်ရှိမှာဖြစ်ပြီး ၁၀ နှစ်အတွင်းမှာဆိုရင် ထိပ်တန်းအဆင့်အထိ ရောက်နိုင်တယ်လို့ ပြောဆိုထားတာ တွေ့ရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013