DVB Logo
Home
မြန်မာသတင်း
ပြည်တွင်းအထည်ချုပ်စက်ရုံလုပ်သားများ အခွင့်အရေးဆုံးရှုံးနေ
DVB
·
August 3, 2022
ပြည်တွင်းအထည်ချုပ်စက်ရုံလုပ်သားများ အခွင့်အရေးဆုံးရှုံးနေ
Donate to DVB

ပြည်တွင်းက အထည်ချုပ်စက်ရုံတွေမှာ နေ့စားဝန်ထမ်းတွေကိုသာ အများဆုံး ခေါ်ယူလာကြတဲ့အပြင် လုပ်သက်အရ လခစားအသွင်ပြောင်းလဲရမှာ ဖြစ်ပေမဲ့ အလုပ်ရှင်တွေက မသိကျိုးကျွန်ပြုထားတဲ့အကြောင်း အလုပ်သမားအရေး တက်ကြွလှုပ်ရှားသူတွေက ပြောပါတယ်။

မြန်မာနိုင်ငံမှာ စစ်တပ်က အာဏာသိမ်းပြီးတဲ့နောက်ပိုင်း ပြည်တွင်းက အထည်ချုပ်လုပ်သားတွေရဲ့ ရပိုင်ခွင့် အခွင့်အရေးတွေဟာ တစတစနဲ့ မှေးမှိန်လာပြီး အလုပ်သမားတွေ ကိုယ်တိုင်ကလည်း ထုတ်ဖော်ပြောဆိုဖို့ စိုးရိမ်ကြောက်ရွံ့နေရတဲ့ အခြေအနေတွေနဲ့ ရင်ဆိုင်နေရပါတယ်။ ဒီအကျပ်အတည်းကို အလုပ်ရှင်အများစုက အခွင့်ကောင်းယူပြီး မိမိရရ အသုံးချနေကြတာပါ။

အလုပ်သမားအရေး တက်ကြွလှုပ်ရှားသူတဦးက “ပုံမှန်ဆိုရင်ပေါ့နော်၊ နေ့စားဝန်ထမ်းတဦးကို ဥပဒေအတိုင်း ခန့်မယ်ဆိုရင် သူက လုပ်သက် ၆ လ ပြည့်တဲ့အခါ လခစား ဖြစ်ရမှာပေါ့။ ဒါပေမဲ့ အခု ဘာဖြစ်နေလဲဆိုရင် စက်ရုံတော်တော်များများက အသစ်ဝင်တဲ့သူတွေကို နေ့စားခန့်ပြီးနောက် သတ်မှတ်ကာလ ပြည့်သွားပေမဲ့ လခစား မပြောင်းပေးဘူး။ ဒီအတိုင်း ဆက်ထားကြတာ။ ဒါကို အလုပ်သမားတွေကလည်း မပြောရဲဘူး။ ပြောလို့ရှိရင် သူတို့ အလုပ်ထုတ်ခံရမှာ ကြောက်တယ်။ ပြီးတော့ နောက်အလုပ်တခု မရမှာလည်း သူတို့မှာ စိုးရိမ်ကြတော့ အလုပ်သမားတိုင်းက ပေခံနေကြရတယ်” လို့ ဒီဗွီဘီကို ပြောပါတယ်။

ဒါကြောင့် အလုပ်သမားတွေကိုယ်တိုင်က မိမိအခွင့်အရေးကို ရရှိဖို့အတွက် ပြောရဲဖို့ လိုနေပြီလို့ သမဂ္ဂခေါင်းဆောင်တဦးက ဆိုပါတယ်။

“အလုပ်သမားတွေအနေနဲ့ ဒီစက်ရုံက ထွက်သွားခဲ့ရလို့ရှိရင် လုပ်ငန်းရှင်တွေက နောက်စက်ရုံမှာ ဒီလူတွေနဲ့ပတ်သက်ပြီး နာမည်စာရင်းတွေ၊ ဓာတ်ပုံတွေ ပေးထားကြတယ်။ အဲဒီတော့ အလုပ်မရမှာ ကြောက်ကြတယ်လေ။ ဒါပေမဲ့ အဲ့ဒါက လူတိုင်းကို မလုပ်နိုင်ပါဘူး။ ဒါက သမဂ္ဂခေါင်းဆောင်တွေ၊ အလုပ်သမားအရေး တက်ကြွလှုပ်ရှားသူတွေကိုပဲ အဓိက ပစ်မှတ်ထားတာပါ။ အလုပ်သမားတိုင်းကို မလုပ်နိုင်ဘူး။ ဒီတော့ အခွင့်အရေးချိုးဖောက်ခံရတဲ့ အလုပ်သမားတွေ ကိုယ်တိုင်က ပြောဖို့လိုတယ်။ အခုအခြေအနေက အထည်ချုပ်ဝန်ထမ်းတွေကိုယ်တိုင် ကျမ ဘယ်သူပါ၊ ဘယ်စက်ရုံကပါ ဆိုတာမျိုးတောင် ထုတ်မပြောရဲဘူး။ တော်တော်တော့ခက်တယ်။ ကျမတို့လည်း ပြောရရင် ရင်းရတာပဲနော်။”

ပြည်ပအခြေစိုက် စီးပွားရေးနှင့် လူ့အခွင့်အရေး အရင်းအမြစ်ဌာနမှ မကြာသေးခင်က ထုတ်ပြန်ခဲ့တဲ့ အစီရင်ခံစာအရ မြန်မာနိုင်ငံမှာ CMP စနစ်နဲ့ အပ်ထည်ပေးထားတဲ့ Zara နဲ့ H&M အပါအဝင် ကမ္ဘာ့နာမည်ကြီး အထည်အလိပ်လုပ်ငန်းတွေဟာ မြန်မာအထည်ချုပ်လုပ်သားတွေရဲ့ ရပိုင်ခွင့် အခွင့်အရေးတွေကို အကာအကွယ်ပေးဖို့ ပျက်ကွက်နေကြတယ်လို့ ဆိုပါတယ်။

အဆိုပါအဖွဲ့အစည်းက သူတို့နဲ့ ကာလရှည်စွာ လက်တွဲခဲ့ကြတဲ့ မိတ်ဘက်အဖွဲ့အစည်းတွေနဲ့ ပူးပေါင်းပြီး မြန်မာအထည်ချုပ်ကဏ္ဍမှ လုပ်သား ၆၀,၈၀၀ နီးပါးဟာ အလုပ်သမား ရပိုင်ခွင့်နဲ့ လူ့အခွင့်အရေး ချိုးဖောက်ခံရမှု ဖြစ်စဉ်ပေါင်း ၁၀၄ မှုတို့အပေါ် အချက်အလက်စုဆောင်းပြီး အစီရင်ခံစာကို ထုတ်ပြန်ခဲ့တာပါ။

အဲဒီအစီရင်ခံစာရဲ့ အဆိုအရ နိုင်ငံတဝန်းရှိ မြန်မာအထည်ချုပ်လုပ်သားတွေဟာ အလုပ်သမား ရပိုင်ခွင့်နဲ့အတူ လူ့အခွင့်အရေး ချိုးဖောက်ခံရမှုတွေ တစတစနဲ့ ကြီးထွားလာနေတယ်လို့ မီးမောင်းထိုး ဖော်ပြထားပါတယ်။

မြန်မာနိုင်ငံက အထည်ချုပ်လုပ်သားတွေရဲ့ လစာမှာ နေ့စားဝန်ထမ်းတွေက တရက်ကို ၄,၈၀၀ ကျပ်သာ ရရှိပြီး လခစား ကျွမ်းကျင်အဆင့် လုပ်သားတဦးရဲ့ တရက်လုပ်အားခက ကျပ် ၅,၀၀၀ ကျော်သာ ရရှိပါတယ်။

မြန်မာနိုင်ငံမှာ စစ်တပ်က အာဏာမသိမ်းခင် မြန်မာ့အထည်ချုပ်ကဏ္ဍမှာ လုပ်သားအင်အား ၇ သိန်းခန့်ရှိပြီး အများစုက ကျေးလက်မိသားစုတွေဆီ ထောက်ပံ့ပေးနေတဲ့ အမျိုးသမီးငယ်တွေပါ။

ဒါပေမဲ့ စစ်တပ် အာဏာသိမ်းပြီးနောက် ၂၀၂၁ ခုနှစ် ပထမနှစ်ဝက်မှာတင် အလုပ်အကိုင်ပေါင်း ၂ သိန်းခွဲကျော် ဆုံးရှုံးခဲ့ရပြီး အလုပ်ဆက်ရှိသူတွေထဲက ထက်ဝက်ကျော်ကလည်း အလုပ်ချိန်တွေ ဖြတ်တောက်ခံနေရတဲ့အကြောင်း အပြည်ပြည်ဆိုင်ရာ အလုပ်သမားအဖွဲ့ (အိုင်အယ်လ်အို) က ပြောဆိုထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013