DVB Logo
Home
မြန်မာသတင်း
မှတ်ပုံတင်ထားတဲ့ ဆေးဝါးတွေပဲ သုံးစွဲကြဖို့ ကျန်းမာရေးဌာန နှိုးဆော်
DVB
·
April 9, 2014
မှတ်ပုံတင်ထားတဲ့ ဆေးဝါးတွေပဲ သုံးစွဲကြဖို့ ကျန်းမာရေးဌာန နှိုးဆော်
Donate to DVB

မြန်မာနိုင်ငံဆေးဝါးမှတ်ပုံတင်အမှတ် ဖော်ပြပါရှိတဲ့ ဆေးဝါးတွေကိုပဲ သုံးစွဲကြဖို့ ကျန်းမာရေး ၀န်ကြီးဌာနက ပြည်သူတွေကို နှိုးဆော် တိုက်တွန်း လိုက်ပါတယ်။

တရားမ၀င်လမ်းကြောင်းကတဆင့် မြန်မာပြည်ထဲ ၀င်ရောက်နေတဲ့ ဆေးဝါးတွေရှိနေတာကြောင့် အခုလို ကြေညာချက်ထုတ်ပြန်ပြီး နှိုးဆော်တိုက်တွန်းရတာလို့ မြန်မာနိုင်ငံ အစားအသောက်နဲ့ ဆေးဝါးကွပ်ကဲရေးဦးစီးဌာန FDA ညွှန်ကြားရေးမှူးချုပ် ဒေါက်တာမြင့်ဟန်က ပြောပါတယ်။

Medical“တချို့ဆေးဝါးတွေက ကျနော်တို့ဆီမှာ မှတ်ပုံမတင်ထားတော့လေ၊ ကျနော်ကတော့ မှတ်ပုံတင်ထားတဲ့ ဆေးဝါးတွေကို သုံးစွဲစေချင်ပါတယ်။ တချို့တွေက အောက်လိုင်းတွေက ၀င်တာတွေ ရှိတယ်။ ကျနော်တို့ဆီမှာရှိတဲ့ မှတ်ပုံတင်ထားဆေးတွေက အကုန်လုံးစစ်ထားတော့ ဒီဟာတွေက အကုန်လုံး စိတ်ချရတဲ့ အနေအထား ရှိပါတယ်။ အဲဒါတွေကြောင့် ဒါကို သုံးစွဲဖို့ဆိုပြီးတော့ တိုက်တွန်းနှိုးဆော်တာပါ။”

အခုလို နှိုးဆော်ချက် ထုတ်ပြန်သတိပေးတာဟာ ပထမ ခြေလှမ်းဖြစ်ပြီး တရားမ၀င် ၀င်ရောက် လာတဲ့ အစားအသောက်နဲ့ ဆေးဝါးတွေ မသုံးစွဲကြဖို့ ပြည်သူ့ကျန်းမာရေးပညာပေး လုပ်ငန်းတွေ ဆက်တိုက် လုပ်သွားဖို့ ရှိတယ်လို့လည်း ဒေါက်တာ မြင့်ဟန်က ပြောပါတယ်။

မြန်မာနိုင်ငံဆေးဝါးမှတ်ပုံတင်အမှတ်အနေနဲ ဆေးပုလင်းတွေအပေါ်မှာ ဥပမာ MM Reg No 1703 AA 4158 စသဖြင့် ဖော်ပြပါရှိတယ်။ ပြည်သူတွေ ဆရာဝန်တွေနဲ့ ကျန်းမာရေး ၀န်ထမ်းတွေ အနေနဲ့ မိမိတို့ သုံးစွဲနေတဲ့ ဆေးဝါးတွေဟာ အာနိသင် မရှိဘူးလို့ ယူဆရင် အစားအသောက်နဲ့ ဆေးဝါး ကွပ်ကဲရေးဦးစီးဌာနကို နမူနာ ပေးပိုပြီး စစ်ဆေးနိုင်တယ်လို့ ကျန်းမာရေးဝန်ကြီးဌာနရဲ့ ကြေညာချက်က ဆိုပါတယ်။

ပြည်တွင်းကို တရားမ၀င် ၀င်ရောက်နေတဲ့ ဆေးဝါးတွေဟာ နယ်စပ်လမ်းကြောင်းတွေနဲ့ တပိုင်တနိုင် သယ်ဆောင်ရောင်းဝယ်မှုတွေကနေ ၀င်ရောက်နေကြတာဖြစ်ပြီး ဘယ်လောက် ပမာဏ ရှိနေတယ်ဆိုတာ ပြောဖို့ ခဲယဉ်းတယ်လို့လည်း ဆိုပါတယ်။

ကျန်းမာပညာဌာနက အငြိမ်းစား ညွှန်ကြားရေးမှူး ဒေါက်တာခင်မောင်လွင်ကတော့ ဆေးဝါးကျွမ်း ကျင်သူတွေက စနစ်တကျ ဆေးရောင်းချတဲ့စနစ်ရောက်ဖို့ အချိန်ယူ လုပ်ရလိမ့်အုန်းမယ်လို့ ပြော ပါတယ်။

“အခုလောလောဆယ်မှာတော့ ဆေးတွေက ဆိုင်ပေါ်မှာတင်ချင်သလိုတင်ပြီး ရောင်းချင်သလို ရောင်းနေသ၍ကတော့ ဒီဟာက လက်တွေ့မှာ သုံးလို့ရမှာ မဟုတ်ပါဘူး။ အဲဒီတော့ ကျနော်တို့က နိုင်ငံတကာအဆင့်ရှိတဲ့ ဆေးဝါးဆိုင်ရာ ဘွဲ့ရတွေနဲ့ ဆေးဆိုင်တွေကို ထိရောက်စွာ ကြီးကြပ်နိုင်ခွင့် မရှိသ၍ ပြည်သူလူတွေအနေနဲ့ ဒီလို ဆေးမျိုးတွေနဲ့ ကြုံနေရမှပဲ။ တဖက်ကလည်း လူထုအနေနဲ့ကလည်း စီးပွားချောင်လည်လာခြင်းမရှိသ၍ ဆရာဝန်မပါပဲ ဆေးသောက်ပြီးတော့ သက်သာရာ သက်သာကြောင်း ရှာတတ်ပါတယ်။ ဒီနှစ်ခုကို ပြေလည်အောင် အချိန် နည်းနည်း စောင့်ရလိမ့်မယ်။”

မြန်မာပြည်က အောက်ခြေပြည်သူလူထုအများစုဟာ နေထိုင်မကောင်းဖြစ်ရင်  နီးစပ်ရာ ဆေးဆိုင်နဲ့ ကွမ်းယာဆိုင်တွေမှာ ဆေးဝယ်သောက်ပြီး ကျန်းမာရေးပြဿနာကို အလွယ်တကူ ဖြေရှင်းနေကြတာ နှစ်ပေါင်းများစွာ ကြာမြင့်နေပြီဖြစ်ပါတယ်။

Support DVB
Live
DVB Donate
မြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013