DVB Logo
Home
မြန်မာသတင်း
ရခိုင်နယ်ပြည်ရှိ ကုလလက်အောက်ခံအဖွဲ့စည်းအချို့ကို မကြာခင် လုပ်ငန်းပြန်လည် စတင်ခွင့် ပြုမည်
DVB
·
April 9, 2014
ရခိုင်နယ်ပြည်ရှိ ကုလလက်အောက်ခံအဖွဲ့စည်းအချို့ကို မကြာခင် လုပ်ငန်းပြန်လည် စတင်ခွင့် ပြုမည်
Donate to DVB

ရခိုင်ပြည်နယ်အတွင်း နယ်စည်းမခြား ဆရာဝန်များအဖွဲ့နဲ့ မာတင်ဇာ အင်တာ နေရှင်နယ်အဖွဲ့က လွဲရင် ကျန်တဲ့ အစိုးရမဟုတ်တဲ့ အန်ဂျီအိုအဖွဲ့တွေကို ပြန်လည်လုပ်ကိုင်ခွင့်ပြုမယ်လို့ ပြည်နယ်အစိုးရ ပြောခွင့်ရသူက ပြောဆိုလိုက်ပါတယ်။

ဧပြီလ ၈ ရက်နေ့က ရခိုင်ပြည်နယ်အစိုးရ တာဝန်ရှိသူတွေ၊ အန်ဂျီအိုအဖွဲ့အစည်းတွေနဲ့ ရခိုင်ပြည်နယ်အတွင်းက ဒေသခံတွေ တွေ့ဆုံဆွေးနွေပြီး အန်ဂျီအို ၂ ခုကလွဲရင် ကျန်တဲ့ အန်ဂျီအိုနဲ့ အိုင်အန်ဂျီအို အဖွဲ့တွေကို ပြန်လည်လုပ်ကိုင်ခွင်ပြုဖို့ သဘောတူခဲ့ကြတယ်လို့ ပြည်နယ်အစိုးရပြောခွင့်ရသူ ဦ၀င်းမြိုင်က ပြောပါတယ်။

unnamed7ပြည်ထောင်စုအစိုးရအနေနဲ့ လူသားခြင်းစာနာထောက်ထားတဲ့ အကူအညီကိုပေးတဲ့ အဖွဲ့တွေကို လက်ခံကြိုဆိုပေမယ့် အလုပ်လုပ်ဆောင်တဲ့နေရာမှာ ဒေသခံတွေနဲ့ ဆန္ဒကို လေးစားဖို့လိုတယ် လို့လည်း ဦးဝင်းမြိုင်က ပြောပါတယ်။
ဧပြီ ၅ ရက်နေ့ ကျန်းမာရေး ၀န်ကြီးဌာနရဲ့ ထုတ်ပြန်ချက်မှာ MSFကို ယာယီ ရပ်ဆိုင်းလိုက်တယ် လို့ ဖော်ပြထားပေမယ့် Malteser နဲ့တော့ သက်ဆိုင်တဲ့ ထုတ်ပြန် ချက်ကတော့ ဒီကနေ့ထိ မရှိ သေးပါဘူး။

ဒီဗွီဘီကနေ မာတီဇာ အင်တာနေရှင်နယ်ကို မေးမြန်းရာမှာတော့ ဒီကိစ္စနဲ့ပတ်သက်ပြီး ရခိုင်ပြည် နယ်နဲ့ ဗဟို အစိုးရထံကနေ နှုတ်နဲ့သော်လည်းကောင်း စာနဲ့သော်လည်ကောင်း အကြောင်းကြားမှု မရှိသေးကြောင်း ပြောပါတယ်။ ကျန်းမာရေး ၀န်ကြီးဌာနနဲ့ နီးနီးကပ်ကပ် ပူးပေါင်းဆောင် ရွက်မှု နဲ့ လုပ်ငန်းတွေပြန်လည်ဆောင်ရွက်ဖို့ လုပ်ဆောင်နေကြောင်း Malteser က မြန်မာပြည်မှာ တရားဝင်မှတ်ပုံတင်ထားသလို ရခိုင်ပြည်နယ်မှာ လုပ်ငန်းဆောင်ရွက်ဖို့ နားလည်မှု စာချွန်လွှာကလည်း သက်တမ်းမကုန်သေးကြောင်း ပြောပါတယ်။

ရခိုင်မှာရှိတဲ့ ၀န်ထမ်းတွေမှာလည်း ဗီဇာနဲ့ တရားဝင် ခရီးသွားလွာခွင့်တွေ ရှိနေသလို Malteser က အစီအစဉ် ညိနှိုင်းဆောင်ရွက်ရေးမှူး Yvonne Dunton ကလည်း စုံစမ်းရေး ကော်မရှင်နဲ့ ရခိုင်ပြည်နယ် ရဲတပ်ဖွဲ့နဲ့ စုံစမ်းစစ်ဆေးမှုတွေအတွက် ပူးပေါင်း ဆောင်ရွက်နေပါတယ်လို့ ဒီဗွီဘီကို ပြန်လည်ဖြေကြားခဲ့ပါတယ်။
ရခိုင်ပြည်နယ် စစ်တွေမြို့မှာ မတ်လကုန်ပိုင်းက Malteser အဖွဲ့က နိုင်ငံခြားသူတဦးဟာ သာသနာ့အလံဖြုတ်ပြီး ဘောင်းဘီထဲ ညှပ်တယ်ဆိုတဲ့ ကောလဟလကြောင့် စစ်တွေက အိုင်အန်ဂျီအိုရုံးကို ရာနဲ့ချီတဲ့လူအုပ်က ခဲတွေနဲ့ ၀ိုင်းပေါက်ဖျက်ဆီးခဲ့လို့ ကျပ်ငွေသန်းပေါင်း ၄၇၀ ဘိုးခန့် ဆုံးရှုံးပျက်ဆီးခဲ့ရပြီး ညမထွက်ရအမိန့် ထုတ်ပြန်ခဲ့ရပါတယ်။ အိုင်အန်ဂျီအို ၀န်ထမ်း ၁၀၀ ကျော်ကိုလည်း အစိုးရက လုံခြုံရေးပေးခဲ့ပါတယ်။

ဒီဖြစ်ရပ်နဲ့ပတ်သက်လို့ စုံစမ်းစစ်ဆေးရေးအဖွဲ့ရဲ့ ဒီကနေ့ထုတ် အစီရင်ခံစာမှာ ကုလသမဂ္ဂနဲ့ အိုင်အန်ဂျီအို တွေကို ဒေသခံတိုင်းရင်းသားအချို.က သံသယ၀င်ကာယုံကြည်မှု နည်းနေချိန်မှာ နိုင်ငံခြားသူက သဘောရိုးဖြင့် သာသနာ့အလံဖြုတ်သိမ်းခဲ့ခြင်းကြောင့် စစ်တွေမြို့မှာ ကောလဟလ ဖြစ်ပေါ်ပြီး ဒေသခံတိုင်းရင်းသားတချို့ အကြမ်းဖက်ဖျက်ဆီးခဲ့တာလို့ ရေးသား ထားပါတယ်။ ဖျက်ဆီးခံရတဲ့ ရုံးများ ပြန်လည်ဖွင့်လှစ်နိုင်ရန်နဲ့ လုံခြုံရေးကိစ္စတွေ ဆောင်ရွက် သွားမယ်လို့ အစီရင်ခံစာက ဆိုပါတယ်။

အန်ဂျီအိုအဖွဲ့တွေ ရခိုင်ပြည်နယ်အတွင်း ပြန်ဝင်ရောက်လုပ်ကိုင်မှုမှာ ဒေသခံတွေအတွက် အကျိုးရှိစေပေမယ့် မျှမျှတတ လုပ်ဆောင်ဖို့ ရခိုင်ပါတီခေါင်းဆောင်တဦးဖြစ်သူ ဦးလှစော က ပြောပါတယ်။

အန်ဂျီအိုတွေ ရခိုင်ပြန်နယ်ကတွေ ထွက်သွားပြီးနောက် ရခိုင်ပြည်နယ်မှာ ကျန်းမာရေး စောင့်ရှောက်မှုနဲ့ ပတ်သက်လို့ ဒုက္ခသည်စခန်း တွေထဲက လူ ၁ သိန်း ၄ သောင်း အတွက် အထူးကို ဆိုးရွားနေသလို ဒုက္ခသည် စခန်းတွေရဲ့ အပြင်ဘက်က လူ ၇ သိန်း အခြေအနေ ကလည်း အလေး ထားပူပန်စရာဖြစ်တယ်။ ဒီဖြစ်ရပ်တွေဟာ လူဖြစ်တည်မှုကို ဆန့်ကျင်တဲ့ ရာဇ၀တ်မှုကို ဦးတည်နေတယ်လို့ ဧပြီလ ၇ ရက်နေ့က ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာ အထူးကိုယ်စားလှယ် သောမတ် အိုဟေး ကင်တားနားက မနေ့က သတိပေးခဲ့ပါတယ်။

ပြည်နယ်အစိုးရကတော့ လတ်တလော အိုင်အန်ဂျီအိုထွက်သွားလို့ ကျန်တဲ့ အကူအညီတွေကို ပြည်နယ်အစိုးရနဲ့ ကျန်းမာရေးဌာနက ဆက်လက်လုပ်ဆောင်နေကြောင်းနဲ့ ဘယ်လိုအခက်အခဲ မရှိကြောင်း ဦးဝင်းမြိုင်က ဒီဗွီဘီကို ပြောပါတယ်။

အသံဖိုင် အပြည့်အစုံ နားဆင်နိုင်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013