ဆေးပညာနှီးနွှယ်တက္ကသိုလ်တွေမှာ နေရာ ၃၅၀ ကျော် လစ်လပ်တာကြောင့် တခြားတက္ကသိုလ်တွေမှာ တက်နေတဲ့ ကျောင်းသူ ကျောင်းသားတွေကို ပြောင်းရွှေ့ပေးလိုက်တယ်လို့ စစ်ကောင်စီလက်အောက်ခံ ကျန်းမာရေးဌာနက ကြေညာပါတယ်။
၂၀၂၀ ပြည့်နှစ်မှာ တက္ကသိုလ်ဝင်စာမေးပွဲကို ဓာတုဗေဒ၊ ရူပဗေဒ၊ ဇီဝဗေဒဘာသာတွဲနဲ့ အောင်မြင်ပြီးသူ ၃၅၀ ကျော်ကို ပြောင်းရွှေ့တက်ရောက်ခွင့်ပြုတာလို့ ကျန်းမာရေးလူ့စွမ်းအား အရင်းအမြစ် ဦးစီးဌာနက ထုတ်ပြန်ထားတာပါ။
ရန်ကုန် ဆေးဝါးတက္ကသိုလ်ကို ၅၄ ယောက်၊ မန္တလေး ဆေးဝါးတက္ကသိုလ်ကို အယောက် ၂၀၊ ရန်ကုန် ဆေးဘက်ဆိုင်ရာ နည်းပညာတက္ကသိုလ်ကို အယောက် ၄၀၊ မန္တလေး ဆေးဘက်ဆိုင်ရာ နည်းပညာ တက္ကသိုလ်ကို ၃၄ ယောက်၊ ရန်ကုန် သူနာပြုတက္ကသိုလ်ကို ၇၃ ယောက်၊ မန္တလေး သူနာပြုတက္ကသိုလ်ကို ၅၆ ယောက်၊ မကွေး အခြေခံ ကျန်းမာရေးတက္ကသိုလ်ကို ၇၆ ယောက် ပြောင်းရွှေ့တက်ရောက်ခွင့်ပြုတယ်လို့ ဆိုပါတယ်။
တက်ရောက်မယ့် ကျောင်းသူကျောင်းသားတွေဟာ ဩဂုတ် ၃ ရက်မှာ ကျောင်း စတင်အပ်နှံရမှာဖြစ်ပြီး ဩဂုတ် ၁၂ ရက်နေ့အထိ ကျောင်းမအပ်ဘူးဆိုရင်တော့ ဝင်ခွင့်ကနေ ပယ်ဖျက်မယ်လို့လည်း ဆိုပါတယ်။
အခု ပြောင်းရွှေ့ခွင့်ပေးလိုက်တဲ့ ကျောင်းသူ ကျောင်းသားတွေထဲမှာ ရမှတ်အမြင့်ဆုံး ၄၉၇ မှတ် နဲ့ အနိမ့်ဆုံး ၃၀၄ မှတ် ဖြစ်တာကို တွေ့ရပါတယ်။