DVB Logo
Home
မြန်မာသတင်း
မြန်မာနိုင်ငံတွင် ၂၀၂၀ ခုနှစ်ကထက် အလုပ်ကိုင် ၁ ဒသမ ၁ သန်း နည်းပါးမည်ဟု ILO ခန့်မှန်း
DVB
·
August 2, 2022
မြန်မာနိုင်ငံတွင် ၂၀၂၀ ခုနှစ်ကထက် အလုပ်ကိုင် ၁ ဒသမ ၁ သန်း နည်းပါးမည်ဟု ILO ခန့်မှန်း
Donate to DVB

မြန်မာနိုင်ငံဟာ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက်နေ့ စစ်တပ်ကအာဏာလွှဲယူပြီးနောက် ၁၈ လ ကြာကာလနဲ့ ကမ္ဘာ့ကပ်ရောဂါဖြစ်ပွားမှု တနှစ်ခွဲကြာကာလမှာ အလုပ်အကိုင်ဆုံးရှုံးမှုတွေနဲ့ အလွန်အမင်း ကြုံတွေ့နေရပြီး ၂၀၂၀ခုနှစ်နဲ့ နှိုင်းယှဉ်ပါက၊ အလုပ်ကိုင် ၁.၁ သန်း နည်းပါးသွားကြောင်း အပြည်ပြည်ဆိုင်ရာ အလုပ်သမားရေးရာအဖွဲ့  (ILO) က ခန့်မှန်းထားပါတယ်။

အိုင်အယ်(လ်)အို ဆက်သွယ်ညှိနှိုင်းရေးအရာရှိဖြစ်သူ Mr. Donglin Li က “စစ်တပ်ကအာဏာလွှဲယူပြီး ၁၈ လကြာတဲ့အချိန်မှာ မြန်မာနိုင်ငံရဲ့ အလုပ်အကိုင်အခြေအနေဟာ အရမ်းကို ခက်ခဲတဲ့ အခြေအနေမှာ ရှိနေပါတယ်။ အကန့်အသတ်ရှိနေတဲ့ အလုပ်အကိုင် တိုးတက်မှုလက္ခဏာတွေ ရှိနေပေမယ့်၊ လက်ရှိလုံးပါးပါးနေတဲ့ အလုပ်အကိုင်အခြေအနေဆိုးရွားမှုတွေနဲ့ အလုပ်အကိုင် အရည်အသွေးကျဆင်းမှုဟာ အလွန်အမင်းစိုးရိမ်ဖွယ်ရာ ကောင်းတဲ့ အခြေအနေမှာ ရှိနေပါတယ်” လို့ ပြောပါတယ်။

၂၀၂၂ ခုနှစ်၊ ပထမနှစ်ဝက်မှာ အလုပ်အကိုင်အခြေအနေ အနည်းငယ်ပြန်လည်ကောင်းမွန်လာဖို့ ညွှန်ပြခဲ့ပေမဲ့ အလုပ်အကိုင်အရည်အသွေးတွေ ပိုမိုဆိုးရွားစွာ ကျဆင်းလာပြီး ကုန်ထုတ် စွမ်းအားလည်း ပိုမိုကျုံ့ဆင်းလာကာ၊ ၂၀၂၀ ခုနှစ် အချိန်ကာလ အလုပ်အကိုင်တွေထက် အဆင့်နိမ်ကျနေတယ်လို့လည်း ILO က ခန့်မှန်းထုတ်ပြန်ထားတာပါ။ 

အဲဒီကာလအတွင်း အမျိုးသမီးတွေက အမျိုးသာတွေထက် အဘက်ဘက်က ပိုမိုထိခိုက် ခံစားနေတယ်လို့ ဆိုထားပါတယ်။

ILO က ထုတ်ပြန်တဲ့ ခန့်မှန်းချက်အရ ၂၀၂၁ ခုနှစ်မှာ လုပ်သားကုန်ထုတ်စွမ်းအား ၈ ရာခိုင်နှုန်း ကျုံ့ဆင်းသွားခဲ့ကာ ၂၀၂၂ ခုနှစ်၊ ပထမနှစ်ဝက်မှာ  နောက်ထပ် ၂ ရာခိုင်နှုန်း ထပ်မံကျုံ့ဆင်းသွားပြီး စစ်တပ်က အာဏာလွှဲယူမှု မတိုင်မီနှစ်တွေက ရရှိခဲ့တဲ့ ခိုင်မာတဲ့ အကျိုးအမြတ်များကို ပြောင်းပြန်ဖြစ်စေခဲ့တယ်လို့ ဆိုပါတယ်။ 

ဒါ့အပြင် အလုပ်သမားအခွင့်အရေး ဆိုးရွားစွာ ချိုးဖောက်ခံရမှုတွေကြောင့် အလုပ်သမားများစွာဟာ ဆိုးရွားလှတဲ့ အလုပ်အကိုင်အခြေအနေတွေနဲ့ ရင်ဆိုင်ကြုံတွေ့နေရကြောင်း၊ အဲဒီအခြေအနေဟာ အဓိကကျတဲ့ လုပ်ငန်းကဏ္ဍတွေက လုပ်ငန်းတွေနဲ့ အလုပ်သမားတွေကို  ထိခိုက်နစ်နာစေခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ 

ILO ရဲ့ လေ့လာ တွေ့ရှိချက်တွေအရ အထည်ချုပ်လုပ်ငန်းတွေမှာ  နေ့စားအလုပ်လုပ်ကိုင်နေရတာ အလုပ်ချိန် ပုံမှန်မဟုတ်တာ၊ အလုပ်သမားတွေက နည်းပါးတဲ့ လုပ်အားခကိုသာ ရရှိအနေအထားတွေ ပိုမိုဖြစ်ပေါ်လာတယ်လို့ ဆိုပါတယ်။

အဲဒီအပြင် အလုပ်သမားတွေဟာ အလုပ်အကိုင်ရပ်စဲခံရတဲ့အခါမှာ ရရှိရမဲ့ အလုပ်ထုတ်နစ်နာကြေး အကျိုးခံစားခွင့်ကို မရရှိတဲ့  အခြေအနေတွေလည်း ကျယ်ကျယ်ပြန့်ပြန့် ဖြစ်ပေါ်နေတယ်လို့ ILO က ထုတ်ပြန်အသိပေးထားပါတယ်။

ILO ဟာ ကုလသမဂ္ဂရဲ့ အထူးအေဂျင်စီတခုဖြစ်ပြီး အဖွဲ့ဝင်နိုင်ငံပေါင်း ၁၈၇ နိုင်ငံက အစိုးရတွေ အလုပ်ရှင်တွေနဲ့ အလုပ်သမားတွေ အတူတကွတွေ့ဆုံပြီး အလုပ်သမားရေးရာ စံချိန်စံညွှန်းတွေကို သတ်မှတ်တာနဲ့ မူဝါရေးဆွဲချမှတ်တာတွေကို ဆောင်ရွက်နေတာဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013