
စစ်အာဏာရှင်က ရက် ၁၀၀ စီမံကိန်းအတွင်း ငြိမ်းချမ်းရေး ဖိတ်ခေါ် တွေ့ဆုံဆွေးနွေးဖို့ ပြောနေသလို တဖက်မှာတော့ အရပ်သားပြည်သူတွေကိုကို အစုလိုက် အပြုံလိုက် သတ်ဖြတ်မှုတွေ နေစဉ်ဆက်တိုက်လုပ်ဆောင်နေတဲ့အတွက် စစ်အာဏာရှင်တပ်က ပြောတဲ့ ငြိမ်းချမ်းရေးကို အာရက္ခတပ်တော် (AA) နဲ့ ရခိုင်ဒေသခံတွေက မေးခွန်းထုတ်လာကြပါတယ်။
အာရက္ခတပ်တော် (AA) ထိန်းချုပ်ထားတဲ့ ရခိုင်က မြို့နယ်တွေမှာ စစ်တပ်က လေကြောင်းဗုံးကြဲချခဲ့လို့ ဇူလိုင် ၁၉ တရက်တည်းမှာပဲ အပြစ်မဲ့ပြည်သူ ၅ ယောက် သေဆုံးခဲ့ရတဲ့အပြင် သံဃာတော်တွေ အပါအဝင် ၃၀ ထက်မနည်း ထိခိုက်ဒဏ်ရာ ရရှိခဲ့ပါတယ်။
ဒါကြောင့် ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်/အာရက္ခတပ်တော် (ULA/AA) ကတော့ စစ်အုပ်စုရဲ့ ရက် ၁၀၀ အတွင်း ငြိမ်းချမ်းရေးဆိုတဲ့ စကားလုံးနဲ့ လက်တွေ့လုပ်ရပ် ထပ်တူမကျတဲ့အပေါ် မေးခွန်းထုတ်စရာတွေ ရှိနေတယ်လို့ ဇူလိုင် ၁၉ ရက်က ဆိုထားပါတယ်။
ဒါ့အတူပဲ ရခိုင်ဒေသတွေကလည်း စစ်အာဏာရှင်ပြောတဲ့ ငြိမ်းချမ်းရေးကို မေးခွန်းထုတ်လာကြပါတယ်။
ရခိုင်ဒေသခံတယောက်က “အာရက္ခပြည်သူတွေ နေထိုင်ရာ မြို့ပြတွေကို ဗုံးကြဲချတယ်၊ ဗုံးကြဲတယ် ဆိုတာကလည်း ၁၉ ရက်နေ့ တရက်တည်း မဟုတ်ပါဘူး၊ နေ့စဉ်ရက်ဆက်ပါပဲ။ တနေ့တနေ့ အာရက္ခပြည်တွင်းမှာ နေထိုင်တဲ့ ပြည်သူတွေလည်း သေကျေပြီးတော့ ထိခိုက်ဒဏ်ရာရတာ များတယ်။ ဒီလိုမျိုး နေ့စဉ် ပြုလုပ်ပြီးတော့မှ ငြိမ်းချမ်းရေးကို ဖိတ်ခေါ်မယ် ဆိုလို့ရှိရင် ဒါက ဘယ်လိုမှ ငြိမ်းချမ်းရေးဖိတ်ခေါ်နိုင်မှာ မဟုတ်ဘူး။ စစ်မှန်တဲ့ ငြိမ်းချမ်းရေးကို သွားမယ်ဆိုရင် ဒီလိုမျိုးလုပ်လို့ မရဘူးလေ။ သူတို့မှာက မထူးတဲ့ဇာတ်ကို ခင်းနေပါပြီ။ သူတို့အာဏာကို ထိခိုက်လာပြီဆိုရင် ဘယ်သူ့ကိုမှ သတ်ဖို့ ဝန်မလေးဘူး။ အဲဒါကြောင့် အဓိကက သတိကြီးကြီးမားမားထားပြီး နေကြရမှာပါ” လို့ ပြောပါတယ်။
ဇူလိုင် ၁၉ ရက်မှာ တောင်ကုတ်မြို့နယ်၊ မအီမြို့ရဲ့ လူနေထူထပ်တဲ့ အမှတ် ၂ နဲ့ ၃ ရပ်ကွက်တွေကို စစ်အုပ်စုက ဂျက်တိုက်လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့ပြီး ဒေသခံတွေ ထိခိုက် သေဆုံးခဲ့ရသလို လူနေအိမ်တွေလည်း မီးလောင်ဆုံးရှုံးခဲ့ရပါတယ်။
ဒါကြောင့် လက်ရှိမှာ မအီဒေသခံတွေဟာ လေကြောင်းရန်ကို စိုးရိမ်ပြီး ဘေးလွတ်ရာကို ရှောင်တိမ်းနေကြသူတွေ ရှိသလို နေအိမ်မီးလောင်ဆုံးရှုံးခဲ့ရသူတွေလည်း ယာယီတဲတွေဆောက်ပြီး နေနေကြရတယ်လို့ မအီဒေသခံတယောက်က ဆိုပါတယ်။
“လေကြောင်းတိုက်ခိုက်မှုတွေကတော့ နေ့စဉ်နဲ့အမျှ ကျနော်တို့ စိုးရိမ်နေကြရတာပါပဲ။ အသံကြားရင်ကို သတိထားပြီး ဂရုတစိုက် နေနေကြရတာပါ။ သူတို့ ဘယ်အချိန်လာမယ်၊ ဘယ်အချိန်ဗုံးချမယ်ဆိုတာ ခန့်မှန်းလို့မှမရတာ။ သူတို့က လာချင်တဲ့အချိန်လာ၊ ချချင်တဲ့အချိန် ချနေတာဆိုတော့လေ၊ စိုးရိမ်တာတော့ ရှိတာပေါ့နော်။ ဒေါသဖြစ်ရုံကလွဲလို့ လောလောဆယ် အခြေအနေမှာတော့ ဒီအတိုင်းပဲ ရင်စည်းခံနေရကြရတာပဲ။ စစ်မနိုင် ကျီမီးရှို့ ဆိုသလိုပေါ့၊ သူတို့မှာ ယုတ်မာတဲ့စိတ်တခုပဲ ရှိတာကို။”
ဇူလိုင် ၁၉ ရက် တရက်တည်းမှာတင် ရခိုင်ပြည်ရှိ အရပ်သားတွေနေထိုင်တဲ့ မအီမြို့ အပါအဝင် သံတွဲနဲ့ ပုဏ္ဏားကျွန်းမြို့တွေကိုပါ ပစ်မှတ်ထားပြီး စစ်အုပ်စုက ဂျက်တိုက်လေယာဉ်တွေနဲ့ ဗုံးကြဲ တိုက်ခိုက်ခဲ့တာပါ။
အဲဒီတိုက်ခိုက်မှုကြောင့် မအီမြို့မှာ အပြစ်မဲ့ပြည်သူ ၅ ယောက် သေဆုံးခဲ့ပြီး ကလေးငယ်တွေနဲ့ ဘုန်းကြီးတပါး အပါအဝင် ၂၂ ယောက် ထိခိုက်ဒဏ်ရာ ရရှိခဲ့သလို ခရစ်ယာန် ဘုရားကျောင်းတဆောင်နဲ့ လူနေအိမ် ၂၀ ကျော် မီးလောင်ဆုံးရှုံးခဲ့ရပါတယ်။
အလားတူပဲ ဂျက်တိုက်လေယာဉ်နဲ့ ဗုံးကြဲချလို့ သံတွဲမြို့မှာလည်း ပြည်သူ ၄ ယောက် ထိခိုက်ဒဏ်ရာရပြီး နေအိမ်တွေ ထပ်မံပျက်စီးခဲ့ရတဲ့အပြင် ပုဏ္ဏားကျွန်းမြို့နယ်မှာလည်း ဘုန်ကြီး ၂ ပါးနဲ့ အရပ်သားတယောက် ထိခိုက်ဒဏ်ရာ ရရှိခဲ့ပါတယ်။
အခုလို လေကြောင်းဗုံးကြဲမှုကြောင့် တရက်တည်းမှာပဲ အပြစ်မဲ့ အရပ်သားပြည်သူ ၅ ယောက် သေဆုံးပြီး သံဃာတော် ၃ ပါး ထိခိုက်ဒဏ်ရာ ရရှိခဲ့တဲ့အပြင် ကလေးငယ်တွေ အပါအဝင် အရပ်သားပြည်သူ ၂၆ ယောက် ထိခိုက်ဒဏ်ရာ ရရှိခဲ့ပါတယ်။
ဒါကြောင့် ဗုံးကြဲခံရမှုမှာ ထိခိုက်သူတွေနဲ့ နေအိမ်တွေ မီးလောင်ဆုံးရှုံးသွားတဲ့ ဒေသခံတွေကို ကူညီရာမှာ ငွေကြေးလိုအပ်ချက်တွေ ရှိနေတယ်လို့ ဒေသတွင်း လူမှုကူညီရေးဆောင်ရွက်သူ တယောက်က ပြောပါတယ်။
“သူတို့ရဲ့ ရှိတဲ့ ဥစ္စာတွေလည်း အကုန်လုံး ပျက်စီးသွားတော့ အိမ်ဆောက်နိုင်မယ် မထင်ပါဘူး။ ဒါကြောင့် ပြန်လည်ထူထောင်နိုင်ဖို့အတွက် အကူအညီတွေ လိုအပ်နေပါတယ်။ ပြီးရင် ဆေးဝါးကုသနေတဲ့သူတွေမှာလည်း အကူအညီတွေ အများကြီး လိုအပ်နေပါတယ်။ အရေးပေါ်ဖြစ်နေတဲ့သူတွေနဲ့ ဒဏ်ရာပြင်းထန်သူက ၁၀ ယောက်ကျော် ရှိနေလို့ပါ။ ဒဏ်ရာရထားတဲ့ သူတွေကို ကူညီဖို့အတွက် ငွေကြေးက အဓိက လိုအပ်နေတာပါ။ ကူညီတဲ့အချိန်မှာလည်း ကားလိုအပ်ချက်တွေ ရှိနေပါတယ်။ ကားလိုအပ်ချက်တွေ ရှိနေတော့ လူနာတွေကို အမြန်ဆုံး ပို့ဆောင်လို့မရဘူး။ ကားတွေက ရှာရခက်တော့လေ။ အဲလိုအခက်အခဲတွေတော့ ရှိပါတယ်ဗျ။”
ဒါကြောင့် စစ်အုပ်စုရဲ့ ငြိမ်းချမ်းရေးဖိတ်ခေါ်မှု စကားလုံးတွေနဲ့ လက်တွေ့ကျူးလွန်နေတဲ့ အကြမ်းဖက်မှု လုပ်ရပ်တွေဟာ ထပ်တူမကျဘူးဆိုတာ ဒီလေကြောင်းဗုံးကြဲမှုတွေက သက်သေပြနေပါတယ်။
ကေခိုင်











