DVB Logo
Home
မြန်မာသတင်း
မိုင်းရှူးးရတနာမြေတွင် မီးလောင်မှုကြောင့် နေအိမ်နှင့်ဆိုင်ခန်းတွေ ၄၀ နီးပါးဆုံးရှုံး
DVB
·
April 9, 2014
မိုင်းရှူးးရတနာမြေတွင် မီးလောင်မှုကြောင့် နေအိမ်နှင့်ဆိုင်ခန်းတွေ ၄၀ နီးပါးဆုံးရှုံး
Donate to DVB

ရှမ်းပြည်တောင်ပိုင်း ပတ္တမြားကျောက်မျက်ထွက်ရှိတဲ့ မိုင်းရှူးတောင်ပေါ်မှာ ဒီနေ့ မနက်က မီးလောင်မှုတခု ဖြစ်ပွားပြီး လူနေအိမ်အပါအ၀င် ဈေးဆိုင်ခန်းပေါင်း ၄၀ နီးပါး မီးထဲပါသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

မိုင်းရှူးမြို့ အရှေ့ဘက်က လွယ်ဆောင်ထောက်တောင်ပေါ်မှာ ဒီနေ့ မနက် ၉ နာရီက မီးလောင်တဲ့အတွက် သူရဲ့ အိမ်ဆောက်ပစ္စည်းအရောင်းဆိုင်အပါအ၀င် တခြား လူနေအိမ်ခြေ ဈေးဆိုင် ၃၉ လုံး မီးထဲပါသွားတယ်လို့ ဦးအောင်မြင့်သိန်းက ဒီဗွီဘီကို ပြောပါတယ်။

[caption id="attachment_54631" align="alignright" width="300"]ဓာတ်ပုံ - Citizen Journalist ဓာတ်ပုံ - Citizen Journalist[/caption] “အဓိက ဖြစ်စဉ်ကတော့ ၀ါယာရှော့လို့ပဲ လောလောဆယ် သတ်မှတ်လို့ ရတယ်။ အဲဒီအိမ် မှာက လူမရှိဘူး။ ကလေးတွေပဲ ရှိတယ်။ ဈေးရောင်းတဲ့ ဆိုင်ဆိုတော့ လူကြီးတွေက ကုန်ထုတ်နေတယ်။ မီးသတ်ကားက ပျက်နေပါတယ်။ ကျနော်တို့ ကိုယ်ထူကိုယ်ထ မီးစက်က ရေကုန်သွားတော့ ငြိမ်းလို့ မရတော့လို့ အကုန်လုံး လောင်သွားတာဗျ။ ကျနော်က အဲဒီ အိမ် မီးလောင်လို့ ငြိမ်းပေးမယ်ဆိုပြီးတော့ ရေပိုက်မီးစက်နဲ့ ထုတ်ပြီး စက်နှိုးပြီးတော့ ရေဖြန်းတာပေါ့။ ကိုယ့်အိမ်ကို အဓိက မထားနိုင်ဘူးလေ။ အဲဒီအိမ်တအိမ် မလောင်ဘူးဆိုရင် ကျန်တဲ့ အိမ်တွေ မလောင်အောင်တော့ တားကြည့်တာပဲ။ နောက်ဆုံး မနိုင်တော့လည်း ကျနော်တို့လည်း ဘယ်လိုမှ မတတ်နိုင်ဘူး။ ကိုယ့်အိမ်က ပစ္စည်းလည်း မထုတ်နိုင်ဘူး။”

အဲဒီဒေသဟာ တောင်ပေါ်လမ်းကြမ်းတဲ့အတွက် ဆိုင်ကယ်ကိုသာ အသုံးများပြီး မိုင်းရှူးမြို့ပေါ်က မီးသတ်ကားတွေလည်း တက်နိုင်မှာ မဟုတ်ဘူးလို့ သူက ဆက်ပြောပါတယ်။

အခြားသူတွေရဲ့ ဆုံးရှုံးမှုပမာဏကို မသိရပေမယ့် သူ့ဆိုင်ကို အသစ်ပြန်ဆောက်မယ် ဆိုရင် ကျပ်သိန်းပေါင်း ၆၀ ကျော် ကုန်ကျမှာ ဖြစ်ပြီး ဆိုင်ထဲက လျှပ်စစ်ပစ္စည်းနဲ့ အိမ်ဆောက်ပစ္စည်းတွေတော့ ကျပ်သိန်း ၁၀၀ လောက် ဆုံးရှုံးတယ်လို့ သူက ဆက်ပြောပါတယ်။

မီးလောင်သွားတဲ့ အိမ်တွေဟာ အများအားဖြင့် ဆိုင်ခန်းနဲ့ တွဲနေတာ ဖြစ်ပြီး ကုန်စုံဆိုင်၊ ဆေးဆိုင်၊ အလှပြင်ဆိုင်၊ ကက်ဆက်ခွေနဲ့ တီဗွီအရောင်းဆိုင်၊ လျှပ်စစ်ပစ္စည်းဆိုင်၊ သစ်သီးအရောင်းဆိုင်နဲ့ ပန်းဆိုင်တွေ ပါဝင်ကာ ပထမဆုံး မီးစလောင်တဲ့ ကုန်စုံဆိုင်ဆိုရင် သိန်း ၅၀၀ လောက် ဆုံးရှုံးမယ်လို့ ဦးအောင်မြင့်သိန်းက ခန့်မှန်းပြောဆိုပါတယ်။

မီးလောင်မှုကြောင့် အိမ်မဲ့ရာမဲ့ဖြစ်သူပေါင်း ၁၀၀ ကျော်ဟာ ခုံလုံရွာ ဘုန်းကြီးကျောင်းမှာ ခေတ္တနေထိုင်နေကြပြီး လူ ထိခိုက်သေဆုံးမှု မရှိကြောင်း၊ မွန်းတည့် ၁၂ နာရီအထိ ဘယ်အုပ်ချုပ်ရေး အာဏာပိုင်တွေမှ ရောက်လာတာ မရှိဘဲ ဦးပိုင်ကုမ္ပဏီတခုကတော့ ကျပ်ငွေ ၂ သိန်း ၃ သောင်း လာကူသွားတယ်လို့ သူကဆက်ပြောပါတယ်။

မိုင်းရှုးမြို့ အရှေ့ဘက် ၁၈ မိုင်အကွာမှာရှိတဲ့ လွယ်ဆောင်ထောက်ဒေသဟာ အရင်က တောနက်ထဲမှာ ရှိပြီး လွန်ခဲ့တဲ့ နှစ်ပေါင်း ၂၀ ကျော်က ကျောက်နီပတ္တမြားတွေ အမြောက်အများ တူးဖော် တွေ့ရှိခဲ့တာကြောင့် ကျောက်တူးသမားတွေ၊ ဈေးဆိုင်ခန်းတွေနဲ့ မြို့ရွာအသွင် ပြောင်းခဲ့တာ ဖြစ်ပါတယ်။

လက်ရှိ လူနေဆိုင်ခန်းတွေ သောင်းနဲ့ချီ ရှိပြီး သူတို့နေရာနဲ့ အထက်ဘက်မှာ လွန်ခဲ့တဲ့ ၇ နှစ်က မီးလောင်မှုကြောင့် နေအိမ်ဆိုင်ခန်းတွေ ရာနဲ့ချီ မီးထဲပါ သွားခဲ့ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013