Home
အထွေထွေ
ဒီနှစ်သင်္ကြန်က စပြီး စင်တင်ပွဲတွေမှာ သုံးမယ့်သီချင်းတွေအတွက် အနုပညာကြေး ကောက်ခံမည်
DVB
·
April 9, 2014
MDY Thingyan Pillar
ဒီနှစ် သင်္ကြန်ကစပြီး သီချင်းဆိုပြိုင်ပွဲတွေ အပါအ၀င် စီးပွားဖြစ် စင်တင်ဂီတဖျော်ဖြေပွဲ တွေမှာ တေးသီချင်းတွေ အသုံးပြုမယ်ဆိုရင် တေးရေးအတွက် အနုပညာကြေး ကောက်ခံ သွားမယ်လို့ ဂီတအစည်းအရုံးက ပြောဆိုလိုက်ပါတယ်။ ယခင်က စင်မြင့်ဂီတဖျော်ဖြေပွဲတွေမှာ သီဆိုကြတဲ့အခါ သက်ဆိုင်ရာ တေးဆိုတွေကသာ အနုပညာကြေး ရရှိကြပြီး တေးရေး၊ အတီး၊ အသံဖမ်းနဲ့ ထုတ်လုပ်ရေးစတဲ့ အလွှာတွေမှာ အနုပညာကြေး မရရှိကြတဲ့အတွက် မူပိုင်ခွင့်အရ အနုပညာကြေး ကောက်ခံသွားတော့မှာ ဖြစ်ပါတယ်။ MDY Thingyan Pillarမြန်မာနိုင်ငံ ဂီတအစည်းအရုံးဗဟိုရဲ့ ဒုဥက္ကဋ္ဌ ဦးလွင်မြင့်က တေးရေးတွေကို အသိမပေးပဲ သီချင်းတွေကို သီဆိုတာဟာ ဖန်တီးသူကို နစ်နာစေတဲ့အတွက် ဒီနှစ် သင်္ကြန်ကစလို့ နောက်ပိုင်း မှာ ဒီစနစ်ကို ပြောင်းလဲကျင့်သုံးမှာ ဖြစ်တယ်လို့ ခုလို ပြောပါတယ်။ “သီချင်းရေးသူတွေကလည်း သူတို့ ရသင့်ရထိုက်တာတွေ ဖြစ်ဖို့အတွက်ကို ၆ ရက်နေ့က သတင်းစာထဲမှာ ကြေညာလိုက်တာပေါ့။ နောင်ကို ပွဲတွေပဲဖြစ်ဖြစ် သင်္ကြန်ပဲဖြစ်ဖြစ် ခံစားခွင့်ကို သီချင်းတပုဒ်ကို သွားဆိုပြီးတော့ သီချင်းရေးသူကို အသိအမှတ်မပြုပဲ ကိုယ့်ဘာဆို ကိုယ့်ဘာကိုယ်လုပ်နေတာတော့ ဒါကတော့ အပြန်အလှန်လေးစားသင့်တဲ့ အချက်လေး တချက်ပေါ့နော်။” အနုပညာကြေးကိုတော့ ပွဲစီစဉ်သူတွေကပဲ ပေးဆောင်ရမှာ ဖြစ်ပြီး တေးရေးထံက ၀ယ်မထားတဲ့အဆိုတော်တွေ သီဆိုမယ်ဆိုရင် ၁ ကြိမ် သီဆိုခ ကျပ် ၂ သောင်း သတ်မှတ်ထားပါတယ်။ အနုပညာကြေး ကောက်ခံမယ့် ပုံစံသစ်နဲ့ ပတ်သက်ပြီး ဂီတအစည်းအရုံးက တွဲဖက် အတွင်းရေးမှူး တေးရေးဆရာ မြင့်မိုးအောင်က အခုလို ပြောပြပါတယ်။ “တီဗွီမှာ သီချင်းဆိုပြိုင်ပွဲမှာ သီချင်းဆိုလို့ရှိရင် တကြိမ်လွှင့်တဲ့အတွက်ကြောင့် မို့လို့ ၂ သောင်း ရရှိပါတယ်။ ၂ သောင်းမှာ ဂီတအစည်းအရုံးက ၂ ထောင် ၀န်ဆောင်ခယူတဲ့ အတွက်ကြောင့် တေးရေးဆရာတယောက် ၁ သောင်း ၈ ထောင် ရရှိပါတယ်။ တကယ်တော့ ကာရာအိုကေ အချပ်ကို ပြိုင်မယ်ဆိုရင် ၄ သောင်း ရရှိပါတယ်။ ၄ သောင်းကို ၅ လွှာခွဲယူရပါတယ်။ စင်တင်အတွက်ကို သတ်မှတ်တာကတော့ သီချင်းခွေ ထုတ်ထားတဲ့ အဆိုတော်ပေါ့၊ ဥပမာ အားဖြင့် ဖြူဖြူကျော်သိန်းက လမ်းခွဲသီချင်းကို သီချင်းခွေ ထုတ်ထားတယ်။ သူက စင်တင်မှာ ဆိုမယ်ဆိုမယ်ဆိုရင်တော့ သူ့ကို ဆရာတို့က တကြိမ်ဆိုတဲ့အတွက် ၁ သောင်း သတ်မှတ်ထားပါတယ်။ ” ဖျော်ဖြေပွဲ ကျင်းပအပြီးမှာ အဆိုတော်အမည်နဲ့ သီဆိုတဲ့ သီချင်းစာရင်းတွေကို အတိအကျ တင်ပြပြီး အနုပညာကြေး အပြတ် ပေးဆောင်ရမှာလည်း ဖြစ်ပါတယ်။ ကနဦးပွဲ စီစဉ်နေစဉ်ကာလအတွင်း ဆိုမယ့် ခန့်မှန်း သီချင်းအပုဒ်အရေအတွက်ကို ဂီတအစည်းအရုံးမှာ တင်ပြ စပေါ်ငွေ ကြိုသွင်းထားနိုင်ပြီး ၁ ကြိမ်သီဆိုခမျိုးနဲ့ စာချုပ်နိုင်သလို ၁ နှစ် စာချုပ်မျိုးနဲ့လည်း ပေးဆောင်နိုင်တယ်လို့ ဆိုပါတယ်။ အဲဒီအစီအစဉ်ကို သင်္ကြန်ကာလအတွင်းမှာ စတင်မှာ ဖြစ်လို့ ပွဲစီစဉ်သူတွေ ရုပ်သံရိုက်ကူး ထုတ်လွှင့်မယ့် တာဝန်ရှိသူတွေနဲ့ ဖျော်ဖြေရေးမဏ္ဏပ် ပြုလုပ်မယ့်သူတွေအနေနဲ့ မြန်မာနိုင်ငံ ဂီတအစည်းအရုံးကို ကြိုတင်အကြောင်းကြားထားဖို့ကိုလည်း သတင်းစာမှာ ကြေညာထား ပါတယ်။ တေးဆို သားစိုးကတော့ အဆိုတော်တွေက တေးရေးတွေနဲ့ တိုက်ရိုက်ညှိနှိုင်းတာမျိုးတွေ လုပ်သင့်ပြီး ခွင့်ပြု ချက်မယူပဲ ဆိုတာမျိုး မလုပ်သင့်ဘူးလို့ ပြောပါတယ်။ “ဒီသီချင်းဆိုရင်တော့ ဒီသီချင်းကို ပေးရမှာပဲ။ အဆိုတော်ကလည်း ဒီသီချင်းဆိုချင်ရင် တေးရေးကို ကြိုပြီးတော့ကို ပေးရမှာပဲ။ ဒါ ပိုင်ရှင်ကို ခွင့်ပြုချက် တောင်းကို တောင်းရမယ်။ အဆိုတော်တွေကလည်း တေးရေးကို လေးစားကို လေးစားရမယ်။ ကျနော်ဆိုရင် စာဥသီချင်း လုပ်တယ် တေးရေးကို ကျနော်ပြောခဲ့တာပဲ။ ပြောပြီးတော့ ရအောင်ကို ပေးတယ်။ ရတဲ့ ပိုက်ဆံထဲက ဥပမာ - ရုပ်ရှင်သုံးတယ်၊ ဘာသုံးတယ် ညာသုံးတယ်၊ အခုဆိုရင် စကိုင်းနက်က လွှင့်မယ်ဆိုရင် ကျနော် သပ်သပ်ထပ်ပြီး ကန်တော့ ရမယ်။ ဒါ ကိုယ့်ရဲ့ဆရာတွေကို ဂါရ၀အနေနဲ့ ပေးတာ။ အခုခေတ် ကလေးတွေက ဂါရ၀ ကို မရှိဘူး။ အဲဒီလိုမျိုးကလေးတွေက တရားစွဲ လျော်ကြေးတောင်း ရှင်းနေတာပဲ။” ခုလို စနစ်သစ်နဲ့ အနုပညာကြေး ကောက်ခံဖို့ အဆိုတော်တွေနဲ့ တေးရေးတွေအပါအ၀င် ဂီတအသိုင်းအ၀န်းက အနုပညာရှင်တွေ အစည်းအဝေး ၃ ကြိမ်ခန့် ခေါ်ပြီး ဆုံးဖြတ်ခဲ့တာလည်း ဖြစ်ပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024