DVB Logo
Home
မြန်မာသတင်း
ဒီဗွီဘီသတင်းထောက်ကို ဖမ်းဆီးထောင်ချမှု စာနယ်ဇင်းသမားတွေ ကန့်ကွက်
DVB
·
April 9, 2014
ဒီဗွီဘီသတင်းထောက်ကို ဖမ်းဆီးထောင်ချမှု စာနယ်ဇင်းသမားတွေ ကန့်ကွက်
Donate to DVB

မကွေးအခြေစိုက် ဒီဗွီဘီသတင်းထောက် ကိုဇော်ဖေကို ထောင်ဒဏ်တစ်နှစ်ချမှတ်လိုက်တဲ့အပေါ် ပြည်တွင်း စာနယ်ဇင်းသမားတွေက ကန့်ကွက်ရှုတ်ချလိုက်ပြီး လွတ်လပ်စွာ သတင်းရယူနိုင်ဖို့ အတွက် ဥပဒေအရ အကာကွယ်အပေးဖို့ တောင်းဆိုလိုက်ပါတယ်။

ကိုဇော်ဖေကို အရေးယူမှုနဲ့ပတ်သက်ပြီး ပြည်တွင်းက စာနယ်ဇင်းအဖွဲ့အစည်းတွေနဲ့ သတင်းစာဆရာတွေက သဘောထားတွေ အသီးသီး ထုတ်ဖော်ပြောကြားလိုက်တာဖြစ်ပါတယ်။

Zaw Peသတင်းသမားတွေ လွတ်လွတ်လပ်လပ် သတင်းယူနိုင်ဖို့အတွက် လက်ရှိပြဋ္ဌာန်းထားတဲ့ စာနယ်ဇင်း ဆိုင်ရာ ဥပဒေတွေနဲ့ ဌာနဆိုင်ရာ တွေရဲ့ အမူအကျင့်တွေကို ပြောင်းလဲဖို့လိုတယ်လို့ မြန်မာဂျာနယ်လစ်ကွန်ယက်ရဲ့ အထွေထွေ အတွင်းရေးမှူး ဦးမြင့်ကျော်က ပြောပါတယ်။

“ဒီကိစ္စက ဒီလိုမျိုးကို ပြစ်ဒဏ်ကျလိမ့်မယ် ထောင်ဒဏ်ကျလိမ့်မယ်လို့ ကျနော်တို့ လုံးဝ မမျှော်လင့်ထားဘူးပေါ့နော်။ ဒီလိုကာလမျိုး ဒီလို အခြေအနေမျိုး ဒီလိုနောက်ခံမျိုးမှာ ဒီလို ပြစ်ဒဏ်ပေးလိမ့်မယ်လို့ မမျှော်လင့်ထားဘူး။ အခုဒီလို ထောင်ဒဏ်ချတယ်ဆိုတာ ကျနော်တော့ တော်တော့်ကို အံ့သြတယ်။ နောက်ပြီးတော့ မလုပ်သင့်တဲ့ကိစ္စ တခုလုပ်တယ်။ မီဒီယာကို ရန်ဘက်သဖွယ်သဘောထားတဲ့ ဟာမျိုး။ ဒီအကျိုးဆက်က ဒီဗွီဘီ သတင်းထောက်တင် မကဘူး ကျန်တဲ့ အားလုံးအပေါ်မှာလည်း ဒါက ခြိမ်းခြောက်မှုလို ဖြစ်နေတာပေါ့နော်။”

ပြည်သူ့ခေတ်ဂျာနယ်က ဆရာဖေမြင့် ကတော့ မြန်မာနိုင်ငံမှာ အစိုးရက စာနယ်ဇင်း လွတ်လပ်ခွင့်တွေ ရှိနေပြီလို့ ပြောနေပေမယ့် တကယ်တမ်းမှာတော့ စာနယ်ဇင်းလွတ်လပ်ခွင့်ကို အကာကွယ်ပေးတဲ့ ဥပဒေမရှိသေးဘူးလို့ အခုလို ပြောပါတယ်။

“ကျနော်တို့မှာက လွတ်လပ်ခွင့်နဲ့ ပတ်သက်တဲ့ အထောက်အကူပေးမယ့် ဥပဒေ ဆိုတာမျိုးတွေ ကြိုးစားပြီး ပြုစုနေ ရေးသားနေတာတွေတော့ ရှိတော့ ရှိတယ်။ သို့သော် ထွက်လာသလောက်အထိကတော့ တကယ်ကို စိတ်တိုင်းကျတဲ့အနေအထား မရသေးဘူး။ နောက်တခုကတော့ သူများတိုင်းပြည်မှာတော့ သတင်းရယူခွင့် ဆိုင်ရာ ဥပဒေပေါ့ဗျာ၊ သိပိုင်ခွင့်နဲ့ ပတ်သက်တဲ့ဟာတွေ ကျကျနန အားပေးကူညီတဲ့ ဥပဒေပြဌာန်းချက်တွေ ရှိတယ်ဗျ။ ဒီမှာ သေချာ မရှိသေးဘူး။ မရှိသေးတဲ့အခါကျတော့ လွတ်လပ်ဆိုပြီး အလုပ်လုပ်တဲ့အခါ အခုလို အနှောင့်အယှက်မျိုးတွေ ပြဿနာမျိုးတွေ ပေါ်လာတာပေါ့။”

မြန်မာနိုင်ငံမှာ သတင်းမီဒီယာဥပဒေကို လွှတ်တော်က မကြာသေးခင်ကပဲ အတည်ပြု ပြဌာန်းထားပြီးဖြစ်ပါတယ်။ သမ္မတ လက်မှတ်ရေးထိုးလိုက်တဲ့ သတင်းမီဒီယာ ဥပဒေ အသက်မ၀င်သေးခင်မှာ သတင်း သမားတွေကို အခုလိုဆက်ဆံနေတဲ့အပေါ် မြန်မာဂျာ နယ်လစ်ကွန်ယက်ရဲ့ အထွေထွေ အတွင်းရေးမှူး
ဦးမြင့်ကျော်က အခုလို ပြောပါတယ်။

“အခု သတင်းမီဒီယာ ဥပဒေ လက်မှတ်ရေးထိုးလိုက်ပြီပေါ့နော်။ ဒါပေမယ့် နည်းဥပဒေ မပြီးသေးတော့ ဒါက အသက်တော့ မ၀င်သေးဘူး။ သို့ပေမယ့် အဲဒီလိုမျိုးပေးတဲ့ကာလတွေမှာ အခုလို ရာဇ၀တ်မှုဆိုင်ရာ ဥပဒေတွေနဲ့ တခြား တည်ဆဲဥပဒေတွေနဲ့ အပြစ်ပေးတဲ့ဟာတွေ ကတော့ အပြစ်ပေးနေတဲ့ အပြစ်ဒဏ်လည်း မဟုတ်ဘူးဆိုတဲ့ဟာက လွိုင်ကော်ကိစ္စမှာလည်း သိသာတယ်။ အခုဒီကိစ္စကလည်း ၂၀၁၂ က ဖြစ်တဲ့ ကိစ္စ အခုဒီလိုပြစ်ဒဏ်ပေးတယ်ဆိုတဲ့ အပေါ်မှာတော့ မီဒီယာအပေါ်မှာ ရန်လိုတဲ့ သဘောထားတယ်၊ မီဒီယာကို ထိန်းချုပ်လိုတဲ့ သဘောထားတာကတော့ ထင်ရှားတယ်။”

တခါ မြန်မာနိုင်ငံ သတင်းစာဆရာအသင်း နာယက ၀ါရင့် သတင်းစာဆရာကြီး ဖိုးသောကြာ(ခေတ်မိုးကတော့) သတင်းလွတ်လပ်ခွင့်အတွက် ဘယ်ဥပဒေကို ပြင်ဆင်သင့် တယ်ဆိုတာကို အခုလို ပြောပါတယ်။

“အဘအမြင်ကတော့ အဲဒီ မီဒီယာလောတို့ ပုံနှိပ်ထုတ်ဝေခြင်း ဥပဒေတို့ဆိုတာ အကိုင်းအခက်လို့ပဲ အဘမြင်တယ်။ ပင်စည်ကတော့ ၂၀၀၈ ခုနှစ် ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံ ဥပဒေပဲ။ ဒီခြံစည်းရိုးကြီး ကာထားသမျှတော့ အဘတို့ သတင်းလွတ်လပ်ခွင့်က ၂၅ ရာခိုင်နှုန်း အမြဲဆုံးရှုံးနေမှာပဲ။ ဒါအဘအမြင် ပြောတာနော်။”

အစိုးရဌာန တခုမှာ သတင်းသွားယူတဲ့ ဒီဗွီဘီ သတင်းထောက် ကိုဇော်ဖေကို ပိုင်နက် ကျူးလွန်မှု၊ ၀တရားနှောက်ယှက်မှုတွေနဲ့ တရားစွဲဆိုပြီး ဧပြီလ ၇ ရက်နေ့မှာ မကွေးမြို့နယ် တရားရုံးက ထောင်ဒဏ်တနှစ် ချမှတ်လိုက်တာဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013