DVB Logo
Home
မြန်မာသတင်း
သတင်းစာဆရာကြီး အိုးဝေ ဦးညိုမြ ရာပြည့်အထိမ်းအမှတ်ပွဲ ကျင်းပ
DVB
·
April 8, 2014
သတင်းစာဆရာကြီး အိုးဝေ ဦးညိုမြ ရာပြည့်အထိမ်းအမှတ်ပွဲ ကျင်းပ
Donate to DVB

ကွယ်လွန်သူ စာရေးဆရာ၊ သတင်းစာဆရာကြီး အိုးဝေ ဦးညိုမြ ရာပြည့်အထိမ်းအမှတ်ပွဲနဲ့ အမှတ်တရ ကြေးသွန်းရုပ်တုဖွင့်ပွဲတွေကို စစ်ကိုင်းတိုင်း မုံရွာခရိုင် ချောင်းဦးမြို့နယ်က သူရဲ့မွေးရပ် အမြင့်မြို့မှာ ဒီကနေ့ မနက်က ကျင်းပသွားပါတယ်။

အိုးဝေဦးညိုမြ အသက်တရာပြည့် အထိမ်းအမှတ်အနေနဲ့ သတင်းစာဆရာ အိုးဝေ ဦးညိုမြ အပါအ၀င် တမြို့ထဲသား နိုင်ငံရေးသမားတွေဖြစ်တဲ့ တို့ဗမာ အစည်းအရုံး ဥက္ကဋ္ဌ ဟောင်း သခင်လေးမောင်နဲ့ အရီးတောင်း ဦးကျော်သိန်း ခေါ် သခင်ကျော်သိန်းတို့ ၃ ဦးအတွက် အမှတ်တရ ကြေးရုပ်တု သွန်းလုပ်ပြီး မြို့ခံ နိုင်ငံရေးလှုပ်ရှားသူတွေက ဂုဏ်ပြုခဲ့ကြပါတယ်။

Oway U Nyo Myaအမြင့်မြို့ရဲ့ မြို့လယ်ခေါင် ဈေးတန်းလမ်းမမှာရှိတဲ့ ညိုမြတို့ရွာ စာကြည့်တိုက်ရှေ့မှာ ရုပ်တုတွေကို နောက်လာနောက်သားတွေ သိရှိနိုင်အောင် စီတန်းထားရှိတာလည်း ဖြစ်ပါတယ်။ အခုလို ဂုဏ်ပြုရခြင်းနဲ့ပတ်သက်ပြီး မြို့ခံတွေက နိုင်ငံရေးအကျဉ်းသားဟောင်း ဦးညီပုက အခုလို ပြောပါတယ်။

“ဗိုလ်ချုပ်အောင်ဆန်း ကျောင်းထွက်ရတာကို အိုးဝေဦးညိုမြ ငရဲခွေးကြီး လွတ်နေပြီဆိုတဲ့ ဆောင်းပါးကြောင့်ပေါ့နော်။ နောက် သခင်လေးမောင်ဆိုတာကလည်း ဒို့ဗမာအစည်းအရုံး ဥက္ကဋ္ဌ လုပ်ခဲ့တာကိုး။ နောက် သခင်ကျော်သိန်းဆိုတာကလည်း နိုင်ငံခြားမှာ သတင်းစာပညာတွေ ဘာတွေ သင်ပြီးတော့ ခေတ်အဆက်ဆက်ကနေပြီး အာဏာရှင် ပြုတ်ကျရေးကို တိုက်ပွဲဝင်ခဲ့ကြတဲ့ ရေဆန်ပုဂ္ဂိုလ်တွေဖြစ်ပြီး ဂုဏ်ပြုအပ်တဲ့ ပုဂ္ဂိုလ်တွေဖြစ်လို့ ဂုဏ်ပြုတာပါ။”

ဦးညိုမြ ရာပြည့်ပွဲအထိမ်းအမှတ်အဖြစ် ထင်ရှားတဲ့ စာရေးဆရာတွေဖြစ်ကြတဲ့ ချစ်ဦးညို၊ နေ၀င်းမြင့်၊ ညီမင်းညို၊ ခင်ခင်ထူး စသူတို့ကလည်း စာပေဟောပြောဖို့ ရှိနေပါတယ်။ စာရေးဆရာ ချစ်ဦးညိုကတော့ သတင်းစာဆရာကြီး ဦးညိုမြအကြောင်း အမှတ်ရစရာတွေနဲ့ ပတ်သက်ပြီး အခုလိုပြောပါတယ်။

“ဆရာ ဦးညိုမြနဲ့ ပတ်သက်လို့ အမှတ်တရ အဖြစ် အဓိကတော့ ၂ ချက်ပါဗျ။ ၁ ချက်ကတော့ အားလုံးသိကြတဲ့ ကုန်းဘောင်ရှာပုံတော်၊ ကုန်းဘောင်ရှာပုံတော်ထဲက ၃ ပုဒ်ကို ကျနော်တောင်မှီငြမ်းပြီးတော့ ကျနော်တောင် ၀တ္ထုရှည် တပုဒ် ရေးဖူးသေးတယ်။ နောက် ၁ ချက်ကတော့ ငရဲခွေးကြီး လွတ်နေပြေးနေပြီ၊ အိုးဝေ တက္ကသိုလ်မဂ္ဂဇင်းမှာ ပါတဲ့ဟာ။ အဲဒီကနေပြီး အယ်ဒီတာ ကိုအောင်ဆန်း၊ အဲဒီကနေပြီး ကျောင်းအုပ်ကြီး မစ္စတာ စလော့၊ အားလုံးသိတဲ့အတိုင်း အဲဒီကနေပြီး စပြဿနာတတ်ပြီးတော့ ဒုတိယ ကျောင်းသား တက္ကသိုလ် သပိတ်ကို ဖြစ်စေခဲ့တဲ့ စနက်တံကို မီးပွားစ ချလိုက်တဲ့ ဟာမျိုးလေး။ အဲဒါ ဆရာဦးညိုမြရဲ့ ငရဲခွေးကြီး လွတ်နေပြီ အင်္ဂလိပ်လို ရေးထားတဲ့ ပေးစာပါပဲ။”

အိုးဝေ ဦးညိုမြကို ၁၉၁၄ ခုနှစ် ဧပြီလ ၁၀ ရက်နေ့မှာ အမြင့်မြို့ သောတပန်ရွာမှာ အဖ မင်းတိုင်ပင်အမတ်ရှေ့နေ ဦးသာဇံနဲ့ အမိ ဒေါ်အံ့တို့ကနေ မွေးဖွားခဲ့ သူဖြစ်ပြီး အမည်ရင်း မောင်သိန်းတင် ဖြစ်ပါတယ်။

ဦးညိုမြဟာ ဗိုလ်ချုပ်အောင်ဆန်းရဲ့ အရင်းနှီးဆုံး တက္ကသိုလ်ကျောင်းနေဖက် တဦးဖြစ်ပြီး ၁၉၃၆ ဇန်န၀ါရီလထုတ် အိုးဝေမဂ္ဂဇင်း မှာရေးသားခဲ့တဲ့ ခွေးဘီလူးကြီး သရမ်းနေပြီ (Hell Hound at Large) ပေးစာရေးသားသူ အဖြစ် လူသိများပါတယ်။ ဒီပေးစာကို အကြောင်းပြုပြီး တက္ကသိုလ်အာဏာပိုင်တွေက အယ်ဒီတာ ကိုအောင်ဆန်းကို အရေးယူရာမှာ ဒုတိယအကြိမ် ကျောင်းသားသပိတ် ပေါက်လာခဲ့တာ ဖြစ်ပါတယ်။

အိုးဝေ၊ ဂန္တလောက၊ ဒဂုန်မဂ္ဂဇင်း၊ သောင်းပြောင်းထွေလာ မဂ္ဂဇင်းနဲ့ ဗမာ့ခေတ် သတင်းစာတွေမှာ အိုးဝေ ဦးညိုမြ၊ မောင်သုမန ကလောင်အမည်တွေနဲ့ ၀တ္ထု၊ ကဗျာ၊ သရော်စာများ ဆောင်းပါးများ ရေးသားခဲ့သူဖြစ်ပါတယ်။

လုံးချင်းစာအုပ်တွေအဖြစ် နန်းကြာညို၊ တရုတ်နဲ့ရုရှား အကွဲတော်ပုံ၊ မြန်မာ- အမေရိကန် ဆက်ဆံမှုမှတ်တမ်း၊ ဤမိုး ဤမြေ၊ တစ်ကိုယ်တော်၊ ရွှေလမ်းငွေလမ်း စတဲ့ စာအုပ်တွေ ထုတ်ဝေခဲ့ပြီး ကုန်းဘောင်ရှာပုံတော် စာအုပ်ဟာ သူ့ရဲ့ အကောင်းဆုံးလက်ရာအဖြစ် ကျန်ရစ်ပါတယ်။

သန့်ရှင်းဖဆပလအဖွဲ့ချုပ်ရဲ့ ပြန်ကြားရေးမှူးနဲ့ ပါလီမန်လွှတ်တော်အမတ် တာဝန်တွေနဲ့ ဒီမိုကရေစီပြန့်ပွားရေအသင်း၊ မြန်မာနိုင်ငံသတင်းစာဆရာအသင်း ဥက္ကဋ္ဌ တာဝန်တွေလည်း ယူခဲ့ဖူးပြီး ၁၉၈၅ စက်တင်ဘာလမှာ ရန်ကုန်မြို့မှာ ကွယ်လွန်ခဲ့ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013