DVB Logo
Home
မြန်မာသတင်း
ဂူထဲမှထွက်လာမည့် မိုင်းဖုန်းဆရာတော်ကို ကြိုဆိုရန် လူထောင်ချီ မိုင်းကျက်ဂူရှေ့စုရုံး ရောက်ရှိ
DVB
·
July 29, 2022
ဂူထဲမှထွက်လာမည့် မိုင်းဖုန်းဆရာတော်ကို ကြိုဆိုရန် လူထောင်ချီ မိုင်းကျက်ဂူရှေ့စုရုံး ရောက်ရှိ
1 / 6
Donate to DVB

ရှမ်းပြည်အရှေ့ပိုင်း၊ မိုင်းဆတ်မြို့နယ်ရှိ၊ မိုင်းကျက်ဂူထဲမှာ ၃ နှစ် ၃ လ ၃ ရက်တာ တရားအားထုတ်နေတဲ့ မိုင်းဖုန်းဆရာတော် သဒ္ဓမ္မဇောတိကဓဇ ဘဒ္ဒန္တဉာဏသံဝရဟာ အဓိဋ္ဌာန် ပြုထားတဲ့အတိုင်း ရက်စေ့ပြီး မကြာခင်ရက်ပိုင်းအတွင်း ဂူထဲကနေပြန်ထွက်လာတော့မှာမို့ ဆရာတော်ကို ဖူးမျှော်ကြိုဆိုဖို့ အနယ်နယ်အရပ်ရပ်က ရဟန်းရှင်လူပြည်သူတွေ ထောင်နဲ့ချီ  ဂူရှေ့ကို စုရုံးရောက်ရှိနေကြပါတယ်။

ဆရာတော်ဂူထဲက ပြန်ထွက်လာရင် အရာရာအသင့်ရှိစေဖို့  တပည့်ရဟန်းသံဃာတော်တွေ၊ မိုင်းကျက်ဒေသခံနဲ့ ရပ်နီးရပ်ဝေးမှ အလှူရှင်ဟာ လွန်ခဲ့တဲ့ ၃ နှစ်ကစပြီး လူသူမနီးတောကြီးမျက်မည်း ဂူကြီးအနီးတဝိုက်မှာ  ချုံနွယ်ပိတ်ပေါင်းတွေ ခုတ်ထွင်ရှင်းလင်းပြီး လမ်းတံတားတွေ တည်ဆောက်တာ၊  ဆရာတော်သီတင်းသုံးဖို့ စံကျောင်းတော်နဲ့ တရားဟောမယ့် ဘုံ ၇ ဆင့်ကျောင်းတော်၊ ဘုန်းတော်ကြီးကျောင်း၊ သံဃာတော် နားနေဆောင် စတာတွေကို လှူဒါန်းတည်ဆောက်ထားခဲ့ကြပါတယ်။ 

ဆရာတော်ဂူထွက်ဖို့ လပိုင်းသာလိုတဲ့အခါမှာတော့ ဂူသွားရာလမ်းတလျှောက် သာသနာ့အလံတွေ လွှင့်ထူတာ၊ မုခ်ဦးတွေတည်ဆောက်တာ၊ ခရီးသွားတွေ တည်းခိုဖို့ ယာယီနေအိမ်တွေ ဆောက်လုပ်တာတွေ ပြုလုပ်နေသလို ဆရာတော်အား ပင့်ဆောင်ဖို့ စံကျောင်းပုံ ဝေါယာဉ်လည်း ရောက်ရှိလာပြီဖြစ်ပြီး စေတနာရှင် ၁ ဦးကလည်း မြန်မာပြည်မှာအကြီးဆုံးလို့ ဆိုရမယ့် ရှမ်းအိုးစည်ကြီး ၁ လုံးကို လှူဒါန်းထားပါတယ်။

ဆရာတော်ကို ကြိုဆိုမယ့်ပရိသတ်တွေဟာ ဒီကနေ့ထိဆိုရင် ၅၀၀၀ ကျော်လောက် ရောက်ရှိနေပြီလို့ ဒကာတဦးဖြစ်တဲ့ စိုင်းသိန်းဦးက ဒီဗွီဘီကို ပြောပါတယ်။

“ဆရာတော်ကို လာကြိုမယ့်သူတွေဟာ ကျနော့်အထင် ၅၀၀၀ ကျော်လောက် ရှိမယ်ထင်တယ်ဗျ။ တည်းခိုဖို့ နေရာဆောက်ဖို့ လက်သမား ၁၀၀ ကျော် ဒီလဆန်းကတည်းက ရောက်နေတယ်။ တချို့က အရင်တပတ်တည်းက ကြိုရောက်နေတာ။ အခုလည်း လမ်းပေါ်မှာ ကားတွေ တန်းစီနေတယ်။ နေရေးထိုင်ရေး ကားပါကင်တွေကတော့ ရှိပါတယ်။ ကားထားမယ့်နေရာက ဂူနဲ့နည်းနည်းဝေးမယ်။ ဧည့်သည်တည်းဖို့ ယာယီတဲတွေ ရှိတယ်။ မိုင်းကျက်ရွာမှာလည်း အိမ်အလုံး ၇၀ ကျော်ရှိပါတယ်။ စားဖို့သောက်ဖို့ အလှူရှင်တွေလာလှူမယ့် နိဗ္ဗာန်ဈေးရှိပါတယ်။”

မိုင်းကျက်ဂူကို လာသူတွေအနေနဲ့ လမ်းမှာ သက်သတ်လွတ်သာစားသုံးပြီး အရက်သေစာ ရှောင်ကြဉ်ဖို့၊ အိပ်ရာစောင်တွေ မိမိဘာသာသယ်လာဖို့ ကြိုဆိုရေးကော်မတီက ကြေညာထားပါတယ်။

မိုင်းဖုန်းဆရာတော်ဟာ လာမယ့် ဇူလိုင် ၃၁ ရက် မနက် ၇ နာရီမှာ ဂူကထွက်ပြီး နမ့်ဟူးရေထွက်မှာ ဆံချမယ့်အကြောင်း၊ အဲဒီနောက် နမ့်ဆိမ်ချောင်းဘေးက  သက်ကယ်မိုးစံ ကျောင်းငယ်မှာ နေ့ဆွမ်းဘုဉ်းပေးမယ်လို့ ဆရာတော်က တပည့်နဲ့ ဒကာတွေကို ဂူထဲကနေ စာရေးပို့ထားတယ်လို့ ဆိုပါတယ်။

အဆိုပါစာထဲမှာ ဇူလိုင် ၃၁ ရက် ညနေ ၅ နာရီ လူအများပူဇော်နိုင်ဖို့ မိုင်းကျက်အောက်ဂူကို ကြွလာပြီး ၅ ရက်တာ သီတင်းသုံးအပူဇော်ခံကာ တာချီလိတ်ခရိုင် မိုင်းဖုန်းကို ပြန်ကြွမယ်လို့ ဆိုပါတယ်။

ဆရာတော်ဟာ ဂူထဲမှာ တရားအားထုတ်စဉ် တရားဓမ္မစာအုပ် စုစုပေါင်း ၃၀ အုပ် ရေးသားခဲ့ကြောင်း၊ မြန်မာဘာသာနဲ့ ၁ အုပ်၊ အင်္ဂလိပ်လို ၂ အုပ်၊ ထိုင်းလို ၁ အုပ်၊ ဘူတန်ဘာသာ ၁ အုပ်နဲ့ ကျန်တာကတော့ ဂုံ၊ ယွန်း၊ ရှမ်းကြီး စတဲ့ ရှမ်းဘာသာတွေလို့ တပည့်ဖြစ်သူ ဦးဉာဏသီရိက မိန့်ပါတယ်။ ဒါ့အပြင် ပြင်ပမှာ ဒါယကာ၊ ဒါယိကာမတွေထံ စာအစောင်ပေါင်း ၆၀ ရေးသားပေးပို့ခဲ့ပါတယ်။

မိုင်းဖုန်းဆရာတော်ဟာ ဂူထဲမှာ နှစ်ရှည်လများ တရားအားထုတ်လေ့ရှိပြီး ဒီမိုင်းကျက်ဂူမှာတော့ လွန်ခဲ့တဲ့ ၂၀၁၉ ခုနှစ် ဧပြီ ၂၈ ရက်နေ့က စတင်ဝင်ရောက်ခဲ့တာပါ။ 

မိုင်းကျက်ဂူဟာ ရှမ်းပြည်အရှေ့ပိုင်း၊ မိုင်းဆတ်ခရိုင်၊ မိုင်းဆတ်မြို့နယ်နဲ့ ကျိုင်းတုံခရိုင် မိုင်းပျဉ်းမြို့နယ်ကြားမှာ တည်ရှိပြီး လမ်းခရီးအတန်ငယ်ကြမ်းတာကြောင့်  မိုင်းပျဉ်းကနေ ကားနဲ့ ၃ နာရီကြာ မောင်းရတဲ့ နေရာမှာ ရှိပါတယ်။  

ဓာတ်ပုံပေးပို့သူ - Sai Thein Oo

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013