DVB Logo
Home
မြန်မာသတင်း
ဖက်ဆစ်အာဏာရှင်ကျဆုံးရေးအတွက် လက်နက်နှင့် ငွေကြေးထောက်ပံ့ရန် NUG ယာယီသမ္မတ တောင်းဆို
DVB
·
July 29, 2022
ဖက်ဆစ်အာဏာရှင်ကျဆုံးရေးအတွက် လက်နက်နှင့် ငွေကြေးထောက်ပံ့ရန် NUG ယာယီသမ္မတ တောင်းဆို
Donate to DVB

ဖက်ဆစ်အာဏာရှင်စနစ်ကိုဆန့်ကျင်ပြီး ဒီမိုကရေစီအရေးအတွက် အသက်ပေးတိုက်ပွဲဝင်နေတဲ့ ပြည်သူတွေအတွက် လက်နက်နည်းပညာနဲ့ ငွေကြေးထောက်ပံ့ကြဖို့ အမျိုးသားညီညွတ်ရေး အစိုးရ၊ ယာယီသမ္မတက တောင်းဆိုလိုက်ပါတယ်။

မနေ့က နိုင်ငံတော်အခြေပြ အရေးပေါ်မိန့်ခွန်းမှာ ထည့်သွင်းပြောကြားခဲ့တာဖြစ်ပြီး ဖမ်းဆီးခံထားရတဲ့ ဒီမိုကရေစီအရေးလှုပ်ရှားသူတွေကို စစ်ကောင်စီက သတ်ဖြတ်ပစ်တာဟာ နိုင်ငံတကာကို လေးစားမှုမရှိတာပဲလို့လည်း ယာယီသမ္မတ ဒူဝါ လရှီးလက ဇူလိုင် ၂၈ ရက်က မိန့်ခွန်းပြောကြားတိုက်တွန်းလိုက်တာ ဖြစ်ပါတယ်။

“စစ်ကောင်စီရဲ့ လုပ်ရပ်ဟာ ကမ္ဘာ့ငြိမ်းချမ်းရေးအတွက် နိုင်ငံတကာရဲ့ အလေးပေး တန်ဖိုးထားမှုကို ဂရုမစိုက်ဘဲ လုပ်ဆောင်ခြင်းဖြစ်ပြီး မင်းအောင်လှိုင်နဲ့ စစ်ကောင်စီ ရှိနေသရွေ့ လူ့တန်ဖိုး လူ့အခွင့်အရေးများကို ပြောင်ပြောင်တင်းတင်း ဆက်လက်ချိုးဖောက်နေမှာဖြစ်ကာ ဒီမိုကရေစီစံနှုန်းနဲ့ ငြိမ်းချမ်းသာယာတဲ့ နိုင်ငံတခုကို တည်ထောင်နိုင်မှာ မဟုတ်ကြောင်း ထင်ရှားစွာပြသနေခြင်းဖြစ်ပါတယ်။ တနည်းအားဖြင့် အာဏာရှင်ရှိနေသမျှ တိုင်းပြည်ရဲ့ လုံခြုံရေးကို စောင့်ထိန်းနိုင်မှာမဟုတ်ကြောင်း သက်သေပြနေခြင်းဖြစ်တယ်” လို့ ထည့်သွင်း ပြောကြားပါတယ်။

ဒါပေမယ့် အာဇာနည် ၄ ယောက်ကို သတ်ဖြတ်လိုက်တာဟာ နွေဦးတော်လှန်ရေးကို အရှိန်အဟုန်ပြင်းစွာ ချီတက်နိုင်ဖို့ တွန်းအားကြီးတရပ်ဖြစ်စေတယ်လို့လည်း ဆိုပါတယ်။

စစ်အာဏာရှင်တွေထင်သလိုတော့ ပြည်သူလူထုက အကြမ်းဖက်အုပ်ချုပ်ကို လုံးဝ ကြောက်ရွံ့ ဒူးထောက်မှာ မဟုတ်ဘဲ ပိုပြီးတွန်းလှန်ဖို့ စိတ်ဆန္ဒကို နိုးကြားစေမှာဖြစ်တယ်လို့လည်း ပြောပါတယ်။

“ဖက်ဆစ်အာဏာရှင်စနစ်ကို ဆန့်ကျင်ပြီး ဒီမိုကရေစီအရေးအတွက် အသက်ပေးတိုက်ပွဲဝင်နေတဲ့ ပြည်သူများအတွက် နည်းပညာ လက်နက်ခဲယမ်းနဲ့ ငွေကြေးများကို ထိရောက်စွာ ကူညီပံံ့ပိုးပေးကြဖို့ အလေးအနက် တောင်းဆိုတင်ပြလိုပါတယ်”

စစ်ကောင်စီက ကျူးလွန်နေတဲ့ စစ်ရာဇဝတ်မှုတွေကို အပြစ်ပေးအရေးနိုင်ဖို့ နိုင်ငံတကာအနေနဲ့ ပူးပေါင်းဆောင်ရွက်ပေးကြဖို့လည်း အထူးတောင်းဆိုတယ်လို့ ယာယီသမ္မတက ပြောပါတယ်။

“လူသားကို တန်ဖိုးထားသော ကမ္ဘာ့ကုလသမဂ္ဂနှင့် ကမ္ဘာ့နိုင်ငံအသီးသီးကိုလည်း လေးစားစွာဖြင့် တောင်းဆိုလိုပါတယ်။ ပြည်သူပြည်သားများကို ဥပဒေမဲ့သတ်ဖြတ်နေတဲ့ အကြမ်းဖက် စစ်ကောင်စီကို နိုင်ငံတကာအနေနဲ့ အသိအမှတ်ပြု ဆက်ဆံခြင်း လုံးဝမပြုလုပ်ဖို့ တညီတညွတ်တည်း ဆောင်ရွက်ပေးကြပါ။ နိုင်ငံတကာအနေနဲ့ စစ်ကောင်စီရဲ့ အဓိကဝင်ငွေ ပင်မလှိုင်းတွေကို ဖြတ်တောက်ပစ်ကြပါ။ ရေနံနဲ့ သဘာဝဓာတ်ငွေ့များကနေရရှိတဲ့ အခွန်ဘဏ္ဍာများကို တားဆီးပိတ်ပင်ဖို့ မေတ္တာရပ်ခံလိုပါတယ်” 

အမျိုးသားညီညွတ်ရေးအစိုးရကို တရားဝင်အစိုးရအဖြစ် အသိအမှတ်ပြုပေးကြဖို့၊ အစိုးရနဲ့ မဟာမိတ်တိုင်းရင်းသားလက်နက်ကိုင်တွေ ဝန်ဆောင်မှုပေးနေတဲ့ အုပ်ချုပ်ရေး၊ တရားစီရင်ရေး၊ စစ်ပြေးဒုက္ခသည်တွေကို လူသားချင်းစာနာထောက်ပံ့ရေး၊ ကျန်းမာရေးနဲ့ ပညာရေးတို့မှာလည်း ငွေကြေးနဲ့ နည်းပညာတွေ ကူညီထောက်ပံ့ပေးကြဖို့လည်း တောင်းဆိုပါတယ်။ 

တိုင်းရင်းသားလက်နက်ကိုင်တွေအနေနဲ့လည်း တွေဝေမနေကြတော့ဘဲ ရှိတဲ့ လူသူလက်နက်အင်အားတွေကို အကောင်းဆုံး အသုံးချပြီး မဟာဗျူဟာကျကျ လက်တွဲချိတ်ဆက် တပြိုင်တည်း တိုက်ခိုက်ရမယ့်အချိန်ရောက်ပြီလို့လည်း ယာယီသမ္မတက ပြောဆိုခဲ့ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013