DVB Logo
Home
မြန်မာသတင်း
Visa card များကို ကန်ဒေါ်လာ ငွေသားထုတ်ယူခွင့် ကမ္ဘောဇဘဏ် ကန့်သတ်
DVB
·
July 28, 2022
Visa card များကို ကန်ဒေါ်လာ ငွေသားထုတ်ယူခွင့် ကမ္ဘောဇဘဏ် ကန့်သတ်
Donate to DVB

ကမ္ဘောဇဘဏ်က ဝန်ဆောင်မှုပေးနေတဲ့ Visa card တွေမှာ အမေရိကန်ဒေါ်လာ ငွေသား ထုတ်ယူခွင့်အား ကန့်သတ်လိုက်ကြောင်း အဆိုပါဘဏ်နဲ့နီးစပ်တဲ့ အသိုက်အဝန်းက ပြောပါတယ်။

ပြည်တွင်းမှာရှိတဲ့ ပုဂ္ဂလိဘဏ်တွေက မြန်မာနိုင်ငံသားတွေ ပြည်ပရောက်တဲ့အခါ နိုင်ငံခြားငွေနဲ့ အသုံးပြုနိုင်ဖို့အတွက် visa card တွေကို ထုတ်ဝေထားပြီး ဝန်ဆောင်မှုပေးနေတာပါ။ 

ဒါပေမဲ့ ပုဂ္ဂလိကဘဏ်အများစုဟာ visa card တွေကို စတင်ထုတ်ဝေကတည်းက ငွေသားထုတ်ယူခွင့်မရအောင် ထိန်းချုပ်ထားတာဖြစ်ပေမယ့် ကမ္ဘောဇဘဏ်ကတော့ ငွေသားထုတ်ယူခွင့်ကို ခွင့်ပြုပေးထားပါတယ်။

လက်ရှိမှာတော့ ပြည်ပရောက် မြန်မာတွေက visa card နဲ့ ငွေသားထုတ်ယူမှု များလာတဲ့အတွက် ကမ္ဘောဇဘဏ်က အခုလို ကန့်သတ်လိုက်တာလို့ ကမ္ဘောဇဘဏ်နဲ့နီးစပ်တဲ့သူတဦးက  ဒီဗွီဘီကို ပြောပါတယ်။

“Visa card တို့၊ Master card တို့ဆိုတာက prepaid သဘောမျိုး ပေးထားတာလေ။ အဲ့တော့ ဘာလုပ်လို့ရလဲဆိုရင် ဒီမှာ ကျပ်ငွေနဲ့ ထည့်ပြီးတော့ ဟိုမှာ ငွေသား(ဒေါ်လာ) ထုတ်ကြတာပေါ့။ ထုတ်တဲ့အခါ အရင်တုန်းကတော့ တရက်ကို ဒေါ်လာ ၁၀၀၊ တပတ်ကို ဒေါ်လာ ၅၀၀ ဆိုပြီး ပေးတယ်။ အခုတော့ တပတ်ကို ဒေါ်လာ ၁၀၀ ပဲ ပေးတော့တယ်။ လူတွေက တဒေါ်လာကို ၁၈၅၀ နှုန်းနဲ့ ဒီမှာ လုပ်ပြီးတော့ ဟိုမှာ ငွေသား(ဒေါ်လာ)နဲ့ သွားထုတ်ကြတယ်။ အဲဒါမျိုး လုပ်ကြတာ များလာတဲ့အတွက် ဘဏ်ဘက်က နစ်နာလို့ဆိုပြီး အခုလို ကန့်သတ်လိုက်တာပါ။ ဘာလို့လဲဆို တရားဝင်သတ်မှတ်ထားတဲ့ နိုင်ငံခြားငွေလဲနှုန်း (၁၈၅၀ ကျပ်) အပေါ် အခွင့်ကောင်းယူပြီး လုပ်စားကြတဲ့လူတွေ ရှိလာကြလို့။ အဲ့ဒါကို ဘဏ်ဘက်ကလည်း သိတယ်၊ ဒါကြောင့် ပိတ်လိုက်တာ။ ဒါပေမဲ့ နိုင်ငံခြားမှာ ဆေးကုတာတို့ ဘာတို့ ဒီလိုကုန်ကျစရိတ်အတွက် မကန့်သတ်ထားဘူး။”

စစ်ကောင်စီလက်အောက်ခံ ဗဟိုဘဏ်က ပြည်တွင်းနိုင်ငံခြားငွေကြေး ဈေးကွက်အတွက် အမေရိကန် ၁ ဒေါ်လာကို မြန်မာငွေ ၁၈၅၀ ကျပ်နှုန်းနဲ့ သတ်မှတ်ထားပေမယ့် အမှန်တကယ် ပြင်ပမှာ အရောင်းအဝယ်ဖြစ်နေတာ အမေရိကန် ၁ ဒေါ်လာကို မြန်မာငွေ ၂၅၀၀ ကျပ် ရှိပါတယ်။ ဒါကြောင့် ဈေးကွက်မှာ နိုင်ငံခြားငွေလဲနှုန်း ကွာဟချက် ကြီးလာတဲ့အကျိုးဆက်ကြောင့် အခုလို အခြေအနေတွေ ရှိလာတာပါ။

Visa card သုံးစွဲသူလုပ်ငန်းရှင်တဦးက “အဓိကပွိုင့်က အရင်တုန်းက ဘဏ်က သတ်မှတ်တဲ့နှုန်းနဲ့ အပြင်မှာ ရောင်းဝယ်နေတဲ့နှုန်းက မကွာဘူး။ ဘဏ်က သတ်မှတ်တဲ့နှုန်းကတောင် ပိုများလို့ ကတ်ကို ဘယ်သူ့မှ မသုံးကြဘူး။ ဘာလို့ဆို အပြင်ကနှုန်းက သက်သာလို့ အပြင်ကနေ ဝယ်ပြီး သုံးကြတယ်။ အခုက ဘဏ်က သတ်မှတ်တဲ့နှုန်းနဲ့ အပြင်မှာ အရောင်းအဝယ်ဖြစ်နေတဲ့နှုန်းက ၃၀ ရာခိုင်နှုန်းလောက် ကွာနေတော့ ကတ်နဲ့ သုံးလာကြတယ်။ သုံးတဲ့သူတွေကတော့ ဘယ်သူပဲပြောပြော မကန့်သတ်ရင် ပိုပြီး ကောင်းတယ်လို့ ပြောမှာပေါ့။ ဒါပေမဲ့ ဘဏ်ဘက်က ကြည့်တဲ့အခါ ငွေပမာဏတွေက များလာတယ်။ ပြီးတော့ နိုင်ငံခြားသွားတဲ့သူကလည်း အခုနောက်ပိုင်း များလာတယ်။ ဒါကြောင့် တချို့ဆို မြန်မာပြည်ပြန်လာတဲ့အခါ ကတ်နဲ့ ငွေသားထုတ်ပြီး ယူလာကြတာ ရှိတယ်။ ဘာလို့ဆို လေယာဉ်ခအတွက် အရင်းကျေတယ်လေ။ အဲဒီလိုတွေ ဖြစ်နေတယ်” လို့ ဒီဗွီဘီကို ပြောပါတယ်။

ဒါပေမဲ့ နိုင်ငံခြားငွေရောင်းဝယ်ခွင့်လုပ်ငန်း (AD) လိုင်စင်ရ ပုဂ္ဂလိကဘဏ်တွေဟာ ဗဟိုဘဏ်က သတ်မှတ်ထားတဲ့ ရည်ညွှန်းငွေလဲနှုန်းအပေါ် လိုက်နာမှု အားနည်းတာတွေ ရှိနေပါတယ်။

ဆောက်လုပ်ရေးလုပ်ငန်းရှင်တဦးကတော့ “ပြီးခဲ့တဲ့ရက်ပိုင်းက လေယာဉ်လက်မှတ်အတွက် visa card နဲ့ ဝယ်လိုက်တာ ဥပမာ ဒေါ်လာ ၅၀၀ ထားပါတော့။ အဲဒီတော့ သူရဲ့  statement(ပြေစာ)ကို ပြန်ကြည့်တဲ့အခါ ၂၀၀၀ ပတ်ဝန်းကျင်နဲ့ ဖြတ်ထားတာ တွေ့ရတယ်။ ဪ ဘာပဲဖြစ်ဖြစ် မဆိုးသေးဘူးလို့။ အပြင်မှာ ၂၅၀၀ လောက်ရှိတယ်လေ။ ဒါပေမဲ့ မနေ့က အဲဒီ visa card ထဲကို ငွေပြန်ပြီးတော့ ဖြည့်တယ်ပေါ့နော်။ အဲဒီလိုဖြည့်တဲ့အခါ သူက ၁၀ ရာခိုင်နှုန်း အပို ထပ်ဆောင်းယူသွားတယ်။ ဥပမာ မြန်မာငွေ ၁၀ သိန်း ထပ်ဖြည့်လိုက်တယ်ဆိုပေမယ့် ဘဏ်က ကိုယ့်အကောင့်ထဲကနေ ကျပ် ၁၁ သိန်း ဖြတ်သွားတယ်” လို့ ဒီဗွီဘီကို ပြောပါတယ်။

စစ်တပ်က အာဏာသိမ်းပြီးနောက် မြန်မာငွေတန်ဖိုး ဆက်တိုက်ကျဆင်းခဲ့တာကြောင့် ပြင်ပမှာ အမေရိကန် ၁ ဒေါ်လာ တန်ဖိုးက ကျပ် ၂၅၈၀ အထိ ဇူလိုင် ၂၆ ရက်က အမြင့်ဆုံး စံချိန်တင် ရောက်ရှိခဲ့ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013