DVB Logo
Home
မြန်မာသတင်း
ယောဒေသတွင် ပြည်သူ့ပညာရေးအစီအစဉ်ဖြင့် KG မှ အထက်တန်းထိ ပညာသင်ကြားပေးနေ
DVB
·
July 28, 2022
ယောဒေသတွင် ပြည်သူ့ပညာရေးအစီအစဉ်ဖြင့် KG မှ အထက်တန်းထိ ပညာသင်ကြားပေးနေ
Donate to DVB

မကွေးတိုင်း၊ ယောဒေသအတွင်းရှိ ထီးလင်းမြို့နယ်က ကျေးရွာပေါင်း ၉၀ ကျော်မှာ ပြည်သူ့ပညာရေးကျောင်းတွေ ဖွင့်လှစ်နိုင်ပြီး ၂၀၂၂-၂၀၂၃ ပညာသင်နှစ်မှာတော့ KG ကနေ အထက်တန်းအဆင့်ထိ ဖွင့်လှစ်သင်ကြားနိုင်ပြီလို့ PDF-ထီးလင်း (YRPA) က ပြောပါတယ်။

PDF-ထီးလင်းရဲ့ ပြန်ကြားရေးတာဝန်ခံ ဗိုလ်သူလင်းကျော်က “ထီးလင်းမြို့နယ်ထဲက ကျေးရွာပေါင်း ၉၄ ရွာမှာ NUG အစိုးရရဲ့ ပညာရေးအစီအစဥ် စတင်နေပြီး မေလကစလို့ ဘာသာစုံ အတန်းစုံ စတင်သင်ကြားပေးနေပြီ။ ထီးလင်းမြို့ပေါ်ကလွဲရင် ကျေးရွာအားလုံး ကျောင်းတွေဖွင့်လှစ်နိုင်ပြီး ပုံမှန်လည်ပတ်နေပြီ” လို့ ဒီဗွီဘီကို ပြောပါတယ်။

လိုအပ်တဲ့ ဆရာ ဆရာမတွေကိုလည်း CDM ပညာရေးဝန်ထမ်းတွေ ဦးဆောင်ပြီး ဆယ်တန်းအောင်၊ ဘွဲ့ရလူငယ်တွေကို ဗော်လန်တီယာ ခေါ်ယူကာ သင်တန်း ၃ ကြိမ်ပို့ချခဲ့ပြီး အခုတကြိမ် ပို့ချတာနဲ့ဆိုရင် ၄ ကြိမ်မြောက်ရှိပြီလို့ ဆိုပါတယ်။

လိုအပ်တဲ့ ကျောင်းသုံးစာအုပ်တွေဝယ်ယူဖို့ အခက်အခဲဖြစ်ပေမဲ့ လမ်းကြောင်းတွေရှာပြီး ဝယ်ယူကာ လိုအပ်တဲ့အတန်းတွေကို မျှဝေပေးရကြောင်း၊ လပတ်စာမေးပွဲတွေကိုလည်း သြဂုတ်လမှာတကြိမ်၊ အောက်တိုဘာလမှာတကြိမ် ဖြေဆိုရမှာဖြစ်ပြီး နောက်ဆုံးမှာ အတန်းတင်စာမေးပွဲ ကျင်းပပေးမယ်လို့ ပြန်ကြားရေးတာဝန်ခံက ပြောပါတယ်။

တချို့ကျောင်းတွေကတော့ NUG အစိုးရရဲ့ တရားဝင်ကျောင်းဖြစ်ဖို့ အွန်လိုင်းပေါ်ကနေ ဖောင်တွေဖြည့်ထားပေမဲ့ တချို့နေရာတွေမှာတော့ အင်တာနက်လိုင်း မရတာကြောင့် NUG ရဲ့ တရားဝင်ကျောင်းဖြစ်အောင် ကြိုးစားနေဆဲပဲလို့ ဆိုပါတယ်။

ဗိုလ်သူလင်းကျော်က “ကျောင်းသားတွေရဲ့ ပညာရေးနဲ့ပတ်သက်လို့ အခမဲ့ သင်ကြားပေးပေမဲ့ ဆရာ ဆရာမတွေအတွက်တော့၊ စေတနာ့ဝန်ထမ်းရော CDM ဝန်ထမ်းတွေရဲ့ လစာအတွက်တော့ အခက်အခဲရှိတာပေါ့။ ရွာကထောက်ပံ့ငွေကလည်း ဘယ်လောက်မှ မရကြဘူး။ အခမဲ့ သင်ကြားရတော့ လက်ရှိမှာတော့ နည်းနည်းခက်ခဲမှာပေါ့။ ကျန်တာတွေကတော့ အကုန်အဆင်ပြေပါတယ်။ ပညာရေးစနစ် အရှိန်ဟုန်ရနေပြီး အတန်းတင်ပေးဖို့အထိ ကြိုးစားနေကြတယ်” လို့ ပြောပါတယ်။

ဆောမြို့နယ်ထဲမှာလည်း ကျောင်းသား ကျောင်းသူ ၈,၀၀ဝ ကျော်ကို ဆရာ ဆရာမ ၁,၀၀၀ ကျော်နဲ့ မူလတန်းကနေ အလယ်တန်းအဆင့်ထိ ပြည်သူ့ပညာရေးအစီအစဥ်နဲ့ ပညာသင်ကြားပေးနေတယ်လို့ ဆောမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ခေါင်းဆောင် ဒေါက်တာကြည်စိုးထွန်းက ပြောပါတယ်။

တချို့နေရာတွေမှာတော့ အထက်တန်းအထိ ဖွင့်လှစ်သင်ကြားပေးနေပေမဲ့ ဆရာ ဆရာမ အခက်အခဲတွေကြောင့် ကျောင်းတိုင်းမဖွင့်လှစ်နိုင်သေးဘဲ ဖြစ်နေတာပါ။ 

NUG ပညာရေးဝန်ကြီးဌာနက ထုတ်ဝေထားတဲ့ ဆရာလက်ကိုင်စာအုပ်တွေ၊ သင်ကြားရေး ဗွီဒီယိုဖိုင်တွေကိုလည်း ကျေးရွာတွေအထိ ဖြန့်ဝေပေးထားပြီး အထက်တန်းကျောင်းသားတွေအနေနဲ့ ဆရာ ဆရာမနဲ့ မသင်နိုင်ရင်တောင် MOE က ထုတ်ပေးထားတဲ့ ဗွီဒီယိုဖိုင်တွေကို လေ့လာသင်ကြားနိုင်အောင်တော့ စီစဥ်ဆောင်ရွက်ထားတယ်လို့ ဆိုပါတယ်။

ဒေါက်တာကြည်စိုးထွန်းက “စာသင်ကျောင်းတွေအတွက်ကတော့ လုံခြုံရေး အပြည့်အဝ မပေးနိုင်သေးဘူး။ စစ်ကောင်စီဘက်က စစ်ကြောင်းထိုးလာရင် သတင်းနဲ့ ကင်းကို အဓိကထားပြီး ဆောင်ရွက်ရပါတယ်။ ကိုယ့်ကျေးရွာနားကို စစ်ကြောင်းလာတယ်ကြားရင် ကျောင်းပိတ်ပြီး ဘေးလွတ်ရာကို ရှောင်တိမ်းကြရပြီး စစ်ကြောင်းမရှိတော့မှ ပြန်လည်သင်ကြားကြရတယ်” လို့ ပြောပါတယ်။

မကွေးတိုင်း၊ မြိုင်မြို့နယ်မှာလည်း ဆရာ ဆရာတွေနဲ့ ရပ်ရွာလူထု အကူအညီနဲ့ KG ကနေ Grade 11 အထိ ပညာသင်နှစ်တနှစ်ပြီးဆုံးလို့ ပထမဆုံး ပြည်သူ့အခြေပြု ကျောင်းဆင်းပွဲ ကျင်းပခဲ့တယ်လို့ မြိုင်မြို့နယ် ပညာရေးဘုတ်အဖွဲ့က ဇူလိုင် ၂၇ ရက် ရက်စွဲနဲ့ ထုတ်ပြန်ထားပါတယ်။

မကွေးတိုင်း၊ ဂန့်ဂေါခရိုင်နဲ့ ပခုက္ကူခရိုင်တွေမှာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PDF စိုးမိုးနယ်မြေတွေ များပြားလာလို့ စစ်ကောင်စီက အင်အားအလုံးအရင်းနဲ့ ထိုးစစ်ဆင်ကာ ပြန်လည်ထိန်းချုပ်ဖို့ အသည်းအသန် ကြိုးစားနေရပြီး ကျေးရွာတွေကို မီးရှို့ဖျက်ဆီးတာတွေ၊ အပြစ်မဲ့ပြည်သူတွေကို မတရားဖမ်းဆီးသတ်ဖြတ်တာတွေ ဆက်တိုက်ကျူးလွန်နေတယ်လို့ သိရပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013