DVB Logo
Home
မြန်မာသတင်း
ကာကွယ်ရေးဦးစီးချုပ်မှ ရှမ်းပြည်နယ်ရှိ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များအား ခေါ်ယူတွေ့ဆုံ
DVB
·
April 8, 2014
ကာကွယ်ရေးဦးစီးချုပ်မှ ရှမ်းပြည်နယ်ရှိ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များအား ခေါ်ယူတွေ့ဆုံ
Donate to DVB

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ဟာ ရှမ်းပြည်နယ်ထဲမှာ ရှိတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေကို ခေါ်ယူတွေ့ဆုံပြီး ငြိမ်းချမ်းရေးနဲ့ ပတ်သက်တဲ့ တပ်မတော်ရဲ့ သဘောထားတွေ ပြောကြားခဲ့ပါတယ်။

ဝ တပ်ဖွဲ့ဖြစ်တဲ့ ယူဒဗလျူအက်စ်အေအဖွဲ့နဲ့ ရှမ်းပြည်တိုးတက်ရေးပါတီ ရှမ်းပြည် တပ်မတော် မြောက်ပိုင်းအဖွဲ့က ကိုယ်စားလှယ်တွေနဲ့ ဧပြီ ၆ ရက်နေ့က လားရှိုးမြို့ အရှေ့မြောက်ပိုင်းစစ်ဌာနချုပ်မှာ ခေါ်ယူ တွေ့ဆုံခဲ့တာပါ။

Min Aung Hlaing meet ethnic groupတွေ့ဆုံပွဲမှာ ပါဝင်ခဲ့တဲ့ ရှမ်းပြည် တိုးတက်ရေးပါတီ၊ ရှမ်းပြည်တပ်မတော်မြောက်ပိုင်းအဖွဲ့ရဲ့ ပြောခွင့်ရ ဒုဗိုလ်မှူးကြီးစိုင်းလက ဒီဗွီဘီကို ပြန်ပြောပြရာမှာ တပ်မတော် အဆင့်အမြင့်ဆုံး ပုဂ္ဂိုလ်က သူတို့ကို ခေါ်ယူတွေ့ဆုံမှုမှာ ဒါဟာ ပထမဆုံးအကြိမ်ဖြစ်ပြီး တပ်မတော်ဟာ ငြိမ်းချမ်းရေးနဲ့ ဒီမိုကရေစီကို လိုလားကြောင်းနဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေလည်း ပူးပေါင်းပါဝင်ဖို့ တိုက်တွန်းခဲ့တယ်လို့ ဆိုပါတယ်။

“မူ ၆ ချက် ပြောသွားပါတယ်။ ငြိမ်းချမ်းရေးကို တကယ်လိုလိုလားလား ရှိရမယ်။ ငြိမ်းချမ်းရေးအပေါ် အမြတ်မထုတ်ရဘူး။ နောက် ပြည်သူလူထု ၀န်ထုပ်ဝန်ပိုး မဖြစ်ဖို့၊ ပြည်သူလူထုအပေါ် အကြမ်းမဖက်ဖို့၊ အခွန်တွေနဲ့ ဆက်ကြေးတွေ မကောက်ဖို့၊ ဥပဒေ လမ်းကြောင်းအတိုင်း သွားဖို့၊ အဲဒီ ၂၀၀၈ ဥပဒေဘောင်ကနေ လုပ်သွားရမှာပေါ့နော် အဲဒါတွေပါ။”

ဒါအပြင် ကာကွယ်ရေးဦးစီးချုပ်က ဒီမိုကရေစီတိုင်းပြည်တွေ၊ အိမ်နီးချင်းနိုင်ငံတွေမှာ တခုတည်းသော တပ်မတော်၊ တခုတည်းသော ပြည်သူ့ရဲတပ်ဖွဲ့သာ ရှိကြောင်း ဥပမာပြ ပြောကြားပြီး မြန်မာနိုင်ငံမှာလည်း နိုင်ငံတော်ကို ကာကွယ်ဖို့ လက်နက်ကိုင်တပ်ဖွဲ့ တဖွဲ့နဲ့ အုပ်ချုပ်ရေးအတွက် ရဲတပ်ဖွဲ့ ၁ ဖွဲ့တည်းသာ ရှိရမှာဖြစ်ကြောင်း၊ အဲဒီ ၂ ဖွဲ့က လွဲလို့ လက်နက်ကိုင်မယ်ဆိုရင်တော့ မသင့်တော်တဲ့အကြောင်းနဲ့ ပြဿနာများဖြစ်နိုင်ကြောင်း ပြောခဲ့တယ်လို့ သူကဆက်ပြောပါတယ်။

ကာကွယ်ရေးဦးစီးချုပ်က အဲသလိုပြောဆိုခဲ့ပေမယ့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေ အနေနဲ့တော့ စစ်မှန်တဲ့ငြိမ်းချမ်းရေး၊ ဖက်ဒရယ်နဲ့ တန်းတူညီမျှ အခွင့်အရေးတွေ မရခဲ့ရင် လက်နက်ဆက်ပြီး ကိုင်ဆောင်နေရအုန်းမှာဘဲလို့ ဒုဗိုလ်မှူးကြီးစိုင်းလက ဒီဗွီဘီကို ပြောပါတယ်။

ဆက်လက်ပြီး ကာချုပ်က ဒေသဖွံ့ဖြိုးရေးကိစ္စ ဆက်ဆွေးနွေးရာမှာ သူတို့က ၀မ်ဟိုင်းနဲ့ လားရှိုးသွား ကားလမ်းမပေါ်ရှိ လမ်းပိုင်းတချို့ ပျက်စီးနေကြောင်း တင်ပြခဲ့ပြီး ကာချုပ်ကလည်း ပြင်ဆင်ပေးမယ့်အကြောင်း ပြောခဲ့တယ်လို့ ဆိုပါတယ်။

ပြီးခဲ့တဲ့လပိုင်းအတွင်း ရှမ်းပြည်မြောက်ပိုင်းမှာ ဖြစ်ပွားခဲ့တဲ့ ထိတွေ့ပစ်ခတ်မှုနဲ့ ပတ်သက် လို့တော့ အောက်ခြေ တပ်ဖွဲ့အချင်းချင်းကြား ဖြစ်တဲ့ကိစ္စမို့ ကာချုပ်ကို မတင်ပြခဲ့ရဘူးလို့ ဒုဗိုလ်မှူးကြီးစိုင်းလက ပြောပါတယ်။

ကာကွယ်ရေးဦးစီးချုပ်နဲ့ သွားရောက်တွေ့ဆုံရာမှာ ရှမ်းပြည်တိုးတက်ရေးပါတီ ဒုဥက္ကဋ္ဌ စ၀်ခွန်ဆိုင်နဲ့ အတူ ကိုယ်စားလှယ် ၅ ဦး ပါဝင်ပြီး မနက် ၉ နာရီကျော် ကနေ ၁၀ နာရီခွဲထိ တွေ့ဆုံခဲ့တာ ဖြစ်ပါတယ်။

အလားတူ ကာကွယ်ရေးဦးစီးချုပ်ဟာ ယူဒဗလျူအက်စ်အေ ၀ တပ်ဖွဲ့က ဦးပေါက်ယူရိ ဦးဆောင်တဲ့ အဖွဲ့နဲ့ရော တခြားဌာနေ ပြည်သူ့စစ်ခေါင်းဆောင် ၂၇ ဦးတို့နဲ့ပါ သီးခြား လက်ခံတွေ့ဆုံခဲ့တယ်လို့ နိုင်ငံပိုင်သတင်းဌာနမှာ ဖော်ပြခဲ့ပါတယ်။

အဓိကအားဖြင့် ၀ တပ်ဖွဲ့ကို ငြိမ်းချမ်းရေးနဲ့ ယုံကြည်မှုတည်ဆောက်ရေးကိစ္စ ပြောကြားခဲ့ပြီး ပြည်သူ့စစ်တွေနဲ့တော့ မှန်ကန်တဲ့ လမ်းကြောင်းပေါ်မှာ ကုန်ထုတ်လုပ်မှု လုပ်ငန်းတွေနဲ့ ရပ်တည်ဆောင်ရွက်သွားဖို့ သက်ဆိုင်ရာဌာနတွေနဲ့ ညှိနှိုင်း ဆောင်ရွက်ပေးမယ့် အကြောင်း ပြောခဲ့တယ်လို့လည်း နိုင်ငံပိုင်မြ၀တီသတင်းမှာ ဖော်ပြပါတယ်။

သမ္မတဦးသိန်းစိန်လက်ထက် အပစ်အခတ်ရပ်ရေး၊ ငြိမ်းချမ်းရေးဖော်ဆောင်ရေး လုပ်ငန်းတွေ ဆောင်ရွက်လာပြီးတဲ့နောက် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဟာလည်း အခုလို တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေ၊ တိုင်းရင်းသား လက်နက်ကိုင်ကနေ ပြောင်းလဲခဲ့တဲ့ ဌာနေပြည်သူ့စစ်တွေနဲ့ ပထမဆုံးအကြိမ် ရင်းရင်းနှီးနှီး ခေါ်ယူ တွေ့ဆုံခဲ့တာ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013