DVB Logo
Home
မြန်မာသတင်း
အာရှဖွံ့ဖြိုးရေးဘဏ်က မြန်မာ့စီးပွားရေး အရှိန်မြှင့်နိုင်ဖို့ အကူအညီပေးမည်
DVB
·
April 7, 2014
အာရှဖွံ့ဖြိုးရေးဘဏ်က မြန်မာ့စီးပွားရေး အရှိန်မြှင့်နိုင်ဖို့ အကူအညီပေးမည်
Donate to DVB

အာရှဖွံ့ဖြိုးရေးဘဏ်က မြန်မာနိုင်ငံရဲ့ စီးပွားရေး တိုးတက်မှုနှုန်းကို အရှိန်မြှင့်တင်နိုင်ဖို့ အကူအညီတွေ ပံ့ပိုးပေးသွားမယ့်အကြောင်း သမတဦးသိန်းစိန်နဲ့ နေပြည်တော်မှာ တွေ့ဆုံစဉ် ကတိပြုပြောဆိုခဲ့တာပါ။

အာဆီယံဘဏ္ဍာရေးဝန်ကြီးတွေရဲ့ ၁၈ ကြိမ်မြောက်အစည်းအဝေးကို တက်ရောက်ဖို့ မြန်မာနိုင်ငံကို ရောက်ရှိနေတဲ့ အာရှဖွံ့ဖြိုးရေးဘဏ် (အေဒီဘီ) ရဲ့ ဥက္ကဋ္ဌ မစ္စတာ နာကာအို က နိုင်ငံတော် သမ္မတ ဦးသိန်းစိန် အပါအ၀င် အဆင့်မြင့် အစိုးရအရာရှိတွေနဲ့ နေပြည်တော်မှာ ဧပြီလ ၄ ရက်နေ့က တွေ့ဆုံခဲ့ပါတယ်။

ADBအာရှဖွံ့ဖြိုးရေးဘဏ်က ကူညီပေးခဲ့တဲ့ ငွေကြေးနဲ့ ကျေးလက်ဒေသအထိ မဟာဓာတ်အားလိုင်း ရောက်ရှိအောင် ဆောင်ရွက်မယ့်အစီအစဉ် အပါအ၀င် မြန်မာနိုင်ငံရဲ့ အနာဂတ်စီမံကိန်းတွေ၊ ကျေးလက်ဒေသဖွံ့ဖြိုးရေး၊ လူ့စွမ်းအားအရင်းအမြစ်၊ အခြေခံအဆောက်အအုံနဲ့ ပုဂ္ဂလိက ကဏ္ဍ ဖွံ့ဖြိုးရေးကိစတွေအပေါ်မှာ ပြောဆိုဆွေးနွေးခဲ့ပါတယ်။

ဒီလိုတွေ့ဆုံမှုအပြီး အာရှဖွံ့ဖြိုးရေးဘဏ်ရဲ့ ဥက္ကဋ္ဌက မြန်မာနိုင်ငံရဲ့ စီးပွားရေးတိုးတက်မှုကို အရှိန်မြှင့် တင်နိုင်ဖို့နဲ့ ဆင်းရဲမွဲတေမှုတွေကို လျှော့ချနိုင်ဖို့အတွက် အာရှဖွံ့ဖြိုးရေးဘဏ်က အကူအညီတွေကို ပံ့ပိုးပေးသွားမယ့်အကြောင်း ကတိပြုပြောဆိုခဲ့တာပါ။

ဒီ့ပြင် အာရှဖွံ့ဖြိုးရေးဘဏ်က မြန်မာနိုင်ငံရဲ့စီးပွားရေးနဲ့ပတ်သတ်လို့ ခိုင်မာတဲ့စီးပွားရေးမူဝါဒတွေ ထားရှိဖို့၊ တည်ဆောက်မှု ပုံစံပြောင်းလဲမှုကို တိုးမြှင့်လုပ်ဆောင်ထားဖို့နဲ့ လိုအပ်နေတဲ့ ရင်းနှီးမြှုပ်နှံမှုကို စွဲဆောင်နိုင်ဖို့အတွက် ရင်းနှီးမြှုပ်နှံမှုအခြေအနေတွေ တိုးတက်ကောင်းမွန် အောင် လုပ်ဆောင်ထားဖို့ ဆိုတဲ့အချက်တွေအပေါ် အလေးထားဆွေးနွေးခဲ့ပါတယ်။

ဒီဆွေးနွေးပွဲနဲ့ ပတ်သက်ပြီးထုတ်ပြန်တဲ့ အေဒီဘီကြေညာချက်မှာတော့ “ပြုပြင်ပြောင်းလဲမှုတွေ ဆက်တိုက်စတင်ခဲ့တဲ့ လွန်ခဲ့တဲ့ ၃နှစ်ကတည်းက မြန်မာနိုင်ငံဟာ တစ်ခါမှမကြုံဘူးတဲ့ ပြောင်းလဲမှုတွေ ဖြစ်ပေါ်ခဲ့ပြီး အားလုံးပါဝင်တဲ့ တိုးတက်မှုအတွက် အုတ်မြစ် ဖြစ်တဲ့ စွမ်းအင်၊ ပို့ဆောင်ရေး၊ မြို့ပြဖွံဖြိုးရေး၊ စိုက်ပျိုးရေး၊ ပညာရေးနဲ့ ကျန်းမာရေးကဲ့သို့ လူမှုကဏ္ဍ တွေမှာ ရင်းနှီးမြှုပ်နှံမှုတဲ့လုပ်ငန်းတွေကို အထောက်အပံ့ပေးဖို့ အာရှဖွံ့ဖြိုးရေးဘဏ်(အေဒီဘီ)က စိတ်အား ထက်သန်နေပါတယ်”လို့ Mr Nakao ကပြောပါတယ်။

မကြာသေးမီက ပြုလုပ်ခဲ့တဲ့ အာရှဖွံ့ဖြိုးရေးဘဏ် (ADB) ရဲ့အစီရင်ခံစာအရ မြန်မာနိုင်ငံအနေနဲ့ စီးပွားရေးဖွံ့ဖြိုးမှု အခက်အခဲတွေကို ကျော်လွှားနိုင်မယ်ဆိုရင် လာမယ့် ၂၀၃၀ ခုနှစ်ကျရင် အထက်တန်း အလယ်အလတ် ၀င်ငွေရှိတဲ့ တိုင်းပြည်ဖြစ်လာနိုင်တယ်လို့ ဟောကိန်း ထုတ်ထား ပါတယ်။

အာရှဖွံ့ဖြိုးရေးဘဏ်က နှစ်စဉ်ထုတ်ဝေတဲ့ Asian Development Outlook စီးပွားရေး အစီရင်ခံစာ အရ ၂၀၁၄ခုနှစ် မတ်လကုန်အထိ ခန့်မှန်းထားတဲ့ စီးပွားရေးတိုးတက်မှုက ၇ ဒသမ ၅ ရာခိုင်နှုန်းဖြစ်ပြီး နောက်ထပ်ဘဏ္ဍာရေးနှစ် ၂ နှစ်အထိ မြန်မာ့စီးပွားရေးက နှစ်စဉ် ၇ ဒသမ ၅ ရာခိုင်နှုန်းတိုးတက်မယ်လို့ ခန့်မှန်းထားပါတယ်။ ဒါပေမယ့် လက်ရှိမှာတော့ လူဦးရေရဲ့ လေးပုံတစ်ပုံက ဆင်းရဲမှုမျဉ်းလိုင်းရဲ့ အောက်မှာ ရှိနေတာပါ။

မြန်မာနိုင်ငံမှာ အစိုးရနဲ့ပုဂ္ဂလိက ဖက်စပ်လုပ်ကိုင်မှုတွေကို အားပေးဖို့အတွက် ဥပဒေ၊ စည်းမျဉ်းနဲ့ အင်စတီကျူးရှင်း ဆိုင်ရာမူဘောင်တွေကို တိုးတက်အောင်လုပ်ဆောင်ထားရှိဖို့နဲ့ အဆိုပါ လုပ်ဆောင်ချက်တွေက တိုင်ပြည်မှာလိုအပ်နေတဲ့ အခြေခံ အဆောက်အအုံ တိုးတက်ရေးနဲ့ အမျိုးသား သံယံဇာတသုံးစွဲမှုဆိုင်ရာ ဖိအားကိုလည်း လျှော့နည်းစေမှာဖြစ်တယ်လို့ အာရှဖွံ့ဖြိုးရေး ဘဏ်က ပြောပါတယ်။

အာရှဖွံ့ဖြိုးရေးဘဏ်အနေနဲ့ ၂၀၁၂ခုနှစ်ကစလို့ မြန်မာနိုင်ငံကို ပြန်လည်ဝင်ရောက်ခဲ့ပြီး စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုအတွက် စွမ်းအင်နဲ့ပို့ဆောင်ရေးကဏ္ဍတွေမှာ ချေးငွေတွေ ထုတ်ချေးပေးခဲ့ပါတယ်။ ဒီ့ပြင် နည်းပညာအထောက်အပံ့နဲ့မူလတန်းလွန်ပညာရေး၊ ကျွမ်းကျင်မှု ဖွံ့ဖြိုးရေးနဲ့ ကျေးလက်ဖွံ့ဖြိုးရေး၊ မဟာဓာတ်အားလိုင်းလွန် ပြန်လည်ဖြည့်တင်းနိုင်တဲ့စွမ်းအင်၊ ကျန်းမာရေးဆိုင်ရာ HIV/ AIDS ကာကွယ်ရေးနဲ့ စွမ်းရည်မြှင့်တင်ရေးစတဲ့ ထောက်ပံ့စီမံကိန်းတွေ မှာလည်း ဆောင်ရွက်ပေးနေတာ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013