DVB Logo
Home
မြန်မာသတင်း
မြန်မာ့ဒီမိုကရေစီအရေးလှုပ်ရှားသူ ၄ ဦး ကွပ်မျက်ခံရသည့်အပေါ် ထိုင်းအစိုးရနှင့် အတိုက်အခံပါတီများ ဝမ်းနည်းကြောင်း ထုတ်ပြန်
DVB
·
July 27, 2022
မြန်မာ့ဒီမိုကရေစီအရေးလှုပ်ရှားသူ ၄ ဦး ကွပ်မျက်ခံရသည့်အပေါ် ထိုင်းအစိုးရနှင့် အတိုက်အခံပါတီများ ဝမ်းနည်းကြောင်း ထုတ်ပြန်
Donate to DVB

မြန်မာ့ဒီမိုကရေစီအရေးတက်ကြွလှုပ်ရှားသူ ၄ ဦးကို စစ်ကောင်စီက  အကျဉ်းထောင်ထဲမှာ ကွပ်မျက်ခဲ့တဲ့အပေါ် မြန်မာ့အိမ်နီးချင်း ထိုင်းနိုင်ငံအစိုးရနဲ့ အတိုက်အခံပါတီတွေက  ဝမ်းနည်းကြောင်း ထုတ်ပြန်ခဲ့ကြပါတယ်။

၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင် ကိုဂျင်မီ ၊ အန်အယ်လ်ဒီ လွှတ်တော်ကိုယ်စားလှယ်ဟောင်း ကိုဖြိုးဇေယျာသော်နဲ့  စစ်အာဏာရှ င်ဆန့်ကျင်သူ ကိုလှမျိုးအောင်နဲ့ ကိုအောင်သူရဇော်တို့  စစ်ကောင်စီက အကျဉ်းထောင်ထဲမှာ သေဒဏ်ပေး ကွပ်မျက်ခဲ့တာဖြစ်ပါတယ်။

မြန်မာနိုင်ငံမှာ တက်ကြွလှုပ်ရှားသူ ၄ ဦးသေဒဏ်ပေးခံရတဲ့အတွက် ဝမ်းနည်းကြောင်းနဲ့ နိုင်ငံရေးပြဿနာတွေကို သက်ဆိုင်သူတွေအားလုံး ပူးပေါင်းပါဝင်ဖြေရှင်းဖို့ မျှော်လင့်တဲ့အကြောင်း  ထိုင်းနိုင်ငံခြားရေးဝန်ကြီးဌာန ပြန်ကြားရေးဌာန ညွှန်ကြားရေးမှူးချုပ်နဲ့ ပြောရေးဆိုခွင့်ရှိသူ ထားနီးဆိုင်ရတ်က ဇူလိုင်  ၂၆ ရက်မှာ  သတင်းမီဒီယာတွေနဲ့ တွေ့ဆုံစဉ်ပြောကြားခဲ့ပါတယ်။

ဒီဖြစ်ရပ်ကြောင့် မြန်မာ့အရေး ပိုမိုရှုပ်ထွေးကာ ပြဿနာပိုကြီးလာမှာကို စိုးရိမ်မကင်းဖြစ်မိကြောင်း၊ ဒါဟာ မြန်မာနိုင်ငံရဲ့ ငြိမ်းချမ်းရေးလမ်းစဉ်ကို အဟန့်အတားဖြစ်စေပြီး နိုင်ငံရေးပဋိပက္ခကို အင်အားသုံးတဲ့နည်း အကြမ်းဖက်နည်းနဲ့ ဖြေရှင်းနိုင်မှာမဟုတ်ဘူးလို့လည်း ထိုင်းအစိုးရက  ပြောသွားပါတယ်။ 

ထိုင်းအတိုက်အခံပါတီကြီးတစ်ခုဖြစ်တဲ့ PAT ဖွေ့ထိုင်းပါတီ ( ရှပ်နီပါတီ ) ကလည်း  ဒီကိစ္စအပေါ်မှာ လွန်စွာစိုးရိမ်ပူပန်မှုဖြစ်ပြီး မြန်မာနိုင်ငံသားတွေအပေါ် ရက်စက်ကြမ်းကြုတ်တဲ့ လုပ်ရပ်အားလုံးကို  ရှုတ်ချကြောင်း ဇူလိုင်လ ၂၆ ရက်မှာ ကြေညာပါတယ်။

ဒီမိုကရေစီအရေး တက်ကြွလှုပ်ရှားသူ ၄ ဦးကို  ဆုံးရှုံးခဲ့ရတဲ့ မြန်မာပြည်သူတွေနဲ့ထပ်တူ ဝမ်းနည်းကြောင်းနဲ့ စိတ်ခွန်အားပေးပို့ပါကြောင်း၊ ဒီလုပ်ရပ်ကို ဆန့်ကျင်တဲ့ နိုင်ငံတကာအသိုက်အဝန်းရဲ့ အသံတွေထဲမှာ သူတို့အသံလည်း ပါဝင်ကြောင်း၊ ဖွေ့ထိုင်းပါတီအနေနဲ့ ထိုင်းနိုင်ငံနဲ့တကွ တခြားဒီမိုကရေစီနိုင်ငံက ကျင့်သုံးနေတဲ့  နိုင်ငံသားတိုင်းဟာ ဒီမိုကရေစီတောင်းဆိုခြင်း၊ ဥပဒေကြောင်းအရအကာအကွယ်ပေးခြင်း၊ အာမခံရပိုင်ခွင့်ရှိခြင်း ရှိရမယ်ဆိုတဲ့ နိုင်ငံသားအခွင့်အရေးဆိုင်ရာ မူဝါဒအပေါ် ရပ်တည်ကြောင်း ထုတ်ပြန်ခဲ့ပါတယ်။ 

ဒါ့အပြင် ထိုင်းအတိုက်အခံပါတီတခုဖြစ်တဲ့ Move Forward Party ကောက်ကလိုင်ပါတီ ခေါင်းဆောင် နိုင်းဖိထားလိုမ့်ကျရွန်းရတ်ကလည်း ဒီဖြစ်ရပ်ပေါ်မှာ ထိတ်လန့် တုန်လှုပ်ပြီး လွန်စွာစိတ်မကောင်းဖြစ်ရကြောင်း၊ ဒီလိုရက်စက်ကြမ်းကြုတ်တဲ့လုပ်ရပ်တွေကိုလည်း ရှုတ်ချကြောင်း သူ့ရဲ့လူမှုကွန်ရက်မှာ ဇူလိုင် ၂၅ ရက်နေ့စွဲနဲ့ ရေးသားဖော်ပြခဲ့ပါတယ်။ 

မြန်မာစစ်ကောင်စီဟာ အရပ်သားတွေအပေါ် အကြမ်းဖက်မှုချက်ချင်း ရပ်တန့်ရေး အပါအဝင် အာဆီယံ ဘုံသဘောတူညီချက် ၅ ရပ်ကို အကြိမ်ကြိမ် ချိုးဖောက်ခဲ့ကြောင်း၊ မြန်မာနိုင်ငံမှာ ဒီမိုကရေစီစနစ် ပြန်ထူထောင်ဖို့ အာဆီယံအဖွဲ့ဝင်အားလုံးနဲ့ လက်တွဲဆောင်ရွက်ဖို့ တိုက်တွန်းကြောင်း၊ မြန်မာစစ်အစိုးရရဲ့ အသိဉာဏ်မဲ့ သတ်ဖြတ်မှုတွေကို Move Forward ပါတီအနေနဲ့ လုံးဝလက်မခံနိုင်ဘဲ အာဏာကိုပြည်သူ့ထံ ပြန်အပ်နှင်းဖို့လည်း တိုက်တွန်းထားပါတယ်။ 

Move Forward Party ဟာ မြန်မာပြည်သူတွေနဲ့အတူ ရပ်တည်ပြီး  မြန်မာနိုင်ငံမှာ ဒီမိုကရေစီစနစ်ထွန်းကားဖို့အတွက် ထိုင်းအစိုးရအနေနဲ့  ဖိအားပေးဖို့ ပါတီကလည်း  အစွမ်းကုန် ဆောင်ရွက်နေကြောင်း ရေးသားထားပါတယ်။

မြန်မာ့ဒီမိုကရေစီရေးတက်ကြွလှုပ်ရှားသူ အာဇာနည် ၄ ဦး အသတ်ခံရတာနဲ့ပတ်သက်ပြီး ယမန်နေ့က ထိုင်းနိုင်ငံ ဘန်ကောက်မြို့ရှိ မြန်မာသံရုံးရှေ့မှာ မြန်မာနိုင်ငံသားတွေဆန္ဒပြခဲ့ရာမှာ Move Forward Party နဲ့  PAT ဖွေ့ထိုင်းပါတီဝင်တချို့လည်း ပူးပေါင်း ပါဝင်ခဲ့ကြပါတယ်။  

ကိုးကား- Matichon/Prachachat/PoliticsKalaland

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013