DVB Logo
Home
Lead Story
ကြင်စိုး၏ နောက်ဆုံးနေ့များ
DVB
·
July 27, 2022
ကြင်စိုး၏ နောက်ဆုံးနေ့များ
Donate to DVB

အဘစောမူးသာနဲ့ အဘရစ်ချတ်တို့က “ဒီနေ့ ဆွမ်းကျွေးတခုရှိတယ်ဟ၊ လာခဲ့ပါဦး” ဆိုလို့ ထွက်လာခဲ့တာ။ အဘစောမူးသာတို့အိမ်ကိုရောက်တော့ အဘလုံးတုံးပါ ရောက်နေတာ တွေ့ရတယ်။

“လာဟေ့ အလင်္ကာကျော်စွာ မဟာ့မဟာသီရိ သုဓမ္မ ဖေကြီး”

“မှန်လှပါ သတိုး သီရိ မဟာ သရေစည်သူ ဘိုးတော်မင်းတြား အဘ စောမူးသာ ခင်ဗျား”

“ဟား ဟား ဟား ဟား ဟား ဟား . . .လိုက်လည်းလိုက်တဲ့ ‘ဘုရင်ရူးတွေ ကျွန်ရူးတွေ’ ပါလား ဟ”

“ဟား ဟား ဟား ဟား ဟား ဟား . .”

ဆွမ်းကျွေးက ‘တောင်ကျောင်း’ မှာတဲ့။ ဒါနဲ့ လေးယောက်သား ထွက်လာခဲ့ကြတာ ဟိုရောက်တော့ လူသိပ်မများလှပါ။ ရပ်ကျေးအစိမ်းဥက္ကဋ္ဌ ဦးစိမ်းမောင်တို့မိသားစုရဲ့ အလှူပါတဲ့ခင်ဗျ။ တောင်ကျောင်းဆရာတော် ဦးစိတ္တကို ဝတ်ပြုပြီး တခါတည်း ထမင်းဝင်စားခိုင်းလို့ ဝင်ထိုင်လိုက်ကြပါတယ်။

ဝက်သားသုံးထပ်သားကို ခရမ်းသီးတွေနဲ့ နူးအိနေအောင် နှပ်ထားတယ်။ ကြက်သားကို အတုံးသေးသေးလေးတွေတုံးပြီး ငရုတ်သီးစိမ်း ထက်ခြမ်းခွဲတွေနဲ့ ခပ်စပ်စပ်လေး ချက်ထားတယ်။ ကင်ပွန်းချဉ်ရွက်ချဉ်ရေ ပါတယ်။ ပဲကြီးကို ကြေနေအောင် နှပ်ထားပြီး ကြက်သွန်နီကြော်လေးတွေ ဖြူးအုပ်ထားတယ်။ ငါးငပိရေနဲ့ တို့စရာတွေကလည်း စုံလို့။

ကန်စွမ်းရွက် ရေနွေးဖြော၊ ဥသျှစ်ရွက်၊ သခွားသီးစိတ်နဲ့ ကြောင်လျှာရွက်ပြုတ်တွေကလည်း ‘တို့’ လို့ ကောင်းမှကောင်း။ ထမင်းဝိုင်းပြီးတော့ လက်ဖက်အဖိုးကြီးသုပ်နဲ့ ရေနွေးကြမ်းဝိုင်းမှာ စကားပြောကြတာပေါ့ ခင်ဗျာ။

စကားဝိုင်းကလည်း အချိန်အခါနဲ့လိုက်ပြီး ကောင်းလှပါသဗျ။ အရောင်စုံ အသွေးစုံ စကားဝိုင်းမှာ ထုံးစံအတိုင်း အပြန်အလှန် ရိကြ ထေ့ကြ စကြ ပြောင်ကြပေမဲ့ စိတ်မဆိုးကြတာကတော့ အတုယူစရာ ဓလေ့ပေါ့ဗျာ။

“ဒါနဲ့ အရှင်ဘုရား ‘မြဝတီ’ ကြည့်ဖြစ်သေးလား ဘုရာ့”

“အေး . . . ပုံမှန် ကြည့်ဖြစ်ပါတယ်ဟ မူးသာရ . . . ဘာဖြစ်လို့လဲ”

“ဟဲ ဟဲ ဟဲ ဟဲ . . ဘာတွေများထူးလဲလို့”

“အဲ . . . . ပုံမှန်ပါပဲဟ . . . . ‘ဟိုဆရာ’ တော့ ပျောက်နေတယ်ကွ”

“ ‘ဘယ်ဆရာ’ လဲ အရှင်ဘုရား”

“ဟိုဆရာကွာ . . . ဟိုဆရာ . . . ဘယ်သူကွ သိမ်းမောင်”

“အဲ . . . အရှင်ဘုရား သဘောကျတယ်ဆိုတဲ့ ‘မိုးဟိန်း’ လား ဘုရား”

“အေး . . . ‘မိုးဟိန်း’ ကွ ‘မိုးဟိန်း’ . . .သူပျောက်နေတယ်ဟ”

“ပျောက်ဆို . . . ‘အမေရိကန်နိုင်ငံသား’ အဓမ္မ ပီဘိ လုဓားပြ မိုးဟိန်းဟာ အမေရိကန်ကို ပြန်လစ်သွားပြီလားမှ မသိတာ”

အခြေအနေအရ အချိန်အခါအရ အရောင်ပြောင်းသည့်အတတ် တဖက်ကမ်းခတ်သူတွေဟာ အခြေအနေမလှ အချိန်အခါမလှတော့တဲ့အခါ သူ ကပ်ဖားရပ်ဖားလုပ်ပြီး မှီခိုသိုက်တူးနေရာ၊ သူစိတ်ကြိုက် ရေခပ်နေရာ၊ သူ့ကို မြှောက်ပင့်ကြေး သိန်းထောင်နဲ့ချီပြီး ပေးနေရာ အာဏာရှင် အသိုက်အဝန်းကို စွန့်ခွာတတ်ကြတာ ဓမ္မတာလို့ အဘစောမူးသာတို့က သုံးသပ်ကြပါသဗျ။

“အခြေအနေက ဘာတွေဖြစ်နေလို့လဲ မူးသာရဲ့”

“စိမ်းမောင် . . . မင်းလည်း ကမ္ဘာ့သတင်းတွေ လက်လှမ်းမီနေတာပဲလကွာ . . . မင်းတို့အဘ ကြင်စိုးတယောက် စိတ်ဂယောင်ချောက်ချားဖြစ်ပြီး မျောက်မီးခဲကိုင်မိသလိုလို ကျားမြီးဆွဲထားမိသလိုလို ‘ကြင်စိုး၏ နောက်ဆုံးနေ့များ’ စာအုပ်တောင် ထွက်တော့မယ် ကြားသကွ . . . အာ ဟ”

သည်အခိုက်မှာပဲ ဆရာတော်ဦးစိတ္တက ကွမ်းတံတွေးပဲ ထထွေးသလိုလို ကုဋီပဲ တက်ချင်သလိုလိုနဲ့ ထထွက်သွားပါတော့တယ် ခင်ဗျ။ စကားဝိုင်းမှာ အဘစောမူးသာ၊ အဘလုံးတုံး၊ အဘရစ်ချတ်၊ ဖေကြီးနဲ့ ဦးစိမ်းမောင်တို့ စိမ်းသရဖူစိမ်းအဖွဲ့သားတွေ ဆက်’ပွား’ ကြပါသဗျ။

“မင်းတို့အဘ ကြင်စိုး မအလရဲ့ အခြေအနေက အဆိုးဘက်ကို ရောက်သွားပြီကွ သူငယ်ချင်း စိမ်းမောင် ရ”

“မူးသာ . . ရိုးရိုးပဲ ပြောကွာ . . ‘မင်းတို့အဘ . . . မင်းတို့အဘ’ လို့ ထည့်ထည့် မပြောစမ်းပါနဲ့ဟာ”

“ဟားဟား ဟားဟား ဟားဟား . . . အေးပါ စိမ်းမောင်ရာ . . . ဆောရီး ဆောရီး . . .ဟီး ဟီး ဟီး”

သို့ဖြင့် သာဝ ကြင်စိုး မအလတယောက် ‘အရူးမီးဝိုင်း’ ဘဝကို ရောက်ရှိသွားပြီဖြစ်ကာ ‘ပြေးပေါက်’ ရှာဖွေနေသည့် အချိန်အခါကို ရောက်ရှိပါပြီဟု ဆက်လက်၍ သုံးသပ်ကြပါလေ၏။

‘အာဆီယံ’ ကလည်း တင်းကျပ်လာ၊ တရုတ်ကလည်း ‘အလိုက်အထိုက်’ ပဲဆက်ဆံလာ၊ ‘ရုရှား’ ကလည်း ပစ်ပယ်လာ၊ အမေရိကန်ကလည်း ‘ရာဇသံ’ ပေးလာ၊ ‘ICJ’ ကလည်း ထိထိမိမိ ‘ကိုင်တွယ်’ လာ၊ NUG ကလည်း စင်ပေါ်ရောက်လာ၊ PDF တွေကလည်း သန်းနဲ့ချီလာ၊ EAOs တွေကလည်း တကယ်ဆော်လာ . . ဆိုတော့ကာ . . . ဒီတခါတော့ ‘ချောင်’ ပိတ်မိနေပြီဖြစ်တဲ့ ဟို ‘ဆိတ်ကတုံး’ သတ္တဝါဘဝကို လုံးလုံးကြီး ရောက်ရှိသွားပါပြီတဲ့ ခင်ဗျာ။

“ဒီလိုအချိန်မှာ ဒီလိုအခြေအနေမှာ ဓမ္မဘက်မှာနေမလား၊ အဓမ္မဘက်တော်သားဘဝမှာ ဆက်ပြီး မိုက်မိုက်မဲမဲ မိုက်တွင်းနက်နက်တူးပြီး ပျော်နေအုံးမှာလား၊ သေသေချာချာစဉ်းစားဖို့ လိုပြီဟ”

“အင်း . . . . . .”

အဘဦးစိမ်းမောင်ထံမှ ခပ်လေးလေး ‘အင်း’ တလုံးသာ ထွက်လာပါတော့၏။ အဘစောမူးသာနှင့် အဘလုံးတုံးတို့ကား ဆက်ပြီး သုံးသပ်နေကြဆဲ ဖြစ်၏။

ကြင်စိုး သာဝ မအလ၏ အခြေအနေမှာ ‘နေ့လား ညလား’ အခြေအနေဟုပင် ထင်ကြေးပေးကာ သုံးသပ်ကြပါ၏။

ပြီးတော့ . . . ဟစ်တလာတို့၊ မားကို့စ်တို့၊ ဆက်ဒမ်ဟူစိန်တို့၊ ကဒါဖီတို့၊ ဘင်လာဒင်တို့၊ သေဒဏ်ချခံထားရတဲ့ စစ်အာဏာရှင်ဟောင်း မူရှာယက်ဖ် . . . စတဲ့သူတွေကို သတိရမိကြောင်း ထပ်လောင်းပြောကြားနေကြပါလေ၏။

သည် ဘဒ္ဒကမ္ဘာမြေက တိုင်းပြည်နဲ့ လူထုအပေါ် စော်ကားသမှုပြုကာ အာဏာလက်နက်နဲ့ အစဉ်အဆက် နှိပ်စက်ချင်တိုင်း နှိပ်စက်ခဲ့တဲ့ လူမဆန်သူ အမျိုးယုတ်တွေရဲ့ နိဂုံးလားရာ သွားရာလမ်းမှာ သူတဦးတည်းမသွားဘဲ သူ့ဘေးမှ သူ့ဘောမတွေကိုပါ ဆွဲ၍ ဆွဲကာ အပါခေါ်သွားတတ်တယ် ဆိုတာဖြင့် စကားဝိုင်းကို နိဂုံးချုပ်ခဲ့ကြပါလေ၏။

အဘဘောမများကား အဝေးသို့ ငေးကာတွေးကာ စဉ်းစား၍ ကျန်ခဲ့ကြပါလေ၏။

ကျောင်းပေါ်မှဆင်း၍ ကျောင်းဝန်းထဲမှ မထွက်မီမှာတင် အဘစောမူးသာတယောက် သူ၏ ဘယ်သံထူထူကြီးဖြင့် သီချင်းတပုဒ်ကို နှုတ်မှ လက်တမ်းဟစ်ကြွေးလိုက်လေရာ ကျောင်းပြတင်းဝမှာ ရပ်တော်မူနေရှာသည့် ဆရာတော်ဦးအစိမ်းတ ကိုယ်တော်မှာ ရုတ်တရက်ဆိုသလို ပျောက်ကွယ်သွားပါလေတော့သတည်း။

အဘစောမူးသာ၏အဆိုကို အဘလုံးတုံးက ‘ပါးစပ်ဆိုင်း’ ဖြင့် ပံ့ပိုးလေရာ မြိုင်ဆိုင်လှပြီးသကာလ ပြုံးရ ရွှင်ရပါလေတော့၏ ခင်ဗျာ။

“ဒို့မြန်မာပြည် ရပ်ရွာအတွင်းက သူငယ်ချင်းတွေ . . .”

“တော် တော် တော် တော် . . .”

“ရဲရဲတောက် ဘောမနေပါသလေ . . .”

“တော် တော် တော် တော် တော် တော် တော် . . .”

“တောကြား ရွာကြား အနှံ့အပြား . . .အဘအတွက်မို့ ဘောကိုမလို့နေ ဟေ. . . မင်းတို့အတွက် ငါရင်လေးတယ်လေ . . .”

“တီး တော် တော် တီး တော် တော် . .. . . တော် တော် တော် တော် . . .”

ဖေကြီး (လေရှီး)

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013