DVB Logo
Home
မြန်မာသတင်း
သေဒဏ်စီရင်မှု အာဆီယံ၏ ငြိမ်းချမ်းရေးအစီအစဉ်ကို ပြက်ရယ်ပြုရာရောက်ဟု မလေးရှားပြော
DVB
·
July 26, 2022
သေဒဏ်စီရင်မှု အာဆီယံ၏ ငြိမ်းချမ်းရေးအစီအစဉ်ကို ပြက်ရယ်ပြုရာရောက်ဟု  မလေးရှားပြော
Donate to DVB

မြန်မာ့ဒီမိုကရေစီရေးလှုပ်ရှားသူ ၄ ဦးကို စစ်အာဏာရှင်အုပ်စုက သေဒဏ်စီရင် ကွပ်မျက်မှုအပေါ် မလေးရှားအစိုးရက ဇူလိုင် ၂၆ ရက်မှာ ရှုတ်ချလိုက်ပြီး ဒီလုပ်ရပ်ဟာ လူသားမျိုးနွယ်အပေါ် ကျူးလွန်တဲ့ ရာဇ၀တ်မှုတခုဖြစ်ပြီး အာဆီယံရဲ့ ငြိမ်းချမ်းရေးအစီအစဥ်ကို မထီမဲ့မြင် ပြက်ရယ်ပြုရာ ရောက်တယ်လို့ ပြောပါတယ်။ 

အာဆီယံ အထူးကိုယ်စားလှယ် နေပြည်တော်ကိုသွားရောက်ပြီး နှစ်ပတ် မပြည့်ခင်မှာနဲ့ အာဆီယံအစည်းအဝေးမတိုင်ခင် တပတ်အလိုလောက်မှာ အခုလို ကွပ်မျက်ခဲ့မှုအပေါ် မလေးရှား နိုင်ငံခြားရေးဝန်ကြီး ဆိုင်ဖူဒင် အဗ္ဗဒူလာက မေးခွန်းထုတ်ခဲ့ပါတယ်။

“ဒါကြောင့် အချက်ငါးချက် (အာဆီယံဘုံသဘောတူညီချက် ၅ ချက်) ကို စစ်အစိုးရက သရော်လှောင်ပြောင်နေဟန်တူတယ်လို့ ကျနော်တို့ မြင်ပါတယ်။ ဒါကို တကယ်ကို အလေးအနက်ထားပြီး ကြည့်ရပါမယ်။” 

မြန်မာနိုင်ငံစစ်ကောင်စီကိုယ်စားလှယ်တွေကို ဘယ်နိုင်ငံတကာ ဝန်ကြီးအဆင့် အစည်းအဝေးမှာမှ ပါဝင်တက်ရောက်ခွင့်မပြုသင့်ကြောင်းလည်း မလေးရှားဝန်ကြီးက ပြောကြားလိုက်ပြီး အရင်က တောင်းဆိုထားတဲ့ မြန်မာနိုင်ငံမှာ ငြိမ်းချမ်းရေးအစီအစဥ် မတိုးတက်မချင်း အာဆီယံထိပ်သီး အစည်းအဝေးတွေကနေ စစ်အုပ်စုရဲ့ တာဝန်ရှိသူတွေကို တားမြစ်ထားဖို့ကို ကျယ်ကျယ်ပြန့်ပြန့် ထပ်ပြောခဲ့ပါတယ်။

“ဒါဟာ နိုင်ငံရေးအရ ကိုယ်စားပြုမှုကိစ္စမှာ ကျနော်တို့က အရမ်းအလေးအနက်ထားတယ်ဆိုတာ ပြသဖို့ပါ”လို့ မလေးရှားနိုင်ငံခြားရေးဝန်ကြီး ဆိုင်ဖူဒင်က ပြောပါတယ်။

မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ အထူးကိုယ်စားလှယ် နိုလင်းဟေဇာကလည်း “ဒီမိုကရေစီခေါင်းဆောင်တွေကို စစ်တပ်က ကွပ်မျက်မှုအပေါ် ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ရဲ့ ပြင်းထန်တဲ့ ရှုတ်ချမှုကို ထပ်ပြောကြားပါကြောင်းနဲ့ ဒါဟာ လူတဦးရဲ့ အသက်၊ လွတ်လပ်ခွင့်နဲ့ လုံခြုံမှုကို ပြောင်ပြောင်တင်းတင်း ချိုးဖောက်လိုက်တာပဲ” လို့ ပြောပါတယ်။ 

နိုင်ငံရေးလှုပ်ရှားသူ ၄ ဦးကို စစ်ကောင်စီက သေဒဏ်ပေးကွပ်မျက်လိုက်တာဟာ လက်ခံနိုင်စရာမရှိကြောင်းနဲ့ ဒေသတွင်းနိုင်ငံတွေရဲ့ ပဋိပက္ခပြေလည်အောင် ညှိနှိုင်းရေး ကြိုးပမ်းဆောင်ရွက်ချက်တွေကို ဖျက်ဆီးပစ်ရာ ရောက်တယ်လို့ အာဆီယံအလှည့်ကျ ဥက္ကဋ္ဌ ကမ္ဘောဒီးယားနိုင်ငံကလည်း အဖွဲ့ဝင်နိုင်ငံတွေကိုယ်စား ကြေညာထားပါတယ်။

၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင် ဦးဂျင်မီနဲ့ အန်အယ်လ်ဒီ လွှတ်တော်အမတ်ဟောင်း  ဦးဖြိုးဇေယျာသော်အပါအဝင် နိုင်ငံရေးအကျဉ်းသား ၄ ဦးကို စစ်ကောင်စီအကြမ်းဖက်အဖွဲ့က သေဒဏ်စီရင်ပြီးဖြစ်ကြောင်း  ဇူလိုင် ၂၅ ရက်မှာ ထုတ်ပြန်ပါတယ်။

Photo- Malaysia FM

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013