DVB Logo
Home
မြန်မာသတင်း
သေဒဏ်ပေးကွပ်မျက်မှုအတွက် လက်တုံ့ပြန်မည်ဟု ပြောက်ကျားတော်လှန်ရေးအဖွဲ့များပြော
DVB
·
July 26, 2022
သေဒဏ်ပေးကွပ်မျက်မှုအတွက် လက်တုံ့ပြန်မည်ဟု  ပြောက်ကျားတော်လှန်ရေးအဖွဲ့များပြော
Donate to DVB

ဒီမိုကရေစီအရေးလှုပ်ရှားသူ ၄ ယောက်ကို စစ်ကောင်စီက သေဒဏ် စီရင်ခဲ့တာဟာ လူမဆန်တဲ့ လုပ်ရပ်၊ နိုင်ငံရေးအင်အားစုတွေကို စိန်ခေါ်လိုက်တဲ့ မထီမဲ့မြင်လုပ်ရပ်ဖြစ်ပြီး ပြင်းထန်တဲ့ တုံ့ပြန်မှု လုပ်သွားမယ်လို့ စစ်အာဏာရှင်ကို လက်နက်ကိုင်တော်လှန်နေတဲ့ တပ်ဖွဲ့တွေက ပြောပါတယ်။

၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင် ဦးဂျင်မီ၊ အန်အယ်လ်ဒီလွှတ်တော်ကိုယ်စားလှယ်ဟောင်း ဦးဖြိုးဇေယျာသော်အပါအဝင် ၄ ဦးကို ပြစ်ဒဏ်စီရင်ပြီးဖြစ်တယ်လို့ စစ်ကောင်စီက ဇူလိုင် ၂၅ ရက်မှာ ထုတ်ပြန်လိုက်တာပါ။

အခုလို သေဒဏ်စီရင် သတ်ဖြတ်လိုက်တာဟာ စစ်ရာဇဝတ်မှုနဲ့ လူသားမျိုးနွယ်တွေအပေါ် ဆန့်ကျင်တဲ့ ရာဇဝတ်မှုတွေကို ကျူးလွန်တာဖြစ်လို့ ပြင်းပြင်းထန်ထန် ကန့်ကွက်ရှုတ်ချတယ်လို့ ကရင်နီအမျိုးသားများကာကွယ်ရေးတပ် (KNDF) က ထုတ်ပြန်ပါတယ်။

KNDF အနေနဲ့ကတော့ အကြမ်းဖက်စစ်ကောင်စီနဲ့ ရင်ဆိုင်တိုက်ခိုက်ရတဲ့ကာလတလျှောက် စစ်သုံ့ပန်းတွေ၊ သတင်းပေးဒလန်တွေနဲ့ သူတို့ရဲ့လက်ပါးစေတွေကိုဖမ်းဆီးရမိရင် ကောင်းကောင်းမွန်မွန် ဖမ်းဆီးထိန်းသိမ်းထားတယ်လို့ ဆိုပါတယ်။

ဒါပေမဲ့ စစ်ကောင်စီကတော့ စစ်မြေပြင်မှာသာမက နေရာမရွေး တရားမဲ့ သတ်ဖြတ်တာကြောင့် KNDF အနေနဲ့ ပြင်းထန်တဲ့ တုံ့ပြန်မှုတွေပြုလုပ်ပြီး စစ်ကောင်စီတပ်တွေ အမြစ်ပြတ်တဲ့အထိ ခြေမှုန်းသွားမယ် လို့လည်း ဆိုပါတယ်။

၈၈ ကျောင်းသားခေါင်းဆောင် ကိုဂျင်မီ၊ လွတ်တော်အမတ် ကိုဖြိုးဇေယျာသော် အပါအ၀င် ၄ ယောက်ကို စစ်ကောင်စီက ကြိုးပေးသတ်ဖြတ်လိုက်တာနဲ့ပတ်သတ်ပြီး ရန်ကုန်တိုင်းအတွင်းမှာရှိ တဲ့ မြေအောက်ပြောက်ကျား  UG အဖွဲ့တွေကလည်း  လက်တုံ့ပြန်မယ်လို့  အသီးသီးပြောပါတယ်။

စစ်ကောင်စီရဲ့ ရက်စက်တဲ့ ဒီလုပ်ရပ်ဟာ ပြည်သူတွေကို တရားဝင်စစ်ကြေညာလိုက်တာ ဖြစ်ပြီး၊ ဒီအတွက် ရန်ကုန်တိုင်းအတွင်းမှာ လှုပ်ရှားနေတဲ့ တော်လှန်ရေးအဖွဲ့တွေ၊ UGတွေ၊ ပြောက်ကျား တပ်တွေက လက်တုံပြန်ဖို့စီစဉ်နေကြောင်း  ပြောပါတယ်။

စစ်ကောင်စီက သူတို့ လုပ်စရာရှိတာကို လုပ်သွားတာဖြစ်တာကြောင့်  စစ်တရားရုံး တရားသူကြီးတွေ၊ ထောင်အာဏာပိုင်တွေကအစ ဒီကိစ္စမှာ ပါ၀င်ပတ်သက်သူ အားလုံးကို အပြစ်ပေးဖို့ စီစဉ်နေပြီဖြစ်လို့ ရန်ကုန်မြို့နေ ပြည်သူတွေ အားလုံး အသွားအလာ သတိထားဖို့   UG အဖွဲ့ဖြစ်တဲ့  Nike( Admin Team)  ACPLF Rangers  အဖွဲ့က ပြောပါတယ်။

စစ်ကောင်စီတပ်က ပြည်သူတွေကိုသတ်ဖြတ်နေတဲ့အတွက် နိုင်ငံတကာမှာ အကြမ်းဖက် အဖွဲ့အစည်းအဖြစ် ပေါ်လွင်အောင်လုပ်မှာဖြစ်ကြောင်း ပေးဆပ်ခဲ့ရတဲ့  အသက်ပေါင်းများစွာ၊ ဘ၀ပေါင်းများစွာအတွက်  ဘယ်တွေ့ဆုံဆွေးနွေးမှုမှ လက်မခံတော့ဘဲ ထိုက်တန်တဲ့ သွေးကြွေး ကို ရတဲ့အထိ အဆုံးထိလျှောက်လှမ်းသွားမယ်လို့ General Strike Coordination Body - GSCB  အဖွဲ့ကပြောပါတယ်။

အခုလို နိုင်ငံရေးတက်ကြွလှုပ်ရှားသူတွေအပေါ် သေဒဏ်စီရင်လိုက်တာဟာ ပြည်သူလူထု နိုင်ငံရေးအင်အားစုတွေအားလုံးအပေါ် အကြောက်တရား ရိုက်သွင်းလိုက်တာဖြစ်ပြီး နိုင်ငံရေးအင်အားစုတွေအပေါ် တရားဝင်စိန်ခေါ်လိုက်တာဖြစ်တဲ့အတွက်   ဒီထက်ပိုပြီးပြင်းထန်တဲ့ တိုက်ပွဲတွေ ဖော်ဆောင်သွားမှာဖြစ်တယ်လို့ တော်လှန်ရေးလက်နက်ကိုင်အင်အားစုတခုရဲ့ ခေါင်းဆောင် ဗိုလ်ဇီးရိုးကလည်း ပြောပါတယ်။

စစ်ကောင်စီရဲ့ အခုလုပ်ရပ်ဟာ သွေးအေးစပြုလာတဲ့ ပြည်သူတွေရင်ထဲ ပြန်လည်သွေး ဆူလာစေခဲ့ပြီး တော်လှန်ရေး အဆုံးထိတိုက်ဖို့ ခံယူချက်ပိုမိုခိုင်မာလာစေတယ်လို့ တော်လှန်ရေးအင်အားစုတွေက  ပြောပါတယ်။

တော်လှန်ရေးလုပ်ကတည်းက ဒီလိုရက်စက်မှုတွေခံရမယ်ဆိုတာ ကြိုတင်သိထားပြီးဖြစ်လို့ အသက်သေရင် သေပါစေ ကျဆုံးခဲ့ရတဲ့တော်လှန်ရေးရဲဘော်တွေအတွက် စစ်အာဏာရှင်ကျဆုံးဖို့ အဆုံးထိတိုက်ပွဲဝင်သွားမယ်လို့  ဗိုလ်နဂါးကလည်း ပြောပါတယ်။

စစ်ခေါင်းဆောင်ပြောခဲ့သလို မလုပ်ရဲတာ ဘာမှ မရှိဘူးဆိုသလိုဘဲ အာဏာရှင်ရဲ့ လုပ်ရပ်ကို ပြသသွားတာဖြစ်သလို ရန်သူက ရန်သူ အလုပ်လုပ်နေကြတာဖြစ်တဲ့အတွက် တော်လှန်ရေး အင်အားစုတွေကလည်း အရှိန်အဟုန်မြှင့် ဆောင်ရွက်သွားမှာဖြစ်ကြောင်း ဒါကြောင့် ပြည်သူတွေ အနေနဲ့ စစ်ကောင်စီနဲ့ ဝေးဝေးနေကြဖို့နဲ့ တော်လှန်ရေးအမြန်အောင်မြင်ဖို့ ဝိုင်းဝန်း ကူညီလှူဒါန်းပေးဖို့  တော်လှန်ရေးရဲဘော်တွေက တိုက်တွန်းလိုက်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013