
လက်ရှိ မြန်မာနိုင်ငံထဲက တည်ဆောက်ရေး လုပ်ငန်းကြီးတွေမှာ အကြံပေးအဖြစ် လုပ်ကိုင်နေတဲ့ စင်ကာပူ အခြေစိုက် ဆားရ်ဗနာ(Surbana) ကုမ္ပဏီအနေနဲ့ အကြံပေး လုပ်ငန်းတွေ တိုးချဲ့ လုပ်ကိုင်သွားမှာ ဖြစ်ပြီး အခွင့်အလမ်းရပါက လေဆိပ်လုပ်ငန်းတွေမှာ ၀င်ရောက် ရင်းနှီးမြှုပ်နှံသွားဖို့ ရှိတယ်လို့ ကုမ္ပဏီ ဥက္ကဋ္ဌ မစ္စတာ လွီမွိုင်လျောင် က ပြောပါတယ်။
ပြီးခဲ့တဲ့ မေ ၆ ရက်နေ့က ရန်ကုန် ဆီဒိုးနားဟိုတယ်မှာ ကျင်းပတဲ့ ဆားရ်ဗနာကုမ္ပဏီရဲ့ မြန်မာပြည်ရုံးခန်း ဖွင့်လှစ်ပွဲ အခမ်းအနားမှာ သူက ခုလို ပြောလိုက်တာ ဖြစ်ပါတယ်။
လက်ရှိ ဆားရ်ဗနာ နိုင်ငံတကာအကြံပေး ကုမ္ပဏီဟာ မြန်မာနိုင်ငံ ဆောက်လုပ်ရေး ၀န်ကြီးဌာနက အကောင်အထည် ဖော်နေတဲ့ ဧရာဝဏ်နဲ့ ရတနာ အိမ်ရာဆောက်လုပ်ရေး စီမံကိန်းနဲ့ ရန်ကုန် သဘာဝပတ်ဝန်းကျင် ငါးပြတိုက် စီမံကိန်း ၂ ခုမှာ အကြံပေး တာဝန်ယူ ထားပါတယ်။
ဆားရ်ဗနာကုမ္ပဏီဟာ လက်ရှိ အာရှဒေသမှာ ရုံးခွဲ ၁၇ ခု ဖွင့်လှစ်ထားပြီး မြို့ပြ စီမံကိန်း အကြံပေးလုပ်ငန်း ၁၈၀၀ ကျော် လုပ်ကိုင်ဆောင်ရွက်နေပါတယ်။











