DVB Logo
Home
Lead Story
DVB နှစ် ၃၀ နှင့် ကျနော် မောင်တူးပါ
DVB
·
July 26, 2022
DVB နှစ် ၃၀ နှင့် ကျနော် မောင်တူးပါ
Donate to DVB

“အောက်အီအီးအွတ်”

“ဟာ.. ဒီကြက်ကလည်းကွာ”

ကြက်တွန်သံကို ဒေါသတကြီး ပြောလိုက်ရတဲ့အကြောင်းက DVB တောတွင်း စတူဒီယိုတခုဆီမှာ အသံသွင်း အသံဖမ်းလုပ်နေတုန်း အနှောင့်အယှက်ဖြစ်သွားတာကြောင့်ပါ။

ပြောလိုက်သူက အသံဖမ်းဆရာ ကိုအောင်ဇော်မင်း။ အချိန်က ၁၉၉၂ ခုနှစ် DVB စတင်တည်ထောင်တဲ့နှစ်။ ကြက်ဖကြီးတွန်သံဟာ သာမန်အချိန်ဆို နားထောင်ကောင်းတာပေါ့။ မိုးလင်းကြက်တွန်သံ၊ သန်းခေါင်ကြက်တွန်သံ စသဖြင့် အချိန်ကိုက် တွန်ကြတယ်။ ကြက်တကောင်ဟာ ကျေးလက်နာရီတလုံးလို့တောင် ရှေးက ပြောခဲ့ကြပေါ့။ 

အခုကတော့ DVB အသံလွှင့် ဆောင်းပါး အသံသွင်းနေတုန်း ကြက်ကတွန်တော့ အသံတွေ ပျက်ကုန်ပြီ။ အစက ပြန်သွင်းကြရတော့မယ်။ ခဏနားကြစို့။ ရေသောက်ကြ။ အပေါ့အပါးသွားကြ။ ကွမ်းစားကြ။ ဆေးလိပ်သောက်ကြပေါ့။ တောတွင်း စတူဒီယိုဆိုတာ ဝါးခင်း ဝါးကာအခန်းကို ဂုန်နီအိတ်တွေနဲ့ ထပ်ကာထားတဲ့ နေရာတခုပေါ့။ ကြက်မက အော်ရင်၊ ကြက်ပိစိကလေးတွေ ပကျစ် ပကျစ်နဲ့ အော်ရင်လည်း “ဟဲ့ ကြက်” ဆိုပြီး မောင်းထုတ်။ ဝက်တွေ အော် ခွေးတွေ ဟောင်ရင်လည်း မောင်းထုတ်။ ငြိမ်မှ အသံသွင်းရတာပေါ့။ အသံသွင်းချိန် ကြက်မောင်းမယ့် ကင်းစောင့်သူ ၂ ယောက်လောက်လည်း တာဝန်ချထားရသေးတာပါ့။ 

ဒါကတော့ ၁၉၉၂ ခုနှစ် ဇူလိုင် ၁၉ မှာ စတင်ခဲ့တဲ့ DVB သတင်းဌာနရဲ့ အဲ့သည်ကာလ အခြေအနေပါ။ 

ဓာတ်ပုံ အညွှန်း ။  ။ ၁၉၉၂ ခုနှစ် ဇွန်လ ဘန်ကောက်မှာ လုပ်တဲ့ ၁ လကြာ DVB Field Reporter Training က ပုံ ဖြစ်ပါတယ်။ ဒါပေမဲ့ သင်တန်းသားတွေချည်း မဟုတ်ပါ။ သင်တန်း စီစဉ်သူတွေလည်း ပါဝင်နေပါတယ်။ သင်တန်းက သတင်းထောက်တွေကို  DVB ရေဒီယို စလွှင့်တဲ့အခါ ဝင်ရောက်တာဝန်ထမ်းဆောင်စေပါတယ်။ ဒါပေမဲ့ DVB မှာ ဝင်မလုပ်ဖြစ်ကြသူက များပါတယ်။ ကွယ်လွန်သူ သတင်းစာဆရာကြီး ကြေးမုံဦးသောင်း သင်တန်းလာပေးဖို့ မအားတဲ့အတွက် မြန်မာပြည်ကနေ ဘန်ကောက်ကို ရောက်နေတဲ့ VOA ဦးဝင်းအောင် (ဝင်းအောင်ကြီး)က လာသင်ပေးပါတယ်။ ဆရာဦးဝင်းအောင် အဲ့သည်ကာလက VOA မှာ မလုပ်သေးပါ။ ကျနော်တို့ကို သင်တန်းပေးချိန် ၁၉၉၂ ခုနှစ် ဇွန်လက သူဟာ ထိုင်းနိုင်ငံ ဘန်ကောက်ထုတ် Bangkok Post သတင်းစာ၊ The Nation သတင်းစာကြီးတွေက သတင်းတွေကို ဘာသာပြန် အသံသွင်းပြီး VOA ကို ပို့စပြုနေရင်း ကျနော်တို့ကို သင်တန်းပေးတယ်။ ဆရာဦးဝင်းအောင်ဟာ ဒီဗွီဘီသတင်းထောက်တွေရဲ့ သင်တန်းဆရာပေါ့။ နောက်ပိုင်းနှစ်တွေမှာ BBC ဦးအောင်မြင့်ထွန်းလည်း ချင်းမိုင်မြို့မှာ သင်တန်းလာပေးဖူးတယ်။  

အခု DVB တီဗွီ မာလတီမီဒီယာ သတင်းဌာနကြီးဟာ လွန်ခဲ့သော နှစ် ၃၀ အကြာ ၁၉၉၂ ဇူလိုင် ၁၉ ကစပြီး တနေ့ကို ၂၅ မိနစ်ပဲ လွှင့်ခဲ့တဲ့ ရေဒီယို အစီအစဥ်နဲ့ စခဲ့ကြတာဖြစ်ပါတယ်။ 

အခုကာလလို အင်တာနက် အွန်လိုင်း မရှိသေးပါ။ ကွန်ပျူတာမရှိသေးဘူး။ ကင်မရာဆို ဖလင်ထည့်ရိုက်ရတယ်။ ကွင်းဆင်း သတင်းယူတဲ့အခါ ကက်ဆက်တိတ်ရီကော်ဒါ အသေးလေးတွေ သုံးကြရတယ်။ တိပ်ခွေတခွေက တနာရီစာ၊ ဒါကြောင့် ၁ နာရီထက်ပိုပြီး အသံဖမ်းဖို့ ရှိလာရင် တိပ်ခွေ ၂ ခွေ၊ ၃ ခွေ ဆောင်ထားကြရတယ်။ ဓာတ်ခဲအသေးလေးတွေလည်း ဆောင်ထားကြရတာပေါ့။ များသောအားဖြင့်က သတင်းအင်တာဗျူးလုပ်ရင် စာအုပ်သေးလေးမှာ ဘောပင်နဲ့ လိုက်ရေးမှတ်ကြရတာပါဗျာ။ လက်ရေးတို ဆိုတာလည်း လေ့လာခဲ့ကြရတာပေါ့။ 

အဲ့သည်အချိန် Tape Recorder ကက်ဆက်အသေးလေးကိုင်ပြီး အသံဖမ်းနိုင်တဲ့သူက ဆရာကြီး ဆိုပါတော့။ ဖလင် ၃၆ ကွက်ပါတဲ့ ကင်မရာကလေး ကိုင်နိုင်သူက အဆင့်မြင့် သတင်းထောက်လို့ အထင်ခံရတဲ့ခေတ်။ လစာဆို တပြား တချပ် တဘတ် တဒေါ်လာမှ မရပါ။ စစ်တပ် ဝါဒဖြန့်ချက်တွေမှာ ဒေါ်လာစား သတင်းထောက်တွေ ဆိုပြီး ရေးနေ ပြောနေတာ နှစ် ၂၀ ကျော် ရှိပါပြီ။ 

အခုနောက်ပိုင်း ဒီဗွီဘီအပါအဝင် သတင်းဌာနတွေ လခစား အလုပ်လုပ်ကြရပါတယ်။ ဒါကလည်း နေထိုင်စားရိတ်၊ စားစရိတ်စတဲ့ အသုံးစားရိတ်တွေက ရှိတာကိုး။ သင့်တင့်လျောက်ပတ်တဲ့ လစာ နေ့တွက် ခရီးစားရိတ်တွေတော့ ရှိမှာပေါ့။ ဒါပေမဲ့ ကျနော်တော့ ဒီဗွီဘီ စတင်ကာစက လစာမရဘဲ လုပ်ခဲ့ကြရသလို နောက်ပိုင်း လစာသဘော ပေးလာကြတော့လည်း စစ်တပ် ဝါဒဖြန့်သလို ဒေါ်လာတွေစား ဝင်ငွေများပြီး တအားရခဲ့ကြတာတော့ မဟုတ်ပါဘူး။ မလောက်ငတဲ့အခါတွေတောင် ရှိခဲ့သေးရဲ့။ ဒါ့အပြင် အန္တရာယ်ကြုံရတာတွေတောင် ရှိပါသေးတယ်။ 

DVB သတင်းထောက်တွေရဲ့ နောက်မှာ ကျန်ခဲ့တဲ့ မိဘတွေဆိုရင်လည်း မဆက်သွယ်ရဲဘူး။ မိဘနဲ့ မဆက်သွယ်ရဲဘူး။ တိုင်းရင်းသား တော်လှန်ရေး နယ်မြေတွေမှာ ဆိုပြန်တော့လည်း သူတို့ရဲ့ သတင်းတွေ ရေးတာကို မကြိုက်ဘူး။ စောင့်ကြည့်ခံရတာတွေ ရှိတယ်။ ခြိမ်းခြောက်ခံရတယ်။ 

တခါတုန်းကဆို ကရင်နီ ဒုက္ခသည် စခန်းတခုကို သတင်းသွားယူရင်း အန္တရာယ်ကြုံခဲ့ရဖူးတယ်။ အသေးစိတ် ဆက်ရေးပါဦးချမယ်။ 

နှစ် ၃၀ ကို ပြန်တွေးတဲ့အခါ လပေါင်း ၃၆၀ ရက်ပေါင်း ၁၁၀၀၀ စာကို နောက်ပြန်ကြည့်တဲ့အခါ မှတ်မိတာလည်းရှိ၊ မမှတ်မိတာတွေက များလှပေါ့။ 

ဘာပဲဖြစ်ဖြစ် DVB သတင်းဌာနကြီး နှစ် ၃၀ ပြည့်မှာ သတင်းသမားတွေ အဖမ်းခံနေရ၊ ထောင်ကျနေကြ၊ ပြေးနေကြရ၊ ပုန်းနေကြရ၊ ပြည်ပကို ရောက်ကြ၊ အတည်တကျမရှိ ဖြစ်နေကြရချိန်ပေါ့။ 

ဒါကြောင့် DVB နှစ် ၃၀ ပြည့်ပွဲကို ဝမ်းနည်းစွာပဲ မကျင်းပနိုင်ခဲ့ကြပါဘူး။ 

ဘာပဲဖြစ်ဖြစ် အခက်အခဲကြားက လက်ရှိ ဆက်လက် ကြိုးစားနေကြဆဲ DVB ဝိုင်းတော်သားတွေ၊ နှစ် ၃၀ အတွင်း DVB မှာ တာဝန်ထမ်းခဲ့ကြတဲ့ ဝိုင်းတော်သားဟောင်းတွေ အားလုံး (အားလုံး) ကို နှစ် ၃၀ ပြည့်မှာ သတိတရ ရှိနေပါတယ်ခင်ဗျာ။ 

ဆက်ရေးပါဦးမည်။

ကျနော်မောင်တူးပါ။   ။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013