DVB Logo
Home
မြန်မာသတင်း
သေဒဏ်ပေးကွပ်မျက်ခံရသည့် အာဇာနည် ၄ ဦးကို ဦးညွတ်ဂုဏ်ပြုကြောင်း NLD ကြေညာ
DVB
·
July 25, 2022
သေဒဏ်ပေးကွပ်မျက်ခံရသည့် အာဇာနည် ၄ ဦးကို ဦးညွတ်ဂုဏ်ပြုကြောင်း NLD ကြေညာ
Donate to DVB

အကြမ်းဖက်စစ်ကောင်စီရဲ့ သေဒဏ်ပေး ကွပ်မျက်ခံခဲ့ရတဲ့ အာဇာနည် ၄ ယောက်အတွက် များစွာဝမ်းနည်းရကြောင်းနဲ့ ဦးညွတ်ဂုဏ်ပြုကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီက ထုတ်ပြန်ပါတယ်။

သေဒဏ်ချမှတ်ခံထားရတဲ့ ထင်ရှားတဲ့ ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင် ဦးဂျင်မီနဲ့ အန်အယ်လ်ဒီ လွှတ်တော်ကိုယ်စားလှယ်ဟောင်း ဦးဖြိုးဇေယျာသော် အပါအဝင် နိုင်ငံရေး အကျဉ်းသား ၄ ယောက်ကို အကျဉ်းထောင်လုပ်ထုံးလုပ်နည်းတွေအတိုင်း ပြစ်ဒဏ်စီရင်ခဲ့ပြီး ဖြစ်တယ်လို့ ဇူလိုင် ၂၅ ရက် ဒီကနေ့ထုတ် သတင်းစာတွေမှာ စစ်ကောင်စီက သတင်းထုတ်ပြန်လိုက်တာပါ။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီ ဗဟိုအလုပ်ကော်မတီက ထုတ်ပြန်ချက်မှာတော့ အာဇာနည် ၄ ယောက်ကို အကြမ်းဖက်စစ်ကောင်စီ လက်ပါးစေတွေက သွေးအေးအေးနဲ့ တရားဥပဒေမဲ့ သတ်ဖြတ်တဲ့ ရာဇဝတ်မှုကို ကျူးလွန်ခဲ့ကြတယ်လို့ ဖော်ပြထားပြီး စစ်ကောင်စီဟာ နိုင်ငံတကာနဲ့ ဉပဒေဘက်တော်သားအသီးသီးရဲ့ မေတ္တာရပ်ခံချက်တွေကို လျစ်လျူရှုကာ သူတို့ ကျူးလွန်နေတဲ့ ရာဇဝတ်မှုပေါင်းများစွာထဲက သက်သေခိုင်မာတဲ့ ရာဇဝတ်မှုကို ထပ်မံပြီးတော့ ကမ္ဘာသိပြသလိုက်တာဖြစ်တယ်လို့ ဆိုပါတယ်။

ဦးဂျင်မီကို စစ်ကောင်စီတပ်တွေက အောက်တိုဘာ ၂၃ ရက်က ဒဂုံမြို့သစ်(မြောက်ပိုင်း)မှာ အကြမ်းဖက် ရိုက်နှက်ဖမ်းဆီးသွားတာဖြစ်ပြီး ဦးဖြိုးဇေယျာသော်ကိုတော့ ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်၊ အမှတ် (၆၁)ရပ်ကွက်၊ ရတနာလမ်း၊ ရတနာနှင်းဆီအိမ်ရာမှာ  နိုဝင်ဘာလ ၂၀ ရက်က ဖမ်းဆီးခဲ့တာဖြစ်ပါတယ်။

သူတို့ ၂ ယောက်ကို စစ်အုပ်ချုပ်ရေး (Martial Law) စစ်ခုံရုံးဖွဲ့ စစ်ဆေးပြီး အကြမ်းဖက်မှု တိုက်ဖျက်ရေး ဥပဒေပုဒ်မ ၄၉(က)၊ ၅၀(ဈ)နဲ့ ၅၀(ည) တို့အရ ဇန်နဝါရီ ၂၁ ရက်မှာ  သေဒဏ်  အမိန့်ချမှတ်လိုက်ကြောင်း ကြေညာခဲ့တာ ဖြစ်ပါတယ်။

ဦးဖြိုးဇေယျာသော်ဟာ အကြမ်းဖက်အဖွဲ့အစည်းတွေကို ထောက်ပံ့ဖို့ နေအိမ်မှာ လက်နက်မျိုးစုံ သိမ်းဆည်းထားတာ၊ CRPH၊ NUG၊  PDF၊  Moon Light Operation အဖွဲ့တွေနဲ့ Zoom Meeting ပြုလုပ်ခဲ့တာ၊ စစ်ကောင်စီ တပ်ဖွဲ့ဝင်တွေနဲ့ အုပ်ချုပ်ရေးဆိုင်ရာ တာဝန်ရှိသူတွေကို ပစ်ခတ်သတ်ဖြတ်ဖို့ လက်နက်ငှားရမ်းထောက်ပံ့ပေးမှုတာနဲ့ လုပ်ကြံသတ်ဖြတ်ဖို့ စီစဉ်ညွှန်ကြားတာတွေ ပြုလုပ်ခဲ့တယ်လို့ စစ်ကောင်စီက စွပ်စွဲထားပါတယ်။

အလားတူ ဦးဂျင်မီဟာလည်း CRPH၊ NUG နဲ့ PDF တွေကို လက်နက်ခဲယမ်းထောက်ပံ့ဖို့ ဒဂုံမြို့သစ် (မြောက်ပိုင်း)မြို့နယ်၊ အမှတ်(၂၇)ရပ်ကွက်၊ ပင်လုံအိမ်ရာ၊ မြနှင်းဆီလမ်းရှိ နေအိမ်မှာ လက်နက်တွေ သိုဝှက်သိမ်းဆည်းထားတယ်ဆိုပြီး စွပ်စွဲဖမ်းဆီးခံရတာဖြစ်ပါတယ်။

အကြမ်းဖက် ဖမ်းဆီးသွားစဉ်မှာ  ဦးဂျင်မီဟာ ဦးခေါင်းကို ရိုက်နှက်ခံရတဲ့ဒဏ်ရာနဲ့ စစ်ဆေးရုံမှာ ဆေးကုသမှု ခံယူခဲ့ရပြီးနောက် စစ်ကြောရေးသို့ ပို့ဆောင်ကာ စစ်ခုံရုံးကနေ သေဒဏ်ချမှတ်ခဲ့တာ ဖြစ်ပါတယ်။

NUG နဲ့ CRPH တာဝန်ရှိသူတွေကတော့ ဦးဂျင်မီနဲ့  ဦးဖြိုးဇေယျာသော် အပါအဝင် ၄ ဦးကို  ဥပဒေကြောင်းအရ ခုခံပိုင်ခွင့်မပေးဘဲ စစ်ကောင်စီက တဖက်သတ် သေဒဏ်စီရင်လိုက်တာဟာ  လူသတ်မှုမြောက်ပြီး စစ်ကောင်စီအနေနဲ့ ဒီအကျိုးဆက်ကို ပြန်ခံစားရမယ်လို့  တုံ့ပြန် ပြောဆိုထားပါတယ်။

နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (အေအေပီပီ) က ထုတ်ပြန်ချက်အရ မြန်မာနိုင်ငံမှာ မတရားအာဏာသိမ်းကာလ ၁ နှစ်ခွဲအကြာ အကြမ်းဖက်စစ်ကောင်စီက သေဒဏ်ချမှတ်ခံထားရသူ စုစုပေါင်း ၁၁၇ ယောက်ထိ ရှိနေတယ်လို့ ဆိုပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013