ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာမေဝင်းမြင့်ဟာ NLD ဗဟိုအလုပ်ကော်မတီမှာ စတင်တာဝန်ထမ်းဆောင်နေတယ်လို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD)ပါတီက ဇူလိုင် ၂၅ ဒီကနေ့ ရက်စွဲနဲ့ ထုတ်ပြန်ပါတယ်။
နိုင်ငံရေးအကျဉ်းသားဟောင်းတယောက်လည်းဖြစ်၊ ဆရာဝန်တယောက်လည်းဖြစ်တဲ့ ဒေါက်တာ မေဝင်းမြင့်ဟာ ရှစ်လေးလုံးအရေးအခင်း ကာလမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ကို ဝင်ရောက်ခဲ့ပြီး မရမ်းကုန်း မဲဆန္ဒနယ်အမှတ် (၂) ကနေ ဝင်ပြိုင်ရာက ၁၉၉၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲမှာ ပြည်သူ့လွှတ်တော်အမတ်အဖြစ် အနိုင်ရရှိခဲ့သူ ဖြစ်ပါတယ်။
အဲဒီနောက် မရမ်းကုန်းမြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အတွင်းရေးမှူးအဖြစ် တာဝန်ထမ်းဆောင်ခဲ့ပြီး နဝတ စစ်အစိုးရက ဖမ်းဆီးခဲ့လို့ ထောင် ၇ နှစ် ချမှတ်ခံခဲ့ရပါတယ်။
ထောင်ကလွတ်လာခဲ့ပြီးတဲ့နောက် ၂၀၁၂ ခုနှစ် ကြားဖြတ်ရွေးကောက်ပွဲမှာ မရမ်းကုန်းမဲဆန္ဒနယ်ကပဲ ဝင်ရောက်ယှဉ်ပြိုင် အနိုင်ရခဲ့ပြီး ၂၀၁၅ ခုနှစ်နဲ့ ၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲတွေမှာလည်း အနိုင်ရခဲ့သူ ဖြစ်ပါတယ်။
ပြီးခဲ့တဲ့ ဖေဖော်ဝါရီလတုန်းကတော့ ရန်ကုန်တိုင်း မရမ်းကုန်းမြို့နယ်၊ ဦးလွန်းမောင်လမ်းထဲက ဒေါက်တာမေဝင်းမြင့်ရဲ့ နေအိမ်ကို အကြမ်းဖက်စစ်အုပ်စုက ချိပ်ပိတ်သွားခဲ့ပါတယ်။
စစ်ကောင်စီဟာ အာဏာသိမ်းပြီးချိန်ကတည်းက အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီဝင်ပေါင်း ရာနဲ့ချီရဲ့ နေအိမ်တွေကို ချိပ်ပိတ်တာ၊ နေအိမ်အတွင်း ပစ္စည်းတွေကို ဖျက်ဆီးယူဆောင်တာတွေအပါအဝင် မတရားပုဒ်မတပ် ဖမ်ဆီးထောင်ချတာ၊ ပစ်ခတ်သတ်ဖြတ်တာတွေအပါအဝင် ရာဇဝတ်ပြစ်မှုတွေအမျိုးမျိုးကို ကျူးလွန်ခဲ့တာဖြစ်ပါတယ်။